မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို အပြီးသတ် ဖယ်ရှားဖို့ ဥရောပသမဂ္ဂ (EU) က ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာတော့ သတင်းကောင်းအဖြစ် အစိုးရ တာဝန်ရှိသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ကြိုဆိုလိုက်ကြပါတယ်။ အပြောင်းအလဲတွေ တွေ့မြင်နေရပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိသေးတာကြောင့် သတိထား စောင့်ကြည့်သင့်တယ်လို့ တက်ကြွသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဝေဖန်နေချိန်မှာပဲ EU ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။ ဒဏ်ခတ်မှုတွေ ဖယ်ရှားလိုက်တဲ့အပေါ် တုံ့ပြန်မှုတွေကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
နိုင်ငံရေး အပြောင်းအလဲတွေ သိသိသာသာ တွေ့မြင်လာရတဲ့အတွက် ဒဏ်ခတ်မှုတွေ ဆိုင်းငံ့ထားရာက အပြီးတိုင် ဖယ်ရှားဖို့ ဥရောပသမဂ္ဂ (EU) က ကြေညာလိုက်အပြီး နောက်တနေ့မှာပဲ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
EU ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာအစိုးရရဲ့ ၂ နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုရာ ရောက်သလို၊ ရှေ့ဆက်ဆောင်ရွက်ဖို့ အားပေးရာ ရောက်တဲ့အကြောင်း ကြေညာချက်က ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ အစည်းအဝေးပွဲအတွက် ဘရူနိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်း ကတော့ EU ရဲ့ ရပ်တည်ချက်ဟာ မြန်မာနိုင်ငံက အခြေအနေတွေကို ထင်ဟပ်နေတယ်လို့ ပြောပါတယ်။
"EU ရဲ့ ဆုံးဖြတ်ချက်က ကြိုဆိုရမယ့် ဖြစ်ထွန်းမှု တခုပါ။ ကျနော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် စကတည်းက ဒါကိုလည်း မျှော်လင့်ထားပါတယ်။ ကျနော်တို့ တိုင်းပြည်က ဖြစ်ထွန်းမှုတွေကို အသိအမှတ်ပြုတဲ့ တခြား အလားတူ ဆောင်ရွက်မှုတွေကိုလည်း EU က လုပ်လာမယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်"
EU က လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး ဒဏ်ခတ်မှုတွေ ချမှတ်ထားပေမဲ့ ပြီးခဲ့တဲ့နှစ်ကစလို့ အရေးယူထားတာတွေကို ဆိုင်းငံ့ထားခဲ့တာပါ။ အခုနောက်ဆုံး ဘယ်လ်ဂျီယံနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာတော့ လက်နက် အရောင်းအ၀ယ်ကလွဲလို့ ဒဏ်ခတ်ထားတာတွေကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်တဲ့ EU နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးတွေ တိုးတက်လာဖို့ မျှော်လင့်ကြောင်းလည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။
ဒါပေမဲ့လည်း မကြာသေးခင်တုန်းက လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြေလည်မှု မရသေးတာတွေလို လူ့အခွင့်အရေး ပြဿနာတွေ ရှိနေဆဲ ဖြစ်တဲ့အတွက် လျှော့ပေါ့မှုတွေ လုပ်ဖို့ အချိန်မတန်သေးဘူးလို့ တက်ကြွသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးနေတာပါ။
အာဆီယံရေးရာ မြန်မာအရာရှိ ဦးအောင်လင်း ကတော့ ပြုပြင်ပြောင်းလဲမှုတွေ အတွက် ရှေ့ဆက် ဆောင်ရွက်ရမှာတွေ အများအပြား ရှိနေတယ် ဆိုတာကို အသိအမှတ်ပြု ပြောသွားပါတယ်။
"ကျနော်တို့အနေနဲ့ EU နဲ့ လက်တွဲပြီး ကြိုးစားလုပ်ရမှာတွေ အများအပြား ရှိပါတယ်။ အခုကတော့ အင်မတန်မှ ကောင်းတဲ့ အစတခုပါ။"
