Sunday, May 20, 2012

လက်ကျန်ဆန်ဟောင်းများကြောင့် နယ်မြို့များတွင် ဆန်ဈေးတက်နေ

နေခြင်းကြောင့် နယ်မြို့များတွင် ဆန်းဈေးမြင့်တက်လျက်ရှိကြောင်း သိရှိ ရသည်။
 
“ဆန်သစ်တွေလည်း ၀င်တယ်။ ဒါပေမယ့် ဆန်အဟောင်းလက်ကျန်တွေပါ ဆက်တိုက်ဝင် နေသေး တော့  ဆန်ဈေးက ချရောင်းလို့ မရသေးဘူး။ ချလိုက်ရင် အရင်ဝယ်ထားတဲ့ ဆန်လက်ကျန်တွေ အတွက် အရင်းတောင် ပြန်ရမှာ မဟုတ်ပါဘူး”ဟု ပခုက္ကူမြို့မှ ဒေသခံ ဆန်ရောင်းဝယ်ရေးသမား တစ်ဦးဖြစ်သူ ဦးမျိုးမြင့်က ပြောသည်။

 
နွေစပါးပေါ်ချိန်ဖြစ်၍ ရန်ကုန်မြို့ ဘုရင့်နောင် ဆန်ပွဲရုံများသို့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် အခြားဒေသ များမှ ဆန်သစ်များ ဆက်တိုက်ဝင်ရောက်လျက်ရှိပြီး အမြို့မြို့ အနယ်နယ်မှ ဆန်ဝင်ရောက်မှုပေါင်းမှာ တစ်နေ့လျှင် ဆန်တန်ချိန်ပေါင်း (၈၀၀) ၀န်းကျင်တွင်ရှိနေသည်ဟု သိရသည်။ ထို့ကြောင့် ဆန်ပွဲရုံများ ရှိ လက်ကားဈေးကွက် အတွင်း ဆန်ဈေးများ ကျဆင်းနေသည်ဟု သက်ဆိုင်ရာ ဆန်ပွဲရုံများထံကသိ ရသည်။
 
သို့သော် အဆိုပါ ဘုရင့်နောင်ဆန်ပွဲရုံများမှ နယ်ဒေသများနှင့် အညာဒေသများဖြစ်သည့် မော်လမြိုင်၊ သထုံ၊ ဘားအံ၊ ပခုက္ကူနှင့် အထက်အညာ ဒေသများသို့ နေ့စဉ် ဆန်များသယ်ယူရောင်းချကြရာတွင် သယ်ယူစရိတ်နှင့် သင်္ကြန်မတိုင်မီက လက်ကျန်ရှိနေသေးသော ဆန်များဝင်ရောက်နေခြင်းတို့ကြောင့် နယ်မြို့များရှိ ဒေသခံတို့မှာ ဆန်ဈေးအမြင့်နှုန်းဖြင့် ၀ယ်ယူစားသောက်နေကြရသည်ဟု သိရသည်။
 
“သယ်ယူစရိတ်တွေက အရင်လိုမဟုတ်ဘူးလေ။ ကားနဲ့ဆိုရင် သတ်မှတ်တန်ချိန်အတိုင်း တင်ရတဲ့ အတွက် အိတ်ရေက   လျော့သွား တာ၊   ဈေးနှုန်းကတော့ တက်သွားတာပေါ့။ သင်္ဘောနဲ့ တင်လည်း သဘောင်္ခတွေက ဈေးတက်သွားတော့ အဓိကကတော့ သယ်ယူ စရိတ်ကြောင့် ပဲ ဆန်ဈေးတွေ ကွာတာပါ”ဟု ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်မှ ၀ါရင့် ဆန်ရောင်းဝယ်ရေး သမားတစ်ဦးဖြစ သူ ဦးစိုးဝင်းက နယ်မြို့များ၌ ဆန်ဈေးနှုန်းများ မြင့်တက်နေသည့်အပေါ် ရှင်းလင်းပြောသည်။
 
