Sunday, July 22, 2012

ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်နေရာသရုပ်ဆောင်များကို ဒေါ်စုကိုယ်တိုင်တွေ့ဆုံ

ဗိုလ်ချုပ်ဇာတ်ကား၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်အဖြစ်သရုပ်ဆောင်ရန်နေရာအတွက် နောက်ဆုံးဆန်ကာတင် များကိုသမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တွေ့ဆုံမေးမြန်းကာ ဇူလိုင်လ(၂၀)ရက်နေ့တွင် ရွေးချယ်လိုက်ပြီဖြစ်သည်။
 

ဗိုလ်ချုပ်သရုပ်ဆောင်နှင့်ဒေါ်ခင်ကြည်အဖြစ်သရုပ်ဆောင်ရန်နောက်ဆုံးဆန်ကာတင်အဖြစ် သရုပ်ဆောင် နှစ်ဦးအား ဇူလိုင်လမကုန်ခင်နိုင်ငံပိုင်သတင်းစာများတွင် ကြေငြာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဇာတ်ကားအား ရိုက်ကူးရန်  ဥရောပ၊ ဟောလိဝုဒ်ဒါရိုက်တာများနှင့်မြန်မာဒါရိုက်တာများအားလျာထားသော်လည်း ဦးသူရ(ခ) ဦးဇာဂနာကမြန်မာဒါရိုက်တာများကိုသာရိုက်ကူးစေချင်ကြောင်း ဆိုသည်။

“အခု ဆန်ကာတင် ရွေးတဲ့အထဲက ကျွန်တော်တို့ အားလုံးသဘောတူထားတာကတော့ (၂)ယောက်ရွေးမယ်လို့ စဉ်စားထားပါတယ်။ ဖျားတာနာတာ တခုခု ဖြစ်မှာစိုးလို့ပါ။ ဒါကိုဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သဘောတူပါတယ်။” ဟု ဦးဇာဂနာက ပြောသည်။

နောက်ဆုံးဆန်ကာတင် ရွေးချယ်ခံထားရသူများအားစခန်းသွင်းလေ့ကျင်ပေးမည်ဖြစ်ပြီး အဆိုပါ ဇာတ်ကားအား ၂၀၁၃ ခုနှစ်နှစ်ဆန်းပိုင်းတွင် စတင်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
 
“ကျုပ်ကိုယ်တိုင်က ဗိုလ်ချုပ်ကိုခရေဇီဖြစ်တဲ့အတွက်ဝင်ပြိုင်တာပါ။ဗိုလ်ချုပ်အဖြစ်သရုပ်မဆောင်ရလဲဘာမှမဖြစ်ပါဘူး။ ဘယ်နေရာ မှာပဲနေမှာပဲဖြစ်ဖြစ်ပါ။ ဂဠုန်ဦးစောနေရာကိုတော့ ဘယ်လောက်ပဲပေးပေး ကျွန်တော်သရုပ်မဆောင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ဆိုရင်တော့ ပိုက်ဆံတစ်ပြားမှမရလည်းအငတ်ခံပြီး လုပ်ပါ့မယ်။”ဟုဗိုလ်ချုပ်အဖြစ်ဆန်ကာတင်ရွေးချယ်ခံရသူများထဲမှဘီးလင်းမြို့မှ ၀င်ရောက်ယှဉ်ပြိုင်သူ တစ်ဦးက ဆိုသည်။
 
ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် လာရောက်လျှောက်ထားသူ ပထမအကြိမ်တွင် (၈၆)ဦး၊ဒုတိယအကြိမ်တွင် (၈၈)ဦးမှ (၇)ဦးရွေးချယ်ခဲ့ပြီးဒေါ်ခင်ကြည်နေရာသရုပ်ဆောင်ရန် (၄၆) ဦးထဲမှ (၄)ဦး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
“တိုင်းပြည်တစ်ပြည်လုံးအတွက် အသက်စွန့်သွားတဲ့ ဗိုလ်ချုပ်နဲ့သူရဲ့မိသားစုအကြောင်းကို ရိုက်တဲ့ နေရာမှာ ပါဝင်ချင်တဲ့အတွက် ၀င်ရောက်ရွေးချယ်ခံတာပါ။ ဒေါ်ခင်ကြည်နေရာမှ မဟုတ်ပါဘူး။ ဘယ် နေရာပဲဖြစ်ဖြစ်သရုပ်ဆောင်မှာပါ။” ဟု မနှင်းနှင်းထက်ထက်ဝေက ပြောသည်။
 
အဆိုပါဇာတ်ကားထုတ်လုပ်သူမှာ ဒေါက်တာအောင်ဆန်းစုကြည်ဖြစ်ပြီးဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကစီစဉ်သည်။
 
“ဒေါ်စုအနေနဲ့ အနုပညာကို ၀င်ရောက် မစွတ်ဖတ်ပါဘူး။ အမှတ်ပေးခြင်းလည်းမရှိပါဘူး။ သူအဖေနဲ့ အမေဖြစ်နေတဲ့အတွက် ဗိုလ်ချုပ်က ဘယ်လို ဒေါ်ခင်ကြည်ကဘယ်လိုပဲပြောပြတာပါ။ ၀င်ရောက် အမှတ် ပေးခြင်းလည်း မရှိပါဘူး။” ဟု အကယ်ဒမီကိုလူမင်းက ပြောသည်။
 
၎င်းဇာတ်ကား၏ ဇာတ်ညွှန်းအား ဆရာချစ်ဦးညိုနှင့် ဆရာကြည်စိုးထွန်းကဦးဆောင်ရေးသား၍  ဗိုလ်ချုပ် ၏ ငယ်ဘ၀၊ တက္ကသိုလ်ကျောင်းသား ဘ၀၊ စစ်သား ဘ၀၊နိုင်ရေးသမားဘ၀နှင့် လုပ်ကြံခံရသည့်အထိ ပါဝင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က သိရသည်။
 
“ဇာတ်ညွှန်းမူကြမ်းကို သြဂုတ် (၁၈) ရက်နေ့ မှာ ပြီးဆုံးမှာပါ။ အင်္ဂလိပ်လိုပြောင်းပြီး ဟောလိဝုဒ်မှာရှိတဲ့ ဇာတ်ညွှန်း ကျွမ်းကျင်သူတွေဆီ ပို့ပြီးနိုင်ငံတကာအဆင့်မီဖြစ်အောင် တဖြည်းဖြည်းဆောင်ရွက် သွားဖို့ ရှိပါတယ်။” ဟုဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က ကိုဇော်သက်ထွေးက ဆက်ပြောသည်။
 
အဆိုပါ ရုပ်ရှင်သရုပ်ဆောင်များအတွက် အနုပညာကြေး မသတ်မှတ်ရသေးသော်လည်း ထိုက်ထိုက်တန်တန်ပေးမည်ဖြစ်ကြောင်း အကယ်ဒမီ ဦးလူမင်းက ပြောသည်။
 
အရန်သရုပ်ဆောင်များကို ယခုလက်ရှိ သရုပ်ဆောင်များထဲက အလျဉ်းသင့်သူများအားသုံးစွဲသွားမည် ဖြစ်သလို ထုတ်လုပ်မှု နည်းပညာအပိုင်းတွင်လည်းနိုင်ငံခြားမှ အကူညီယူသွားမည်ဖြစ်သည်။
 
အဆိုပါဇာတ်ကားတွင် ဗိုလ်ချုပ်သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံ၊အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊  ဟိုင်နန်ကျွန်းနှင့်အင်္ဂလန်နိုင်ငံစသည့်နိုင်ငံများသို့လည်း သွားရောက်ရိုက်ကူးမည်ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။