EU အနေနဲ့ အရင်က ပိတ်ပင် တားမြစ်ချက်တွေကို ဖယ်ရှားပေးလိုက်တဲ့အတွက် စီးပွားရေး အလားအလာတွေ ထွက်ပေါ်လာမယ်လို့လည်း ပြည်တွင်းပြည်ပက စီးပွားရေးသမားတွေ မျှော်လင့်နေကြတာပါ။
ဂျာမဏီနိုင်ငံက ဘဏ္ဍာရေး ၀န်ဆောင်မှု လုပ်ငန်းတခုဖြစ်တဲ့ Kanz Financial Holding က စီးပွာရေး အကြံပေးပုဂ္ဂိုလ် မားကတ်စ် ကန့်ဇ် (Markus Kanz) ကတော့ EU ရဲ့ ဆုံးဖြတ်ချက်ကြောင့် စီးပွားရေးအတွက် သာမက တခြား အခွင့်အလန်းတွေပါ ပေါ်ပေါက်လာနိုင်တယ်လို့ မြင်ပါတယ်။
"အလုပ်သမားတွေအတွက် အခြေအနေကောင်းတွေ ပေါ်ပေါက်လာပြီး၊ ကလေး အလုပ်သမား မရှိတော့တာမျိုး၊ ဒါမှမဟုတ် ကလေးတွေ ကျောင်းတက်ရင်း အလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဂျာမဏီမှာလို ကျောင်းနဲ့အလုပ် ပေါင်းစပ်ထားတဲ့ စနစ်မျိုး ရှိဖို့ ကောင်းပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ အားလုံးအတွက် ကောင်းပါတယ်။ ဒါက လုပ်ငန်းရှင်တွေ အတွက်ရော၊ ဒီမှာရှိတဲ့ လူထုအတွက်ပါ ၂ ဘက်စလုံး အကျိုးရှိတဲ့ကိစ္စပါ။"
ဥရောပသမဂ္ဂ (EU) နဲ့ အမေရိကန် ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံတွေ မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့အတွက် မြန်မာအစိုးရရဲ့ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေမှာ ထိခိုက်မှုတွေ ဖြစ်ရတယ်လို့ ဝေဖန်တာတွေလည်း ရှိခဲ့တာပါ။
ဒီအထဲမှာ အထိနာခဲ့တဲ့ ကုန်ထုတ်လုပ်ငန်းတခုဖြစ်တဲ့ မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းမှာ ဆိုရင်လည်း ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးလိုက်တဲ့အတွက် လုပ်ငန်းတွေ ပြန်လည် ဦးမော့လာမယ်လို့ မျှော်လင့်နေကြပါတယ်။ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး ကတော့ အထည်ချုပ်စက်ရုံတွေကို ရာဂဏန်းနဲ့ချီ တိုးချဲ့ပြီး အလုပ်အကိုင်ပေါင်း ၂ သိန်းလောက်အထိ ဖန်တီးနိုင်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ပြောပါတယ်။
"European ကော်မရှင်ကနေပြီးတော့ ပိတ်ဆို့မှုတွေ ဖွင့်ပေးလိုက်တဲ့အခါမှာ ကျနော်တို့ရဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ ဥရောပဈေးကွက်တွေကို ပိုပြီးတော့ ကျနော်တို့ ပို့နိုင်တော့မယ်။ ပိုပြီးတော့ ဥရောပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေကလည်း ကျနော်တို့ဆီကို ပိုဝင်လာမယ်။"
EU ရဲ့ အခုနောက်ဆုံး ဆုံးဖြတ်ချက်ကြောင့် အလားတူ ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ ဖယ်ရှားပေးထားတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း နောက်ထပ်
လျှော့ပေါ့ပေးဖို့ ဖိအားပေးတဲ့ အခြေအနေမျိုး ပေါ်ပေါက်လာနိုင်တယ်လို့ ဆန်းစစ်သူတွေက မြင်နေကြတာပါ။
ဒါပေမဲ့လည်း အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေမှာ ဥပဒေအဖြစ် ပြဋ္ဌာန်း တားမြစ်ထားတာတွေလည်း ပါဝင်နေတဲ့အတွက် လျှော့ပေါ့မှုတွေ လုပ်ဆောင်ဖို့ အတွက်ကတော့ ချက်ခြင်းလက်ငင်း ဖြစ်လာဦးမှာ မဟုတ်သေးဘူးလို့လည်း တွက်ဆနေကြတာ ဖြစ်ပါတယ်။
Wednesday, April 24, 2013
မြန်မာဒဏ်ခတ်ပိတ်ဆို့မှု EUရုပ်သိမ်းမှုအပေါ် နိုင်ငံတကာတုံ့ပြန်
မူဆလင်အပေါ် အကြမ်းဖက်မှုကိစ္စ အင်ဒိုသမ္မတ ဆွေးနွေးမည်
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မူဆလင် ဘာသာဝင်များအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းလိမ့်မည်ဟု ရိုက်တာ သတင်းတရပ်က
