Sunday, July 22, 2012

ညီနောင်ပါတီ ခြောက်ပါတီနှင့် ပူးပေါင်းရန် တိုင်းရင်းသားပါတီ လေးပါတီ ကမ်းလှမ်း

တိုင်းရင်းသား ညီနောင်ပါတီ ခြောက်ပါတီသို့ အဖွဲ့ဝင်အဖြစ် ပါဝင်ရန် တိုင်းရင်းသားပါတီ လေးပါတီမှ ကမ်းလှမ်းထားကြောင်း သိရသည်။ အဆိုပါ တိုင်းရင်းသားပါတီ လေးပါတီမှာ တိုင်းလိုင်(ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ)၊ ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ အင်းအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အရှိုချင်းအမျိုးသားများပါတီတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကော်မတီ၏ သဘောထား၊ မူဝါဒများကို သိရှိရန်အတွက် တိုင်းလိုင်(ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ)မှ ညီနောင်ခြောက်ပါတီ အစည်းအဝေးများတွင် လေ့လာသူအဖြစ် တက်ရောက်လျက်ရှိကြောင်း သိရသည်။

''ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီနဲ့ အင်းအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတွေက ဇူလိုင်လ ၁၄ ရက်နေ့မှာ စာပို့ပြီး ကမ်းလှမ်းထားတယ်။ အရှိုချင်း အမျိုးသားများပါတီကတော့ နှုတ်နဲ့ပဲ ကမ်းလှမ်းထားပါသေးတယ်''ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဗဟိုကော်မတီဝင် ဦးစောသန်းမြင့်က ပြောပါသည်။

တိုင်းရင်းသားညီနောင် ခြောက်ပါတီမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီတို့ ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။