Sunday, July 22, 2012

 ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ လွှတ်တော်ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ချက်ကြောင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဥပဒေဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေကြောင်း လွှတ်တော် အစီရင်ခံစာတွင် ဖော်ပြ

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ လွှတ်တော်များမှ ဖွဲ့စည်းသော ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ချက်ကြောင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဥပဒေဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေကြောင်း ပထမအ ကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

အစီရင်ခံစာတွင် ''ပြည်သူ့လွှတ်တော် ဥပဒေကြမ်းရေးဆွဲရာတွင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့်ဖြစ်သည်ဟု ထည့်သွင်းရေးဆွဲထားပါသည်။ ယခုအခါ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်များမှ ဖွဲ့စည်း သောကော်မတီ၊ ကော်မရှင်များကို ပြည်ထောင်စုအဆင့်ဟု သတ်မှတ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိဟု ဆုံးဖြတ်ထားပါသည်။ ထို့သို့ ဆုံးဖြတ်ချက်ကြောင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ကိစ္စတွင် ဥပဒေ အကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ အကျပ်အတည်းကို ကျော်လွှားရန် မည်သို့ ဆောင်ရွက်သင့်သည် ကို လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အတွင်း ဆွေးနွေးအဖြေရှာသင့်ပါသည်''ဟု ဖော်ပြထားသည်။ 

အဲလိုဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြည့်စွက်၊ ပြင်ဆင်လိုခြင်း မရှိရင် နောက်တစ်နည်းလုပ်နိုင်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံးကို စွပ်စွဲပြစ်တင်ပြီး ရာထူးတာဝန်များမှ ရပ်စဲစေခြင်းနည်းပဲဖြစ်ပါတယ် . . .
ထို့ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရာတွင် ''ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဒီလိုဆုံးဖြတ်ခဲ့တာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၄ အရ ဒီဆုံးဖြတ်ချက်ဟာ အပြီးအပြတ် အတည်ဖြစ်လျက်ရှိပါတယ်။ လွှတ်တော် အခွင့်အရေးကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း ယခုအခါမှာ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းများကို အတည်ပြုရေးဟာ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေရုံသာမက လက်တွေ့လုပ်ငန်း တာဝန်တွေ ဆောင်ရွက်ရာမှာလည်း ပြည်ထောင်စုအစိုးရရဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို လွှတ်တော်ကော်မတီ၊ ကော်မရှင်များက တည်ဆဲဥပဒေများနဲ့အညီ တာဝန်များကို ထမ်းဆောင်ခြင်း ရှိ၊ မရှိ အပြန်အလှန် ထိန်းကျောင်းစစ်ဆေးဖို့ များစွာ အခက်အခဲတွေ ဖြစ်လာနေပါတယ်။ ဒါကြောင့် ဒီအခက်အခဲကို မုချကျော်လွှားရမှာဖြစ်ပြီး ကျော်လွှားနိုင်မယ့် နည်းလမ်းနှစ်ခု ရှိပါတယ်။ တစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ သင့်တော်တဲ့နေရာမှာ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့က ဖွဲ့စည်းပေးလိုက်သော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်ကြသည်လို့ ဖြည့်စွက်ဖို့ ဖြစ်ပါတယ်။ အဲလို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြည့်စွက်၊ ပြင်ဆင်လိုခြင်း မရှိရင် နောက်တစ်နည်း လုပ်နိုင်တာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံးကို စွပ်စွဲပြစ်တင်ပြီး ရာထူးတာဝန်များမှ ရပ်စဲစေခြင်းနည်းပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ် တင်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄(က) အပိုဒ်(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းဆိုတဲ့ အ ချက်နဲ့ စွပ်စွဲပြစ်တင်ခြင်း ပြုသင့်ပါတယ်။ လွှတ်တော်များမှ ဖွဲ့စည်းသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များကို ပြည်ထောင်စုအဆင့်ဟု သတ်မှတ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိလို့ ဆုံးဖြတ်ထားတာဟာ မမှားသင့်တဲ့ အမှား၊ မပြုသင့်တဲ့ အပြုအမူသာဖြစ်ပြီး အဲဒီအချက်နဲ့ စွပ်စွဲပြစ်တင်လို့ အထမြောက်အောင်မြင်ခဲ့မှသာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ တခြားသော အချက်များနဲ့ စွပ်စွဲပြစ်တင်လို့ ခုံရုံးတစ်ဖွဲ့လုံး နုတ်ထွက်သွားရရင်တောင် ၎င်းတို့ဆုံးဖြတ်ချက်ဟာ ပျက်ပြယ်သွားမှာမဟုတ်ဘဲ ဆက်လက် တည်မြဲနေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ စနစ်သစ်၊ ခေတ်သစ်ကိုသွားနေချိန်မှာ ထိခိုက်နာကျင်မှု အနည်းဆုံးနည်းလမ်းကိုပဲ ရွေးစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ဥက္ကဋ္ဌမှာ ဦးသိန်းစိုး ဖြစ်သည်။  
ပြည်သူ့လွှတ်တော် ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးသည်နှင့် တစ်ပြိုင်နက် ပြည်သူ့လွှတ်တော် နည်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။