Sunday, July 22, 2012

 ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှု နောက်ထပ်အမိန့် မထုတ်ပြန်သည်အထိ ဆက်လက်ထားရှိရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှု နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်သည်အထိ ဆက်လက်ထားရှိရန် ကြေညာခြင်းကို ပြည်ထောင်စုလွှတ်တော်မှ ဇူလိုင်လ ၁၆ ရက်နေ့တွင် အတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် အရေးပေါ်အခြေအနေ ကြေညာခြင်းကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးပါရန် တင်သွင်းလာရာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ခုနစ်ဦးက ဆွေးနွေးပြီး အတည်ပြု ပေးခဲ့သည်။
ရခိုင်ပြည်နယ်အရေး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးစဉ် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က လွှတ်တော်အတွင်း ဘာသာရေးဆွေးနွေးခွင့်ထက် နိုင်ငံရေးကိုသာ ဆွေးနွေးကြရန် သတိပေးခဲ့သည်။
အဆိုပါဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၂) အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးဘရှိန် (ကျောက်ဖြူ မဲဆန္ဒနယ်)၊ ဦးအောင်စိန် (မာန်အောင်မဲဆန္ဒနယ်)၊ ဦးသာစိန် (ကျောက်တော် မဲဆန္ဒနယ်)၊ ဦးရွှေမောင် (ဘူးသီးတောင် မဲဆန္ဒနယ်)၊ ဦးသိန်းညွန့်(သင်္ယန်းကျွန်း မဲဆန္ဒနယ်)၊ ဦးခိုင်မောင်ရည် (အလုံမဲဆန္ဒနယ်)၊ ဦးဌေးဝင်း(ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်-၇) တို့က ၀င်ရောက်ဆွေးနွေးခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။