ရေးသားထားသည်။
ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ က မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ လူအုပ်များ၏ မူဆလင်များအပေါ် တိုက်ခိုက်သတ်ဖြတ်မှုများမှာ ဒေသတွင်းရှိ မူဆလင်များအပေါ်လည်း သက်ရောက်မှုရှိသည်ဟု ဆိုသည်။
"ဖြစ်နိုင်တဲ့ အကောင်းဆုံးနည်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် ဒါရဲ့ သက်ရောက်မှုက မြန်မာနိုင်ငံအတွက် ကောင်းမှာ မဟုတ်သလို မူဆလင် အများစု အင်ဒိုနီးရှန်းတွေအတွက်လည်း ကောင်းမှာ မဟုတ်ပါဘူး" ဟု သမ္မတ ယူဒိုယိုနို က မြန်မာနိုင်ငံသို့ ခရီးမဆက်မီ စင်္ကာပူနိုင်ငံတွင် ပြောဆိုသွားကြောင်း ရိုက်တာသတင်းက ဆိုသည်။
"မြန်မာ (အစိုးရ) အနေနဲ့ ဒီကိစ္စကို ဉာဏ်ပညာရှိရှိ၊ သင့်တင့်လျောက်ပတ်စွာနဲ့ တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့ ကျနော်တို့ တိုက်တွန်းအားပေးမှာပါ။ သူတို့ ဒီရည်မှန်းချက်တွေ ရောက်ရှိလာအောင် အင်ဒိုနီးရှားမှာရှိတဲ့ ကျနော်တို့က ပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ" ဟုလည်း အင်ဒိုနီးရှား သမ္မတ က ပြောဆိုသည်။
မစ္စတာ ယူဒိုယိုနို မြန်မာနိုင်ငံသို့ မရောက်လာမီ တလခန့်က မိထ္ထီလာမြို့တွင် လူ ၄၃ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရ သည့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။
အင်ဒိုသမ္မတ မြန်မာနိုင်ငံသို့ မရောက်မီ တရက်အလိုဖြစ်သည့် တနင်္လာနေ့ကလည်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က အစီရင်ခံစာတစောင် ထုတ်ပြန်ရာတွင် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အာဏာပိုင်များနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်တို့၏ ရိုဟင်ဂျာ မူဆလင်များအပေါ် "လူမျိုးတုန်း သုတ်သင်မှု" အဖြစ် စွပ်စွဲပြစ်တင်ထားသည်။
ဒဂုံတက္ကသိုလ် ဝန်ထမ်းများအတွက် တန်ဖိုးနည်းဖုန်း ဆင်းကဒ် ၄၁၉ ခု မဲချပေးမည်
ရန်ကုန် (မဇ္ဈိမ)။ ။ ဒဂုံတက္ကသိုလ်ရှိ အမြဲတမ်း ဝန်ထမ်းများအတွက် ပထမ အသုတ် အနေဖြင့် တန်ဖိုးနည်းဖုန်း ဆင်းကဒ် ၄၁၉ ခုကို မဲနှိုက် ရောင်းချပေးမည် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ဝန်ထမ်းများ ထံမှ သိရသည်။
ဒဂုံတက္ကသိုလ်တွင် ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများမှ စာရေး အဆင့်အထိ အမြဲတမ်း ဝန်ထမ်း ၁,၆၄၅ ဦးရှိ၍ လေးဦးခန့်လျှင် တခုကျ မဲပေါက်မည် ဖြစ်သည်။
"ဧပြီ ၂၂ ရက်က ပြုလုပ်တဲ့ ပါမောက္ခတွေ၊ ဌာနမှူးတွေ အစည်းအဝေးအပြီးမှာ ဝန်ထမ်းတွေကို အသိပေး
ပြောကြားပါတယ်။ တန်ဖိုးနည်းဖုန်း ဝယ်ယူဖို့ အဆိုပြုသူတွေ အားလုံးကို မဲစနစ်နဲ့ ရောင်းချပေးမှာပါ" ဟု ဒဂုံတက္ကသိုလ်၊ စီမံဘဏ္ဍာ ဌာနမှူး ဦးအောင်ဆန်း က ပြောသည်။
ဆင်းကဒ် ၄၁၉ ခုအတွက် အင်္ဂါနေ့တွင် စတင်မဲနှိုက်၍ ရောင်းချပေးမည် ဖြစ်သည်။
"အချို့က ဖုန်းမလျှောက်ကြပါဘူး။ အဆိုပြုသူတွေကို စုပေါင်းပြီး ဒီနေ့ မဲနှိုက်ပေးပါတယ်။ အဆိုပြုသူ ဝန်ထမ်း ၁,၅၀၀ လောက် ရှိပါတယ်။ မဲ မပေါက်တဲ့သူတွေကိုတော့ နောက်အသုတ်မှာ ဆက်ပြီး မဲနှိုက်ပေးမှာပါ။ ရတာတော့ ဝန်ထမ်းအားလုံး ရမှာပါ" ဟု ၎င်းက ဆက်ပြောသည်။
တန်ဖိုးနည်းဖုန်းများအတွက် အသုံးပြုရမည့် ငွေဖြည့်ကတ်နှင့် ဟန်းဆက်ကိုလည်း မြန်မာ့ စီးပွားရေး ဦးပိုင်က
