Sunday, May 20, 2012

ရွှေလီရှိ 230KVဓါတ်အားလိုင်းအား အကြမ်းဖက်ဖောက်ခွဲခံရသောကြောင့် အလှည့်ကျမီးပေးဝေရေးစနစ်ဖြင့် မီးပေးမည်

ရှမ်းပြည်နယ်၊မြောက်ပိုင်းလားရှိုးမြို့ ရွှေလီနှင့် မန်ဆန် ကြားရှိ 230 KV  ဓါတ်အားလိုင်းအား မေ ၁၉ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးခံရသောကြောင့် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များအား အုပ်စု သုံးစုခွဲ၍ အလှည့်ကျမီးပေးဝေ သွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့ထံမှ သိရှိရသည်။
 “ဒီနေ့ကစပြီး ပြင်ဆင်မှုတွေလုပ်ပြီး မနက်ဖြန် စပြင်မယ်။ လုံခြုံရေးအရ လိုအပ်တာထက် ပိုကြာနိုင်တယ် ပြီးတော့ ဘယ်တော့လောက် ပြီးမယ်ဆိုတာ မခန့်မှန်းနိုင်တော့ ပုံမှန်
ဘယ်တော့လောက် ပြန်ပေးနိုင်မယ်ဆိုတာတော့ မခန့်မှန်းနိုင်သေးဘူး”ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးမောင်မောင်လတ်က မီဒီယာများနှင့် တွေ့ဆုံစဉ် မေလ ၁၉ ရက်နေ့တွင် ပြောကြားသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကြား လာရှိုးမြို့နှင့် မိုင် ၃၀ ခန့် အကွာရှိ  230 KV ရွှေလီ၊ မန်စံ ဓါတ်အားလိုင်းသည်  မေလ ၁၉ ရက်နေ့ နံနက် ၂ နာရီ ၄၇ မိနစ် ဝန်းကျင်တွင် ပြည်တွင်းသောင်းကျန်းသူအချို့က ဖေါက်ခွဲ ဖျက်ဆီး ခဲ့ရကြောင်း အမ်အာတီဗီဖိုးတွင် စာတမ်းထိုးထုတ်လွှင့်ခဲ့သည်။
ထို့ကြောင့် ဓါတ်အားပို့လွှတ်မှု ရပ်ဆိုင်းခဲ့သည့်အတွက် ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ္ဂ၀ပ်ခန့်ကို  ဆုံးရှုံးသွားသောကြောင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုံများအား ၂၄ နာရီ လျှပ်စစ်ဖြတ်တောက်ထား၍ မေလ ၂၁ရက် နေ့မှ စတင်ကာ ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ် များအား အုပ်စုသုံးစုခွဲ၍ ၆နာရီ တစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်ဓါတ်အား ပေးသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာသည်။
 “မီးမြန်မြန် ပြန်ရမှ စက်မှုဇုံတွေအနေနဲ့ အလုပ်ဖြစ်မှာ။ မီးစက်နဲ့ ဘယ်လိုမှ အဆင်မပြေဘူးလေ။ ဓါတ်ဆီဖိုးကလည်း နည်းတာမှ မဟုတ်တာ”ဟု တောင်ဒဂုံစက်မှုဇုံမှ စတိန်းလက်စတီးလုပ်ငန်း လုပ်ကိုင်သော ဦးချိုကြီး ကပြောသည်။
လျှပ်စစ်မီးဖြတ်တောက်မှုအား  နံနက် ၅ နာရီမှ ညနေ ၁၁ နာရီထိတစ်ကြိမ်၊ နေ့ ၁၁ နာရီမှ ညနေ ၅ နာရီထိတစ်ကြိမ်၊ ၊ညနေ ၅ နာရီမှ ည ၁၁ နာရီထိတစ်ကြိမ်စသည်ဖြင့် အလှည့်ကျ ပေးဝေသွားမည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။