
ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းလာရောက်သူများကို တွေ့ရစဉ်
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့်အမှုအား လာမည့်ဇူလိုင်လ ၁၂ ရက်နေ့သို့ ရုံးချိန်း ထပ်မံပေးထားပြီး ဇွန်လ ၂၈ ရက်နေ့(ယနေ့)ပြုလုပ်သည့် ရုံးချိန်းတွင် တရားလို သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုအား စစ်ဆေးလျှောက်ထားမှု ပြုလုပ်စေပြီး The Voice ဂျာနယ်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်က ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တရားရုံးတွင် ယနေ့ ကြားနာစစ်ဆေးခဲ့သည့် သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ် အမှုကို နံနက် ၁၀ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်တွင် ကြားနာစစ်ဆေးမှုပြီးဆုံးခဲ့ပြီး လာမည့် ဇူလိုင် ၁၂ ရက်နေ့ ကို ရုံးချိန်းထပ်မံပေးထားကြောင်း သိရှိရသည်။
ယခုအမှုကို ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုအမှတ် ၅၁/၂၀၁၂၊ ပုဒ် မ ၅၀၀ ဖြင့် သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အပေါ် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇွန်လ ၂၈ ရက်နေ့က ဒဂုံမြို့နယ်တရားရုံးတွင်ပြုလုပ်ခဲ့သည့် ကြားနာစစ်ဆေးမှုတွင် သတ္တုတွင်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက 'The Voice ဂျာနယ် အတွဲ ၈၊ အမှတ် ၁၃၊ မတ် ၁၂- ၁၈/၂၀၁၂ နေ့စွဲဖြင့် ထုတ်ဝေသော ဂျာနယ်၏ မျက်နှာဖုံးတွင် ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ'ဆိုသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့မှုမှာ သတ္တုတွင်း ၀န်ကြီးဌာနတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပြည်သူလူ ထု၏ ယုံကြည်အားထားမှုကို ယုတ်လျော့စေသည့်အတွက် The Voice ဂျာနယ် တာဝန်ရှိသူများအပေါ် ထိရောက်စွာ အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျောက်ထားခြင်းဖြစ်ကြောင်း တရားရုံးသို့ ထွက်ဆိုချက်ပေးခဲ့သည်။
ထို့ပြင် ဦးဇော်ကိုကိုက ယခုကိစ္စမှာ သတင်းမီဒီယာများကို နစ်နာစေလိုသောကြောင့် တရားစွဲရခြင်း မဟုတ်ဘဲ ယခုသတင်းကိုပဲ အခြားဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရသော်လည်း ဌာနမှ အဆိုပါဂျာနယ်ကို တရားစွဲမှု မပြုလုပ်ခဲ့ကြောင်း The Voice ဂျာနယ်တွင် ရေးသားဖော်ပြချက်ဖြစ်သော ငွေကြေး အလွဲသုံးစားပြုခြင်း၊ ငွေစာရင်း မမှန်မကန်ဖော်ပြခြင်းမျိုး ၎င်းတို့ဝန်ကြီးဌာနတွင် မရှိသောကြောင့် The Voice ဂျာနယ်ကိုသာ တရားစွဲရခြင်းဖြစ်ကြောင်းကိုလည်း တရားရုံးတွင် ထည့်သွင်း လျှောက်ထားခဲ့သည်။
The Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်က တရားလိုဖြစ်သူ သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုအား ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။ သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် တရားစွဲထားသည့်အမှုတွင် သတင်းရေးသားသူအမည်ကို အယ်ဒီတာချုပ်က ဖော်ထုတ်ပေးရန် တောင်းဆိုထားမှုကို ဒဂုံမြို့နယ်တရားရုံးမှ ပလပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့က ကြားနာစစ်ဆေးခဲ့သည့် ရုံးချိန်းမှ သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ မညီ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြနိုင်ရန် လက်ရှိစစ်ဆေးနေမှုကို ဆိုင်းငံ့ပေးရန် The Voice ဂျာနယ်ဘက်မှ လျှောက်ထားမှုကို ဒဂုံမြို့နယ် တရားရုံးက ဇွန်လ ၂၀ ရက်ရုံးချိန်းတွင် ပယ်ချသည့် အမိန့်ချမှတ်ခဲ့ကြောင်းလည်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။