Saturday, August 4, 2012

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်ပို့ခြင်းအား ပိတ်ပင်ထားသည့် ဥပဒေကို အမေရိကန်ကွန်ဂရက်မှ ထပ်မံသက်တမ်းတိုး


အမေရိကန်ကွန်ဂရက်မှ မြန်မာနိုင်ငံအပေါ် သွင်းကုန်တင်ပို့ခွင့် တားမြစ်ပိတ်ပင်မှုဆိုင်ရာ ဥပဒေ(တစ်နည်း မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်ပို့လာခြင်း) ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးလိုက်ကြောင်း သြဂုတ်လ ၂ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါသည်။


မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများ အရှိန်ရလာပြီဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် ပြောင်းလဲမှုလမ်းစဉ်အတွက် ထပ်မံဖိအားပေးသည့်အနေဖြင့် ဥပဒေပြုလွှတ်တော်မှ ယင်းကဲ့သို့ စီးပွားရေး ပိတ်ပင်မှုဆိုင်ရာ ဥပဒေတစ်ရပ်ကို ဖြေလျော့ပေးခြင်းမရှိဘဲ ထပ်မံ သက်တမ်းတိုးလိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။


ယင်းကဲ့သို့ သွင်းကုန်တင်ပို့ခွင့် ပိတ်ပင်တားမြစ်မှုဆိုင်ရာ ဥပဒေကို အတည်ပြုပြီးနောက် အမေရိကန်သမ္မတ အိုဘားမား၏ ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဂျိုးလ်ခရော်လေက ''အခုလို ဥပဒေကြမ်းကို သက်တမ်းတိုးခြင်းဟာ သင့်လျော်တဲ့ ရလဒ်တွေကို ရယူနိုင်ဖို့ပါ။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အရှိန်အဟုန်မြှင့်ပြီး ပံ့ပိုးကူညီသွားစေနိုင်မှာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အပြစ်မရှိတဲ့သူတွေကို  အမြန်ဆုံး လွှတ်ပေးစေဖို့ပါ''ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းစေရန် လိုအပ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ 
အမေရိကန်သမ္မတ အိုဘားမားအနေဖြင့် မြန်မာပြည်၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအပေါ် အားပေးထောက်ခံသည့်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူပိတ်ဆို့မှုအချို့ကို  ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က ပယ်ဖျက်ပေးခဲ့သည်။ ထိုကဲ့သို့ စီးပွား ရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုအချို့ကို သမ္မတအိုဘားမားမှ ဖယ်ရှားပေးခဲ့ပြီး နောက်တွင် အမေရိကန် ကုမ္ပဏီကြီးများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်  စိတ်ဝင်တစား ချည်းကပ်ခဲ့ကြသည့်အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင်လည်း မြန်မာကုမ္ပဏီများနှင့် အကျိုးတူဖက်စပ် ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အမေရိကန်ဘက်မှ အထောက်အပံ့ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

ရစ်ပါဘလီကန်ပါတီ၏ အထက်လွှတ်တော်အမတ်ဖြစ်သူ မစ်ခ်ျမက်ကွန်နယ်လ်ကလည်း ယင်းသို့ သွင်းကုန်တင်ပို့မှုဆိုင်ရာ တားမြစ်ပိတ်ပင်ခြင်း ဥပဒေသက်တမ်းတိုးလိုက်မှုအပေါ် ထောက်ခံကြောင်းနှင့် ထိုသို့လုပ်ဆောင်မှုမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အပေါ်များစွာ အကျိုးရှိစေမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရအနေဖြင့်လည်း အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများကို အလုံးစုံ ဖြေလျော့စေနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက်လည်း  တွန်းအားတစ်ရပ် ဖြစ်စေနိုင်လိမ့်မည်ဟု ၎င်းက ဆက်လက်သုံးသပ်ခဲ့သည်။ မက်ကွန်နယ်လ်အနေဖြင့် မြန်မာနိုင်ငံသို့ လာမည့်ရက်သတပတ်အတွင်း အလည်အပတ်ခရီး လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ 
မစ်ခ်ျမက်ကွန်နယ်လ်မှာ ပြီးခဲ့သည့်လက အမေရိကန်ကုမ္ပဏီကြီးများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်ရရှိစေရန် သမ္မတအိုဘားမား၏ အရေးယူပိတ်ဆို့မှုဆိုင်ရာ အချက်အချို့ကို လျော့ပေါ့ပေးခဲ့ခြင်းကိုလည်း အားပေးထောက်ခံခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။