Friday, June 29, 2012

ပြင်ဦးလွင်မြို့နယ်မှ တောင်သူများ စိုက်ဧကတစ်သောင်းကျော် လုပ်ကွက်ပျောက်ဆုံးနေ

ပြင်ဦးလွင်မြို့နယ်မှ လယ်ယာမြေများအား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအား နိုင်ငံတော်က သီးစားချထားပေးခြင်းကြောင့် ထိုမြေများတွင်စိုက်ပျိုးလျက်ရှိသော တောင်သူလယ်သမားများ အနေဖြင့်လုပ်ကွက်များ ပျောက်ဆုံးလျက်ရှိကြောင်း လယ်သမားအရေးဆောင်ရွက်ပေးသူများထံက သိရသည်။



ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မီးသွေးဖို၊ ပိန္နဲကုန်း၊ ညောင်ကန်၊ အောင်ချမ်းသာ၊ရေကျန်စသည့် ကျေးရွာများ အပါအ၀င်ကျေးရွာ(၃၀)၀န်းကျင်မှ လယ်သမား (၂၀၀၀)ကျော်က စိုက်ပျိုးမြေဧက (၁၂၀၀၀)ကျော်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

“ဒီပြင်ဦးလွင်မြို့နယ်ထဲမှာကို ရွာသုံးဆယ်ဝန်းကျင်လောက်ရှိပါတယ် မြေတွေဆုံးရှုံးတာ၊ ကျွန်တော်တို့ကလည်း
သူတို့ကို သင်တန်းတွေပို့ချတယ် ကိုယ့်မြေကို ဘယ်နည်းလမ်းနဲ့ပြန်ယူရင်ရမလဲ ဆိုတာတွေ လမ်းကြောင်းပေး
တယ်” ဟု ပြင်ဦးလွင်စိမ်းလန်းမှ ကိုစည်သူကပြောသည်။

တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရန်ဆုံးရှုံးသွားသော မြေဧကများမှာ အများဆုံး ဧက(၆၀၀) မှ အနည်းဆုံး ဧက (၂၀) အထိရှိပြီးပါဝင်ကြောင်းကိုလည်း သိရှိရသည်။
 
“သူတို့အနေနဲ့ ဒီလိုဆုံးရှုံးသွား တဲ့မြေတွေကို ပြန်ရနိုင်ပါတယ်၊ မြေခွန်ဆောင်ထားတာတို့ ၊ လုပ်ကိုင်ခွင့်ပြန်လည်လျှောက်ထားတာတို့ပေါ့၊ ဒီမှာအဲ့လိုနစ်နာတဲ့မြေတွေက ကုမ္ပဏီတို့ တစ်သီးပုဂ္ဂလတို့ စီမံကိန်းတို့ကြောင့်ပါ” ဟု လယ်ယာမြေကိစ္စများအားဆောင်ရွက်ပေးလျက်ရှိသည့် အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဦးမြင့်ဆွေကပြောသည်။

တောင်သူများအနေဖြင့် ထိုကဲ့သို့ မြေယာများနစ်နာခြင်းကြောင့် အချို့ရွာများတွင် လာမည့်နှစ်အတွက် စပါး
စိုက်ပျိုးရန် နောက်ကျမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းကိုလည်း သိရသည်။

“တောင်သူတွေရဲ့မြေတွေက အသိမ်းခံရတာတို့၊ နိုင်ငံတော်ကနေ ကုမ္ပဏီကို ချပေးတာတွေနဲ့ စီမံကိန်း
တွေ အဲ့ဒါတွေပါ၊ သီးစားအခွန်ရှိတဲ့လူတွေလည်း ရှိတယ် ကျွန်တော်တို့အနေနဲ့အဲ့ဒါတွေကို တရားသူကြီးတို့
ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ စီစဉ်တင်ပြတော့ ပြန်ရတဲ့လူတွေလည်း ရကြပါတယ်” ဟု
ပြင်ဦးလွင်မြို့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ ကပြောသည်။

တောင်သူများအရေးကိစ္စနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးများသို့ တင်ပြရာ၌ ကျေးရွာအနည်းငယ်မှ တောင်သူအချို့သာ နားလည်မှုဖြင့် လယ်စိုက်ခွင့် ပြန်လည်ရရှိခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
 
ထိုကဲ့သို့ ပြင်ဦးလွင်မြို့နယ်တွင်းတွင် လယ်ယာမြေအသိမ်းခံရခြင်းမှာ ၂၀ရာစုနှောင်းပိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ဖြစ်ပေါ်လျက်ရှိကြောင်းကိုလည်း ဒေသခံများကဆိုသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။