ရောင်းချပေးမည် ဖြစ်သည်။ ဖုန်းအလုံး (Hand set) ကိုလည်း ဈေး အသက်သာဆုံးဖြင့် ရောင်းချပေးမည် ဟု ဆိုသည်။
"ဖုန်းအတွက် မဲနှိုက်ဖို့ကို ဝန်ထမ်း လုပ်သက်၊ ကိုယ်တိုင်သုံးမယ့် ဝန်ခံချက်တွေ မနေ့က ဖြည့်ပေးရပါတယ်။ အခု ရောင်းပေးမယ့် ဖုန်းတွေအတွက် လိုင်းမိအောင် တက္ကသိုလ်နားမှာ တိုင်ထောင်ပေးမယ် ပြောတယ်" ဟု သင်္ချာဌာနမှ ဒုတိယ ပါမောက္ခတဦးက ပြောသည်။
အလားတူ ရန်ကုန်တက္ကသိုလ်ရှိ ဝန်ထမ်းများအတွက်လည်း ပထမ အသုတ်အဖြစ် ရရှိသည့် တန်ဖိုးနည်းဖုန်း ဆင်းကဒ် ၃၀၀ ကျော်ကို ဧပြီ ၂၃ ရက်နေ့ ဝန်ထမ်းများအား မဲနှိုက်ပေးခဲ့ကြောင်း ရန်ကုန်တက္ကသိုလ် ဓါတုဗေဒဌာနမှ ကထိက တဦးက အတည်ပြုပြောကြားသည်။
ပထမ အသုတ်အဖြစ် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအတွက် တန်ဖိုးနည်းဖုန်း ဆင်းကဒ် ၁၁၉,၀၀၀ ခု
ရောင်းချပေးမည် ဖြစ်သည်။ ၎င်းအနက် အစိုးရဝန်ထမ်းများအတွက် ဖုန်းအလုံးရေ ၃၀,၀၀၀ ကို ရောင်းချပေးမည်
ဖြစ်သည်။ ရန်ကုန်တိုင်းအတွင်း အစိုးရဌာန ၇၇ ခုတွင် ဝန်ထမ်း အရေအတွက် ၁၂၀,၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။
ကိုရဲမင်းဦးအား ထပ်မံရုံးထုတ်
ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ရန်ကုန်အနောက်ပိုင်းခရိုင်
ကျောက်တံတားမြို့နယ်တရားရုံးတွင် ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက် နံနက် ၁၀း၃၀ နာရီ အချိန်တွင် မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခံရသော ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) မှ ကိုရဲမင်းဦးကို ရုံးထုတ်ခဲ့သည်။
ကိုရဲမင်းဦးအမှုအား လိုက်လံဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေဦးအောင်သိန်း ကလည်း ပုဒ်မ ၁၅၃(က) ဖြင့်တရားစွဲဆိုရခြင်းမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ ရွှေတိဂုံဘုရား တောင်ဘက်မုခ်
ကြေးသွန်းဘုရားအနီး အများပြည်သူအား လှုံ့ဆော်သော အမှုဖြင့် စွဲချက်တင်ထားကြောင်း ပြောသည်။
၎င်းက "သူ့ကိုပုဒ်မ ထပ်တိုးလိုက်တယ်ဆိုတာက ဘာကြောင့်လဲတော့ အတိအကျ မသိနိုင်ဘူး။ သူကိုယ်တိုင်
လည်း ရေရေရာရာမသိဘူးလို့ပြောတယ်။"လို့ ဆက်ပြောပါတယ်။
ကိုရဲမင်းဦးကို နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ပုဒ်မ ၅၀၅(ခ) ဖြင့် အရေးယူခဲ့ ပြီးနောက် ၊ အမျိုးစားတစ်ခုနှင့် တစ်ခု
ရန်ငြိုးထားစေရန် အားပေးအားမြောက်ပြုခြင်း၊ ဘာသာရေးအရသွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၁၃၅(က) ဖြင့်ထပ်မံ အရေးယူခဲ့သည်။ ကိုရဲမင်းဦးကို ယခုအကြိမ်အပါအ၀င် (၅) ကြိမ် ရုံးထုတ်ခဲ့ပြီး ကျောက်တံတား တရားရုံးတွင် ဒုတိယ အကြိမ်မြောက် ရုံးထုတ်ခြင်းဖြစ်သည်။
တန်ဖိုးနည်းဖုန်းအတွက် ငွေဖြည့်ကဒ် သီးသန့်ရောင်းချမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်
ရန်ကုန် (မဇ္ဈိမ)။ ။ ဧပြီလ ၂၄ ရက်နေ့တွင် စတင်ရောင်းချပေးမည့် ဖုန်းကဒ်များအတွက် ငွေဖြည့်ရမည့် ကဒ်မှာ MECTel (မြန်မာစီးပွားရေး ကော်ပရေးရှင်း) တံဆိပ် ပါရှိသည့် ဖုန်းကဒ်ဖြင့်သာ ငွေဖြည့်နိုင်မည်ဟု
မြန်မာ့ဆက်သွယ်ရေးမှ ကြေညာလိုက်သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
