Saturday, August 11, 2012

မိုးထိမိုးမိ ရွှေလုပ်သားများ လျော်ကြေး အပြည့်မရကြသေး

စံခလပူရီ (မဇ္ဈိမ) ။      ။ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတောမှ အမျိုးသား ကြီးပွားတိုးတက်ရေး အုပ်စုကုမ္ပဏီနှင့် ရွှေတွင်းလုပ်သားများ နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုထားသည့်အတိုင်း လုပ်သားများအား ကုမ္ပဏီဘက်မှ နစ်နာကြေးနှင့် လျော်ကြေးများကို အလုံးစုံ ပေးလျော်ခြင်း မရှိသေးကြောင်း အလုပ်သမား ကိုယ်စားလှယ်က ပြောသည်။

ရွှေလုပ်သားများ နေပြည်တော်ထိ ဆန္ဒပြရန် ချီတက်စဉ် ခရီးတထောက်အရောက် ဇွန်လ ၁၄ ရက်နေ့ နှစ်ဦးနှစ်ဖက် သဘောတူချက်တွင် “အင်း၊ အက်တာများ နစ်နာကြေး တောင်းခံထားသူများကို နစ်နာကြေးပေးရန်နှင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည့် အချိန်ကာလအတွက် အသေးစား ရွှေလုပ်ငန်းရှင်များနှင့် မှီခိုလုပ်သားများအား နစ်နာကြေး
ပေးရန်” စသည်တို့ ပါရှိသည်။

အဆိုပါ သဘောတူချက်အရ မေလဆန်းမှ ဇွန်လလယ်ထိ လုပ်ငန်း ရပ်ဆိုင်းထားရသည့် ရက်ပေါင်း ၄ဝ အတွက် နစ်နာကြေး တရက် ၃ဝ,ဝဝဝ ကျပ်နှုန်း ပေးလျော်ရန်နှင့် ဆက်လက် မလုပ်လိုသည့် အင်း/အက်တာများအတွက် တန်ဖိုး စိစစ်ပြီး လျော်ကြေးငွေ ပေးရန် ပါရှိရာ အချို့အဝက်သာ လျော်ကြေးနှင့် နစ်နာကြေး ရရှိခဲ့ကြောင်း ရွှေလုပ်သား ကိုယ်စားလှယ် ကိုရဲနိုင်ထွန်း က ပြောသည်။

“နောက်တင်တဲ့ လူတွေကို သူတို့ တပြားတချပ်မှ မပေးတော့ဘူး။ သူတို့ဆီကို နစ်နာကြေး လျော်ကြေး သွားတောင်း
တော့ မင်းတို့ တိုင်ချင်တဲ့ဆီ တိုင်၊ သွားချင်တဲ့ဆီ သွား၊ ငါတို့တော့ မလျော်ဘူးလို့ ပြောတယ်ခင်ဗျ” ဟု မဇ္ဈိမကို ပြော သည်။ သူ၏ အဆိုအရ နစ်နာကြေးနှင့် လျော်ကြေး ရပြီးသူ ၁ဝ ဦးကျော်သာ ရှိပြီ၊ ၂၅ ဦးခန့်မှာ မရရှိသေးကြောင်း သိရသည်။

“လက်မှတ်ထိုး စာချုပ်ချုပ်တုန်းက ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ကိုယ်တိုင် ပြောထားတဲ့ စကား ရှိပါတယ်ခင်ဗျ။ ဘယ်ကုမ္ပဏီ ဘယ်သူပဲ မလျော် လျော်လျော် သူကိုယ်တိုင် တာဝန်ခံပြီး လျော်ပေးပါ့မယ်လို့ ကျနော့်ရှေ့မှာ ပြောသွား တာ” ဟု ကိုရဲနိုင်ထွန်းက ပြောသည်။

ဤကိစ္စနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် မဇ္ဈိမက ကုမ္ပဏီသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

နစ်နာကြေး မရသည့် အသေးစား ရွှေလုပ်ငန်းရှင်များက သမ္မတထံသို့လည်း အသနားခံစာ ပေးပို့ထားပြီး ရှေ့နေများနှင့် တိုင်ပင်ကာ ကုမ္ပဏီအား တရားစွဲဆိုရန် စီစဉ်နေကြောင်း သိရသည်။

မိုးထိမိုးမိဒေသတွင် အသေးစား ရွှေထုတ်လုပ်ခြင်းကို အသေးစား လုပ်ငန်းရှင်များက ၂ဝဝ၄ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပြီး အထက်ပါကုမ္ပဏီ အုပ်စုက တရားဝင် လုပ်ကိုင်ခွင့် ရရှိခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ စက်တင်္ဘာလ နောက်ပိုင်းတွင် အကျိုးတူ ပူးပေါင်း လုပ်ကိုင်လာခဲ့ကြကာ မေလဆန်းတွင် အသေးစား တူးဖော်ခွင့်ကို ပိတ်လိုက်ခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။