Sunday, May 20, 2012

လယ်ယာမြေပညာပေးဆွေးနွေး ဟောပြောပွဲ ပြင်ဦးလွင်မှာကျင်းပ

ပြင်ဦးလွင်၊ မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်သူရမျိုး (YPI)

ပထမဆုံး လယ်ယာမြေနှင့် သက်ဆိုင်သည့် ဥပဒေ ပညာပေးဆွေးနွေးဟောပြောပွဲ တစ်ခုကို ပြင်ဦးလွင်မြို့ အောင်ချမ်းသာရပ်ကွက်တွင် မေလ(၁၉)ရက်နေ့ နံနက်(၁၀)နာရီမှ နေ့လည်(၃)နာရီထိ ကျင်းပခဲ့သည်။


 တောင်သူလယ်သမားတွေကို လယ်ယာမြေနှင့်ပတ်သက်ပြီး အသိပညာဖွံ့ဖြိုးဖို့နဲ့ အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်လည်ရရှိနိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေးသွားတာပါ” ဟု ယင်းဆွေးနွေးပွဲအား ဦးဆောင်ပြုလုပ်သည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးအောင်ကျော်ဆန်းကပြောသည်။

ပြင်ဦးလွင်နှင့်နောင်ချိုမြို့နယ်အတွင်းရှိ ရွာများမှ လယ်မြေအသိမ်းခံရသည့် လယ်သမား(၂၀၀) နီးပါးခန့် ယခုဆွေးနွေးပွဲသို့  တက်ရောက်ခဲ့ကြပြီး NLD (မန္တလေးတိုင်း)မှ တိုင်းဥပဒေ အထာက်အကူပြု တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ဦးနှင့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးနေလင်းဦးတို့မှ ပညာပေး ဟောပြောဆွေးနွေးသွားသည်။

အဆိုပါဟောပြောပွဲတွင် လယ်ယာမြေဥပဒေနှင့် ပတ်သက်သော အချက်အလက်များ အသိမ်းခံ လယ်သမားများ၏ သိမ်းဆည်းထားသော လယ်ယာမြေများပြန်လည်ရရှိနိုင်မည့် နည်းလမ်းများကို ဆွေးနွေးကြသည် ဟု စီစဉ်သူများက ရှင်းပြသည်။

“တောင်သူလယ်သမားတွေက လယ်မြေနဲ့ပတ်သက်တဲ့ သီးစားခွန် ပုံစံ(၁၀၅)နဲ့ မြေယာမှတ်ပုံမတင် ထားတဲ့အတွက် သိမ်းဆည်းခံရတာများပါတယ်” ဟု ဦးအောင်ကျော်ဆန်းကပြောသည်။


အဆိုပါ ဆွေးနွေးဟောပြောပွဲမှတဆင့် တောင်းသူလယ်သမားအများစုသည် လယ်ယာမြေဥပဒေကို ပိုမိုသဘောပေါက်နားလည်လာပြီး အုပ်ချုပ်သူများနှင့် ကုမ္စဏီများမှ လယ်ယာမြေပူးပေါင်းသိမ်းယူမှုကို ကာကွယ်နိုင်မည့် နည်းလမ်းများရရှိခဲ့ကြောင်းဆွေးနွေးပွဲသို့တက်ရောက်လာသည့် လယ်သမားများ က ပြောသည်။

“အရင်က လယ်မြေနှင့်ပတ်သက်တဲ့ ဥပဒေကို နားမလည်ဘူး။ လယ်အသိမ်းခံရရင်လည်း နိုင်ငံတော်က သိမ်းတာဆိုပြီး ပေးလိုက်တာဘဲ။ နောက်ကျမှ ကုမ္စဏီတွေပိုင်သွားတယ်ဆိုတာ သိရတယ်။ အခုတော့ လယ်မြေနဲ့ပတ်သက်တဲ့ ဥပဒေကိုနားလည်သွားပါပြီ။ လာသိမ်းရင်လည်း အသိမ်းမခံတော့ဘူး” ဟု ပြင်ဦးလွင်မြို့အောင်ချမ်းသာရွာနေ ဦးအောင်နိုင်ကပြောသည်။

လွန်ခဲ့သည့် တနှစ်တာ ကာလအတွင်း လယ်ယာမြေသိမ်းခံရသည့် ကိစ္စရပ်များကို သတင်းမီဒီယာများမှတဆင့် တင်ပြခြင်း နှင့် အစိုးရအဖွဲ့ခေါင်းဆောင်များထံ စာတင်ခြင်း အစရှိသည့် နည်းအမျိုးမျိုးဖြင့် အသိမ်းခံရသူများက ထုတ်ဖေါ်တင်ပြလျှက်ရှိရာ အချို့သော မြေသိမ်းခံရသည့် ကိစ္စရပ်များမှာ ပြေလည်မှု ရသော်လည်း အများစုမှာမူ ကျေနပ်လောက်သည့် ဖြေရှင်းမှု မရရှိသေးသည်ကို တွေရသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြားသည့် တိုင်ကြားစာများအနက် အများဆုံးမှာ မြေယာ သိမ်းခံရသည့် ပြဿနာများ ဖြစ်သည်ဟု ကော်မရှင်မှ ပြောကြားချက် အရသိရသည်။           ။

 
စိမ်းလန်း ပြင်ဦးလွင်အဖွဲ့မှ ဦးနေလင်းဦး ဟောပြောရှင်းပြနေစဉ် (သတင်းဓါတ်ပုံ-ကျော်သူရမျိုး YPI )
 Yangon Press International

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။