"မြန်မာ့ဆက်သွယ်ရေးရဲ့ အသိပေးကြေညာချက် အရ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းက ဒုတိယ မြန်မာ့ ဆက်သွယ်ရေး အဖြစ် တရားဝင် ခွင့်ပြုထားတာလား။ ဒါဆိုရင်လည်း ပြည်သူကို ကြိုတင် အသိပေးသင့် ပါတယ်" ဟု ရန်ကုန်မြို့ ပြည်လမ်းပေါ်တွင် တယ်လီဖုန်း ဆိုင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီတခုမှ မန်နေဂျာ ဦးထွန်းခိုင် က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးနှင့်အပြိုင် ပုဂ္ဂလိကသို့
အော်ပရေတာ လုပ်ကိုင်ခွင့် ပြုမှုကို စိစစ် ရွေးချယ်ဆဲဟု ကြေညာချက် ထုတ်ပြန်ထားရာ မြန်မာ့စီးပွားရေး
ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ငွေဖြည့်ကဒ်ဖြင့်သာ ငွေဖြည့်နိုင်မည်ဟု ဆိုခြင်းကြောင့် ပွင့်လင်းမြင်သာမှု မရှိဟုလည်း စီးပွားရေး သတင်းဂျာနယ်တခုမှ အယ်ဒီတာ တဦးက ဝေဖန်သည်။
"မြန်မာ့ဆက်သွယ်ရေးနဲ့ အပြိုင် ပုဂ္ဂလိကကို အော်ပရေတာ ပေးမယ်ဆိုပြီး ခုချိန်အထိ စိစစ်နေဆဲလို့ သိထားပါ တယ်။ ဘယ်အချိန်က အော်ပရေတာ လျှောက်ထားပြီး ဘယ်အချိန်က ခွင့်ပြုခဲ့တယ် ဆိုတာကို အများပြည်သူ မသိလိုက်ရဘူး ဖြစ်နေတာဟာ အရင်အခောတ်တွေလိုပဲ လို့တောင် တွေးစရာပါ" ဟု ဆိုသည်။
ထို့အပြင် ရောင်းချမည့် ငွေဖြည့်ကဒ်များ အလွယ်တကူ ဝယ်ယူရရှိနိုင်မည့် အခြေအနေကလည်း ဖုန်းအသုံးပြုမည့် သူများအကြား ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။
"MECT ဆိုတာ မြန်မာ့ ဆက်သွယ်ရေးနဲ့ အပြိုင် ကုမ္ပဏီတခုလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်" ဟု
ရှေ့နေတဦးဖြစ်သူ ဦးမျိုးက ပြောသည်။
ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချမည့် တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းတယ်လီဖုန်းများမှာ လက်ရှိ မိုဘိုင်း တယ်လီဖုန်းဈေးကွက်တွင် ရောင်းချလျက်ရှိနေသည့် CDMA-800 MHZ ငွေဖြည့်ကဒ်များဖြင့် အသုံးပြု၍ မရပါ။
MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းဖုန်းများအတွက် MECTel အမှတ်တံဆိပ်ပါ ငွေဖြည့် ကဒ်များဖြင့်သာ တယ်လီဖုန်းပြောဆိုခ ဖြည့်တင်းရမည်ဟု ဧပြီ ၂၂ ရက်နေ့က မြန်မာ့ဆက်သွယ်ရေးမှ ပြည်သူသို့ အသိပေးကြေညာချက်အဖြစ် ထုတ်ပြန်ထားသည်။
HRW အစီရင်ခံစာပါ စကားလုံးအသုံးအနှုန်းများကို လက်မခံနိုင်ကြ
ရန်ကုန်(မဇ္ဈိမ)။ ။ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် စကားလုံးပြင်းပြင်းထန်ထန် သုံးနှုန်းလိုက်သဖြင့် ထိန်းသိမ်းနေရသည့် အချိန်တွင် အခြား
ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် တွင်းရေးမှူး ဦးစစ်မြိုင်က မဇ္ဈိမကို ပြောသည်။
၎င်းက "ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ကျန်တဲ့ အဖွဲ့အစည်း တွေကလည်း ဆောင်ရွက်သင့်တာတွေ
ဆောင်ရွက်ပြီးတော့ အခြေအနေတွေကလည်း အကောင်းဘက်ကို ရှေးရှုနေတဲ့ အချိန်မှာ အခုလို အလွန်
ပြင်းထန်တဲ့ စွပ်စွဲမှု တခုအနေနဲ့ ထုတ်တယ်ဆိုတော့ ဒါဟာ ဘယ်လောက် ခိုင်မာသလဲ ပြည်သူသန်းခြောက်ဆယ်ကို ကိုယ်စားပြုတာမှန်ရဲ့လား ဆိုတာကို ဝေဖန်စရာ ဖြစ်လာတာပေါ့" ဟု ဆိုသည်။ ထို့အပြင် ၎င်းတို့ မြန်မာနိုင်ငံ အမျိုသား လူ့အခွင့်အရေးကော်မရှင် အနေဖြင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများကို မတွေ့ရကြောင်းနှင့် မီဒီယာများ လည်း အဆိုပါနေရာများသို့ ရောက်ရှိသင့်သလောက် ရောက်ရှိကြောင်း ဦးစစ်မြိုင်က ရှင်းလင်းသည်။