နယ်တစ်နယ်မှ တစ်နယ်သို့ ဆန်များသယ်ယူရာတွင် ယခင်က ထောက်ခံချက်ရယူရန်လိုအပ်ပြီး ပိုမိုကုန်ကျ စရိတ်များသောကြောင့် နယ်မြို့များတွင် ရန်ကုန်ဆန်ဈေးကွက်အတွင်းရှိ ဈေးနှုန်းများ ထက် ဆန်တစ်အိတ်လျှင် ငါးထောင်ကျပ်မှ တစ်သောင်းကျပ် ၀န်းကျင်အထိ ဈေးပိုပေး၍ ၀ယ်ယူ စားသုံးခဲ့ရကြောင်း သက်ဆိုင်ရာ မြို့နယ်များရှိ ဒေသခံများထံမှ သိရသည်။
 
“ပေါ်ဆန်းတစ်အိတ်ကို သုံးသောင်း ခုနှစ်ထောင်လောက်ရှိတယ် တော်ရုံလူတန်းစားကတော့ ဘယ်စား နိုင်မှာလဲ။ ဇီယာ တောင်မှ တစ်အိတ်ကို အနည်းဆုံး နှစ်သောင်းရှိတယ် ရန်ကုန်ဈေးကွက်နဲ့ ယှဉ်ရင် ငါးထောင် တစ်သောင်းလောက် ကွာတာပေါ့”ဟု ပခုက္ကူမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးကျော် ဌေးက ပြောသည်။
 
ဧပြီလ နောက်ပိုင်း ဆန်စပါးများကို နယ်ကျော်သယ်ယူခွင့်ပြုပြီးနောက်တွင် နယ်မြို့များ၌ ဆန်ဈေး အနည်းငယ် ကျဆင်းခဲ့သော်လည်း ရန်ကုန်ဆန်ဈေးနှုန်းများနှင့် ယှဉ်ပါက ဆန်တစ်အိတ်လျှင် ၁၀%မှ ၂၅% အထိ ဈေးပိုပေး၍ စားသုံးနေကြရသည်ဟု သိရသည်။
 
မေလ လလယ်ပိုင်းအထိ ရန်ကုန်မြို့ ဘုရင့်နောင်ဆန် ဈေးကွက်အတွင်း၌ ပေါ်ဆန်းတစ်အိတ်လျှင် (၂၈၀၀၀) ကျပ်မှ (၂၉၀၀၀) ကျပ်အတွင်း၊ ပေါ်ကျွဲတစ်အိတ်လျှင် ၁၈၀၀၀ ကျပ်ဝန်းကျင်၊ ဇီယာဆန် (ရှယ်) တစ်အိတ်လျှင်(၁၄၅၀၀) ကျပ်ဝန်းကျင်၊ ဇီယာဆန်(သစ်)တစ်အိတ်လျှင်(၁၃၀၀၀) ကျပ်ဝန်း ကျင် ရှိနေသည်ဟု သိရသည်။
 
ရန်ကုန်တိုင်းသို့ ဆန်အဓိကတင်ပို့လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီး ဆန်ဈေးကွက်အတွင်း၌ မေလ လယ်ပိုင်းအထိ ဇီယာ(ရှယ်)တစ်အိတ်လျှင် (၁၃၀၀၀)ကျပ်ဝန်းကျင်၊ ဇီယာ(သစ်)တစ်အိတ်လျှင် (၁၂၀၀၀) ကျပ် ၀န်းကျင်၊ ပေါ်ကျွဲတစ်အိတ်လျှင် (၁၆၀၀၀) ကျပ်ဝန်းကျင်၊ ပေါ်ဆန်းတစ်အိတ်လျှင် (၂၅၀၀၀) ကျပ်ဝန်းကျင်၊ မဓမ ဆန်တစ်အိတ်လျှင် (၂၁၀၀၀) ကျပ်ဝန်းကျင် ရှိနေသည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။