Saturday, August 11, 2012

 သောင်ရင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြ၀တီမြို့ရှိ အနိမ့်ပိုင်းနေအိမ်များ ရေနစ်မြုပ်



မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်လာကာ မြ၀တီမြို့  လူနေရပ်ကွက်(၄)ခုမှ အနိမ့်ပိုင်းနေအိမ်များ ရေနစ်မြုပ်လျက်ရှိပြီး သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရေဘေးမှ လွတ်ကင်းရာသို့ ရွှေ့ ပြောင်းနေရကြောင်း သိရသည်။

''မြစ်ရေ ညကတည်းက တရှိန်ထိုး တက်လာတာပါ။ မနက် ပိုတက်လာကာ နေအိမ်အောက်ခန်းတွေ မြုပ်လာတယ်။ ဒါပေမယ့် နေ့ဘက်ဖြစ်လို့  မနှစ်ကလောက်တော့ စိတ်မပူရဘူး''ဟု အမှတ်(၃)ရပ်ကွက် ကမ်းနားပိုင်းနေသူတစ်ဦးက ပြောသည်။   
မြစ်ရေတက်မှု ဖြစ်စဉ်အတွက် သက်ဆိုင်ရာမှ ကြိုတင်သတိပေးဆော်သြခဲ့ရာ ယခုအခါ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နေရာချပေးထားကြောင်း၊ မြ၀တီခရိုင်မှ တာဝန်ရှိသူများက ရေဘေးသင့် မိသားစုဝင်များအား ဆန်နှင့်ခေါက်ဆွဲခြောက်များ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။              
မြ၀တီမြို့ အနိမ့်ပိုင်းလမ်းများရေနစ်မြုတ်နေခြင်းကြောင့် ဘုရင့်နောင်လမ်းမကြီး(ခ) အာရှလမ်းမကြီးတလျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေပြီး ယာဉ်သွားလာမှု ခက်ခဲလျက်ရှိကြောင်းလည်းသိရသည်။       
''မိုးရွာပြီး မြစ်ရေအကျကြမ်းလာပြီဆိုရင် သတိထားရမယ့် အနေအထားပါ။ ပေ ၆၀၀၀ ကျော်မြင့်တဲ့ မုလအိတောင်နဲ့ မဲဆောက်အနီး တောင်တန်းတွေကနေ ၀ါးလုံးထိုး စီးဆင်းလာတာပါ။ တော်တော်နဲ့တော့ ပြန်ကျမှာမဟုတ်ဘူး''ဟု ကြံခင်းထမ်းမှ မြ၀တီမြို့ ဒေသခံတစ်ဦးက ပြောသည်။ မြ၀တီမြို့ရှိ အမှတ်တစ်ရပ်ကွက်၊ အမှတ်နှစ်ရပ်ကွက်၊ အမှတ်သုံးရပ်ကွက်၊ အမှတ်ငါးရပ်ကွက်မှ ရေနစ်မြုတ်ခံရသော နေအိမ်မိသားစုဝင်များအား ဒေသတာဝန်ရှိသူများမှ ကယ်ဆယ်ရေးစခန်များ ဖွင့်လှစ်နေရာချထားပြီး နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသလို ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် ကုန်သယ်ကြီးများအသင်းမှလည်း ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။