"ခင်ဗျားတို့ လုပ်နိုင်သမျှ အရာအားလုံးက ဆုတောင်းဖို့ပါပဲဟုအဓိပ္ပါယ်ရသော" All You Can Do is Pray"ခေါင်းစဉ် တပ်ထားသည့် စာမျက်နှာ၁၅၃ မျက်နှာပါ အစီရင်ခံစာ တစ်ခုကို HRWက ဧပြီလ၂၂ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအား လူမျိုးရေး တိုက်ခိုက်မှုနှင့် လူသား မဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအတွက် မြန်မာအာဏာပိုင်များနှင့် ဒေသအာဏာပိုင်များအား HRW က စွပ်စွဲပြစ်တင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်များကြောင့် ၂၀၁၂ ဇွန်လနောက်ပိုင်းတွင် ရိုဟင်ဂျာနှင့်အခြား အစ္စလမ် ဘာသာဝင် ၁၂၅၀၀၀ ဦး တို့နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြရသည်ဟု HRW က ၎င်း၏ အစီရင်ခံစာတွင် ဖေါ်ပြသည်။
"မြန်မာအာဏာပိုင်များ၊ လူမှု အသိုင်းအ၀ိုင်း ခေါင်းဆောင်များနဲ့ ဗုဒ္ဓဘာသာဝင်ရဟန်းများက ပြည်နယ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကျောထောက် နောက်ခံနဲ့ အစ္စလမ် ဘာသာဝင်တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့၊ သူတို့နေထိုင်ရာ
ဒေသတွေက မောင်းထုတ်ဖို့ ၂၀၁၂ခုနှစ် အောက်တိုဘာလအတွင်းမှာ ဗုဒ္ဓဘာသာဝင် ရခိုင်တွေကိုစည်းရုံး အားပေးခဲ့ကြပါတယ်" ဟု အစီရင်ခံစာ၌ ပါရှိသည်။
ယခုလို အကြပ်အတည်း တွေ့နေသည့် အခြေအနေမျိုးတွင် ပြောလာသော စကားလုံးများကို လက်ခံ၍မရကြောင်း လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံမှ ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။
၎င်းက " ဒီလိုမျိုး အခြေအနေတွေက ထိလွယ်ရှလွယ် အချိန်မှာ လူမျိုးသုဉ်းလို့ ပြောဖို့ကတော့ သိပ်ပြီး လက်ခံလို့ မရတဲ့ စကားပါ။ ကျွန်တော်တို့ ထပ်ပြီးလေ့လာရဦးမယ်။ သမိုင်းတွေ အများကြီး လေ့လာဖို့ လိုနေသေးတယ် " ဟုဆိုသည်။ ဦးအောင်မျိုးမင်းက " လူမျိုးစု သန့်စင်ရေးဆိုတဲ့ စကားလုံးကို မြန်မာနိုင်ငံမှာ တိတိကျကျ သုံးလို့ မရသေးပါဘူး။ လူမျိုးစု သန့်စင်ရေးဆိုတာက အခြားလူမျိုးကို သတ်ဖြတ်တာ သူတို့ရဲ့ လူမျိုးဆက် မပျံ့နှံ့အောင် သူတို့ရဲ့ အမူ အကျင့်စရိုက် တွေ တခြားနေရာကို မပါပဲ ပျောက်သွားအောင် အခြားကို မပျံ့အောင် လုပ်တာပါ" ဟု ရှင်းပြသည်။
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုပြုံးချိုက လက်ရှိအခြေအနေများမှာ အစိုးရအဖွဲ့ အစည်းဘက်မှလည်း ပြန်လည်ဖြေရှင်းချက်များ ထွက်ပေါ်လာပြီ ဖြစ်ကြောင်း အပြန်အလှန်ရှင်းလင်းမှုများ
ဖြစ်ပေါ်နေဦးမည်ဟု ထင်ကြောင်း မဇ္ဈိမသို့ ပြောသည်။
လူမျိုးစု သန့်စင်ရေး ဖြစ်လာရန် ဆိုသည်မှာလည်း အရင်ကဖြစ်ခဲ့သော နောက်ခံသမိုင်းကြောင်း နောက်ခံ သမိုင်း အခြေအနေများ
အများကြီးပါဝင်ကြောင်း မိမိတို့ဘက်မှ သေချာနိုင်နင်းရန် လိုအပ်ကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။
အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပဋိပက္ခများအပေါ်ပြောဆိုမိခဲ့ပါက လူ့အခွင့်အရေး ချိုးဖောက်သူများအဖြစ် ထင်မြင်ခံရခြင်း များရှိပြီး ၊အဓိကမှာ လူမျိုးပြဿနာ မဟုတ်ဘဲ တရားဥပဒေစိုးမိုးမှု အားနည်း နေသောကြောင့်
ဖြစ်သည်ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းဇေယျက မဇ္ဈိမကို ရှင်းပြသည်။
