Saturday, August 4, 2012

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ပြောကြားခဲ့သော သမ္မတကြီးအား ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့



ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သော သမ္မတကြီးအား ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆန္ဒဖော်ထုတ်ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုကို မွန်းလွဲ ၁ နာရီအချိန်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် ကြွေးကြော်သံနှင့် နိုင်ငံတော်သီချင်းကိုလည်း သီဆိုသွားခဲ့သည်ကို တွေ့ရသည်။


'ရိုဟင်ဂျာအရေး ပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသား မဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုး မဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများ (ချက်ချင်းရပ်)။ ရိုဟင်ဂျာကို တိုင်းရင်းသားဟု ပြောသူများ (အလိုမရှိ)'' ဟူ၍ ကြွေးကြော်ခဲ့ကြ ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်ခဲ့သူ ကိုအောင်နိုင်ထွန်းက ''ဒီလို ဆန္ဒထုတ်ဖော်ရခြင်းအကြောင်းက UNHCR မဟာမင်းကြီးပြောကြား ခဲ့တဲ့ ရိုဟင်ဂျာများနဲ့ အတူယှဉ်တွဲနေထိုင်ရမယ်ဆိုတဲ့အကြောင်း ကန့်ကွက် ရှုတ်ချပါတယ်။ ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုး၊ တိုင်းရင်းသား မဟုတ်ပါဘူး။ ရိုဟင်ဂျာတွေကို မြန်မာလူမျိုး၊ တိုင်းရင်းသားလို့ ဖိအားပေးပြောကြားနေ တဲ့ ပြည်ပမီဒီယာတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေကိုလည်း ဆန့်ကျင် ရှုတ်ချပါတယ်။ မြန်မာအစိုးရ၊ မြန်မာတပ်မတော်၊ မြန်မာပြည်သူ၊ မြန်မာတိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေအားလုံး ရိုဟင်ဂျာအရေးကို အမျိုးသားရေးစိတ်ဓာတ်နဲ့ ညီညီညွတ်ညွတ် လုပ်ဆောင်ဖို့အတွက် တိုက်တွန်းချင်တဲ့အတွက် လုပ်ခဲ့တာပါ''ဟု ပြောကြားခဲ့သည်။
''ဒီလိုလုပ်တဲ့နေရာမှာလည်း ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အဖွဲ့အ စည်းကိုမှ ကိုယ်စားပြုပြီးလုပ်တာ မဟုတ်ပါဘူး။ ပြည်သူကိုပဲ ကိုယ်စားပြုပြီးလုပ်တာပါ။ ဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်ပြီးတော့လည်း အထက်ကို စာတင်ပါတယ်။ စမ်းချောင်းမြို့နယ်ကိုပါ။ မြို့နယ်က ပယ်ချတယ်။ ကျွန်တော်တို့က အယူခံဝင်တယ်။ တိုင်းကလည်း ပယ်ချတယ်။ စာတင်တဲ့နေ့ကတော့ ၁ရက်နေ့ကပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မွန်းလွဲ ၁ နာရီခန့်က စတင်ခဲ့သော ယင်းသို့ ဆန္ဒထုတ်ဖော်မှုသည် တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဆန္ဒထုတ်ဖော်မှုကို စမ်းချောင်းမြို့နယ် စခန်းမှူးနှင့်အဖွဲ့မှ လာရောက်၍ ဆန္ဒဖော်ထုတ်သူများနှင့် လာရောက် ညှိနှိုင်းပေးခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ စမ်းချောင်းမြို့နယ် စခန်းမှူးမြအောင်က ''အခု ဒီဆန္ဒထုတ်ဖော်မှုဟာ ဥပဒေနဲ့မညီညွတ်ပါဘူး။ ဆန္ဒဖော်ထုတ်ဖို့အတွက် စာတင်မယ်ဆိုရင် ပုံမှန်ကငါးရက် စောင့်ရပါတယ်။ သူတို့စာတင်ထားတာ ၄ရက်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ပြန်စိစစ်ပြီးမှ ဆက်ပြီးလုပ်ဖို့ကို ပြောချင်ပါတယ်။ အခုလာတာကလည်း ပိတ်ပင်ဖို့မဟုတ်ပါဘူး။ လူစုလူဝေး ဖြစ်သွားမှာစိုးလို့ လာရောက်ရတာပါ။ ဘာလို့လဲဆိုတော့ ဒီနေရာက လူသွားလူလာများတဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့်ပါ''ဟု ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လည်း ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သော သမ္မတကြီးအား ထောက်ခံသည့်အနေဖြင့် နိုင်ငံတော် အလံကို ကိုးရက်တိုင် လွှင့်ထူခဲ့ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။