Sunday, July 22, 2012

ရန်ကုန် လေဆိပ်အနီး ကျူးကျော်အိမ် ၁၀၀ ကျော် ဖယ်ရှား

ရန်ကုန် (မဇ္ဈိမ)။  ။ ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်း အနောက်ဖက် မရမ်းကုန်းမြို့နယ် အတွင်းရှိ
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်တဲအိမ် ၁၀၀ ကျော်အား အာဏာပိုင်
များက ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖြိုဖျက်လိုက်သည်။
ဖျက်သိမ်းခါနီးတွေ့ရသော ကျူးကျော်တဲများ။ ဓါတ်ပုံ - မဇ္ဈိမ
လေကြောင်းဦးစီး၏ ရေဒီယိုအင်ဂျင်နီယာရုံးနှင့် ၀န်ထမ်းအိမ်ယာများ အနီးရှိ မြေပေါ်တွင် ဆောက်လုပ်ထား
သော ရန်ကြီးအောင် အမည်ရှိရပ်ကွက်ထဲမှ ကျူးကျော်အိမ် ၁၀၃ အိမ်ကို မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်
အုပ်ချုပ်ရေးရုံးဝန်ထမ်းများက နံနက် ၆ နာရီခွဲခန့်က စတင်ကာ တူများ၊ သံတူရွင်းများဖြင့် တနေကုန် ဖြိုဖျက်
မှု ပြုကြသည်။

မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက “အိမ်တွေကို ဖျက်ပေးဖို့ သတိပေးနှိုးဆော်ထားတာ စုစုပေါင်း ရှစ်ကြိမ်ရှိပြီ။ အစတုန်းက ကလေးတွေ စာမေးပွဲရှိလို့၊ ဆယ်တန်းဖြေဖို့ နှစ်ယောက်ရှိလို့ဆိုပြီး
ပြောလို့ ကျနော်က အထက်ကို ပြန်တင်ပြထားပါတယ်။ ဖျက်ပေးဖို့သူတို့ကို အကြိမ်ကြိမ်ပြောပါတယ်” ဟု ဆိုသည်။

“အဖျက်ခံရတဲ့ အိမ်ထောင်စုတွေကို ပြန်နေရာချထားဖို့ အစီအစဉ်မရှိပါဘူး” ဟု သူက ပြောသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနပိုင်မြေအတွင်း ကျူးကျော်နေထိုင်ကြသော နေအိမ်တဲများကို ဇူလိုင် ၂၀ ရက်နေ့တွင် ဖျက်သိမ်းမှုပြုနေစဉ်။ ဓါတ်ပုံ - မဇ္ဈိမခြောက်နှစ်ခန့်ကြာ နေထိုင်သူများ၊  ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်သင့်မှုကြောင့်
ပြောင်းရွှေ့လာသူများ၊ လွန်ခဲ့သည့် သုံးလကမှ လာရောက်နေသူများပါဝင်သည့် လက်လုပ်
လက်စား မိသားစုများအနက် အိုးအိမ်မဲ့
ဖြစ်သွားရသူများ ရှိသည်။

“ဘယ်မှ သွားဖို့ မရှိဘူး။ ပစ္စည်းတွေချပြီး ဒီနားမှာပဲ ထိုင်နေဖို့ပဲရှိတယ်။ ကလေးတွေကလည်း ကျောင်းတဖက်
တွေနဲ့ အိမ်ငှားတော့လည်း သူများတွေလို အိမ်ငှားခ မတတ်နိုင်ဘူး။ စပေါ်ငွေက နှစ်သိန်း၊ သုံးသိန်း တောင်းတဲ့ အိမ်ရှင်တွေလည်း ရှိတယ်။ လခက
လည်း နှစ်သောင်း၊ သုံးသောင်း ထပ်ပေးရမှာဆိုတော့ မတတ်နိုင်ဘူး” ဟု အဖျက်ခံရသော အိမ်ဘေးတွင်
ထိုင်လျက် ကိုသိုက်စောလင်း က ပြောသည်။

ကျူးကျော်နေအိမ် တဖက်ခြမ်းတွင်ရှိသော တပ်မြေ (ခေါ်) မြန်မာ့လေကြောင်း ဦးစီးဌာနပိုင် ကွင်းထဲတွင် ဘူဒိုဇာ ကားငါးစီး ဇူလိုင် ၁၉ ရက်နေ့ ညနေမှ စတင် လာရပ်ထားသည်ဟု ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။

ရပ်ကွက်အတွင်းရှိ နေအိမ်အားလုံးကို ဇွန်လ ၂ ရက်နေ့ အပြီး ပြောင်းရွှေ့ပေးရန်နှင့် မပြောင်းရွှေ့ပေးပါက တရားဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သတိပေးစာရောက်အပြီးတွင် နောက်ထပ် ငါးလ ဆက်နေခွင့်
ပေးပါရန် အသနားခံစာကို နေပြည်တော်သို့ တင်ထားစဉ် ဖျက်သိမ်းမှုပြုလုပ်ခြင်းဖြစ်ကြောင်း အဖျက်ခံရသော
နေအိမ် တအိမ်မှ ဒေါ်ဝါက မဇ္ဈိမကို ပြောသည်

“တချို့ကတော့ အထုပ်ဆွဲပြီး ပြေးတယ်။ ကြောက်ပြီးထွက်ပြေးတာ သုံးအိမ်ရှိတယ်” ဟု ပြောသည်။

လူဦးရေ ခြောက် သန်းခန့်ရှိ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လူဦးရေ ထူထပ်သော ဆင်ခြေဖုန်း
တခုတွင်လည်း ကျူးကျော်အိမ် ဖယ်ရှားမှုများ ရှိနေသည်။

လွန်ခဲ့သည့်လက လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် အတွင်း ကျူးကျော်အိမ် ၁၄၉ လုံးအား မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ဖယ်ရှားခိုင်းခဲ့သည်။

ဆက်လက်နေထိုင်သူ အိမ်ထောင်စုများအားလည်း ပုဒ်မ (၄၄၇) ဖြင့် တရားစွဲဆိုထားပြီး နှစ်ဖက် အမှုရင်ဆိုင်
ရလျက် ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။