"ကျနော်တို့ ၈၈ မျိုးဆက်တွေက နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့တဲ့ လူတွေဖြစ်တဲ့အတွက် လူ့အခွင့်အရေး အပေါ်မှာ အလေးအနက် တန်ဖိုးထားတဲ့ လူတွေပါ။ လိပ်ပြာသန့်သန့်နဲ့ ခံယူထားပြီးသားပါ။ Humam Right Watch ရဲ့အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့ စကားလုံး အသုံးအနှုန်း တွေဟာ ကျနော်တို့ စိတ်မကောင်း ဖြစ်ရတယ်။ စကားလုံး
တွေက ကျနော်တို့ နိုင်ငံကို စော်ကားနေတယ်လို့ ခံစားရတယ်။ ကျနော်တို့ ကတော့ ကန့်ကွက်မှာပါ"လို့ ကိုမင်းဇေယျ ကပြောသည်။
HRW ၏ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှုးဖီးလ်ရောဘတ်ဆန်က "မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေ အတွက် အကူအညီ ပေးတာတွေကို ငြင်းပယ်ခြင်း၊ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ခြင်းတို့ဖြင့် လူမျိုးရေး တိုက်ခိုက်ရှင်းလင်းမှု တွေမှာ ပါဝင်ပတ်သတ်နေပါတယ်" ဟုအစီရင်ခံစာတွင် ပြောသည်။
ရခိုင်ပြည်နယ်အတွင်း၌ လူအများအပြား သေဆုံးမှု ၄ ခုနှင့် ပတ်သတ်သော အထောက်အထားများ ၎င်းတို့ထံတွင် ရှိသည်ဟုလည်း HRW ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
အဓိကရုဏ်း ဖြစ်ရပ်များအတွင်း သေဆုံးသူ ၁၈၀ ရှိကြောင်း၊ သေဆုံးသူများထဲတွင် ရခိုင်ဗုဒ္ဓဘာသာဝင်များလည်း ပါဝင်ကြောင်း နေပြည်တော်က ကြေညာခဲ့သည်။
ဖြစ်ပျက်ခဲ့သော ကိစ္စများမှာ ဘာသာရေးအရ ဖြစ်ပွားခဲ့ခြင်း မဟုတ်ကြောင်း စကားလုံးသုံးနှုန်းထားခြင်းနှင့် ပတ်သတ်၍ လက်မခံနိုင်ကြောင်း၊ ဘာသာရေးအရပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း မြန်မာနိုင်ငံမှာ မရှိခဲ့ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးမျိုးကျော်က မဇ္ဈိမကို ပြောသည်။
ကော်မရှင် စုံစမ်းထားတဲ့ “ဒေါက်တာဆိတ်ဖွား” ကို လွှတ်တော်က ဆုံးဖြတ်မည်ဟု ခန့်မှန်း
ရန်ကုန်(မဇ္ဈိမ)။ ။ လွှတ်တော်ကို ဝေဖန်ထားသည့် ကလောင်ပိုင်ရှင် ဒေါက်တာဆိတ်ဖွားဆိုသူမှာ မည်သူမည်ဝါ
ဖြစ်သည်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိပြီးဖြစ်ပြီး ထိုသူကို လွှတ်တော်ပြန်စသည့် ဇွန်လကုန်တွင် ဆုံးဖြတ်မည်ဟု ခန့်မှန်းကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။
သူက "အစီရင်ခံစာကို လွှတ်တော်ကို တင်ပြထားပါတယ်။ ဘယ်သူဆိုတာကို ပြည်ထောင်စုလွှတ်တော် နာယကနဲ့ လွှတ်တော်က ဆုံးဖြတ်မှာပေါ့။ ဇွန်လကုန်လောက်မှာ ထုတ်ပြန်မယ်ထင်တယ်" ဟု ပြောသည်။
ဒေါက်တာဆိတ်ဖွားမည်သူမည်ဝါဖြစ်သည်ကို အတိအကျမပြောသော်လည်း "ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်လို့ရနေပါပြီ" ဟု ဦးဖုန်းမြင့်အောင်ကဆိုသည်။ "ဥပဒေအထက်တွင် လွှတ်တော်ရှိသလား" ဆိုသည့် ဆောင်းပါးတိုကို Voice of Myanmar ဟုအမည်ရသည့် အင်တာနက် ဘလော့ဂ်တွင် ဒေါက်တာဆိတ်ဖွား ကလောင်ဖြင့် ရေးသားသူကို
ဖေါ်ထုတ်ပေးရန် ဇန်နဝါရီလ ၁၇ ရက်က ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်အမတ် ဒေါက်တာစိုးရင်က အရေးကြီး အဆိုတင်သွင်းခဲ့ပြီးနောက် ကော်မရှင်ဖွဲ့၍ စစ်ဆေးခဲ့ခြင်းဖြစ် သည်။
ဒေါက်တာဆိတ်ဖွားသည် သူ၏ဆောင်းပါးတွင် "လွှတ်တောင်ဥက္ကဌနှင့် အပေါင်းအပါများ" ဟူသည့် စကားလုံးကို သုံးနှုန်း ရေးသားခဲ့ခြင်းက အမတ်များကို တရားခံအဖြစ်သုံးသည့် အသုံးအနှုန်းဖြင့် ရေးသားဝေဖန်သည်ဟု လွှတ်တော်အမတ်များ က ဆိုသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သမ္မတရုံး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ တပ်မတော်ဆက်သွယ်ရေးတပ်မှ အရာရှိများနှင့် သတင်းမီဒီယာ အချို့တို့နှင့် ပူးပေါင်းစစ်ဆေးခဲ့ပြီးနောက် ဒေါက်တာဆိတ်ဖွားကို သိရှိခဲ့ခြင်းဖြစ်သည် ဦးဖုန်းမြင့်အောင်၏ ပြောဆိုချက်အရ သိရသည်။
"ဆက်ပြီးတော့ ဘယ်လိုအရေးယူမလဲဆိုတာကိုလည်း လွှတ်တော်ကပဲဆုံးဖြတ်လိမ့်မယ်။ တရားရုံးမှာတော့ ဥပဒေအရ ပြန်ပြီးတော့ ရင်ဆိုင်ရင် ရင်ဆိုင်မှာပေါ့" ဟုလည်း ဦးဖုန်းမြင့်အောင်ကပြောသည်။
အဆိုပါ ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖေဖေါ်ဝါရီလ ၈ ရက်က စတင်ဖွဲ့စည်းခဲ့သည်။ ထိုကဲ့သို့ ဒေါက်တာဆိတ်ဖွား ကိစ္စကို စုံစမ်းဖေါ်ထုတ်ရန် လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အင်တာနက်တွင် ဝေဖန်မှုများရှိသလို နိုင်ငံရေးနယ်ပယ်တွင်လည်း လက်မခံမှုများရှိနေသည်။
စေတီပုံပါ အထည်စများ ရောင်းချခဲ့သော အထည်ဆိုင် ပိတ်သိမ်းထားရ
ရန်ကုန် (မဇ္ဈိမ)။ ။ ဗုဒ္ဓဘာသာ စေတီပုံပါ ပိတ်ထည်စများ ရောင်းချမိ၍ ရန်ကုန်မြို့၊ မင်္ဂလာဈေး အတွင်းရှိ
မေခလာသိန်း အထည်ဆိုင်ကို ဆက်လက်ရောင်းချခြင်း မပြုရဲတော့ဘဲ ပိတ်ထားရကြောင်း အထည်ဆိုင် ပိုင်ရှင် ဦးကျော်လှိုင်သိန်း က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

အထည်စများကို စေတီတော်ပုံများ ရိုက်နှိပ်ရောင်းချသည်ဟု သတင်းရေးသားချက်များနှင့် ပတ်သက်၍ မေခလာသိန်း အထည်ဆိုင်မှ သတင်းစာရှင်းလင်းပွဲ တရပ်ကို ဧပြီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ) စေတီတော်ပုံများ ရိုက်နှိပ်ထားသည့် အထည်စများကို ၎င်းတို့ ထုတ်လုပ်ရောင်းချခြင်း မဟုတ်ကြောင်း တာဝန်ရှိသူတဦးက ပုံစံတူ အထည်စများဖြင့် ပြသရှင်းလင်းသည်။
"ဆိုင်ပိတ်ထားရတယ် အခု အန္တရာယ်ရှိလာပြီ။ ဂျာနယ်တချို့မှာက ထမီစတွေ ထုတ်လုပ် ရောင်းချတဲ့ ပုံစံမျိုးတွေ
ရေးလာတဲ့အတွက် ကျနော်တို့ ငယ်ငယ် ကတည်းက ရောင်းလာခဲ့တဲ့ အထည်ဆိုင်ကို ပိတ်ရတဲ့ အဆင့်
ရောက်နေပြီ။ ဘာသာရေး စော်ကားတဲ့ အလုပ်မျိုးဘယ်တော့မှ မလုပ်ပါဘူး။ ဒါကြောင့် ဒီပိတ်စတွေဟာ ကျနော်တို့ ထုတ်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးတွေဟာ မဟုတ်ပါဘူး" ဟု ဦးကျော်လှိုင်ဦး က ငြင်းဆို။
ဧပြီလ ၁၁ ရက်နေ့က စေတီပုံပါ အထည်စများ ထိုဆိုင်မှ ဝယ်ယူမိသည့် ဇနီးမောင်နှံက တိုင်ကြား၍ အထည်ဆိုင်၊ ဂိုထောင်နှင့် ဆိုင်ရှင်၏ နေအိမ်သို့ မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ လာရောက်ရှာဖွေ၍ အထည်များကို သိမ်းဆည်းသွားခဲ့သည်။
ပြည်တွင်းထုတ် သတင်းဂျာနယ်အချို့တွင် စေတီပုံ ရိုက်နှိပ်ထားသော အထည်စများ ရောင်းချနေသည်ဟု မျက်နှာဖုံးသတင်းအဖြစ် ပါရှိလာပြီးနောက် ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် မေခလာသိန်း အထည်ဆိုင်မှ သတင်းမီဒီယာများအား ခေါ်ယူရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။
ထိုသို့ ဈေးကွက်များတွင် စေတီပုံပါသော အထည်စများ ရောင်းချမိခြင်းကြောင့် ရှိပြီး ပဋိပက္ခ အခြေအနေများကို ပိုပြီး ကြီးထွားစေနိုင်ကြောင်း နိုင်ငံတော် သံဃာမဟာနာယက၊ ထေရဝါဒ ဓမ္မကွန်ယက် အကြံပေး ရှေ့နေ ဦးအေးပိုင် က ဆိုသည်။
"ဂျာနယ်တွေမှာ ဖော်ပြထားတဲ့ စေတီပုံ ပါတဲ့ အထည်စတွေက ယောက်ျားလေး ဝတ်တွေလည်း မဟုတ်ဘူး။ မိန်းကလေးတွေ ဝတ်လေ့ရှိတဲ့ ထမီပုံစံမျိုးတွေပဲဖြစ်တယ်။ ဒီဟာတွေကို ရောင်းရမယ်ဆိုပြီး နောက်ကနေ ကြိုးကိုင်တဲ့ အဖွဲ့စည်းတွေ ဘာတွေတော့ မရှိနိုင်ပါဘူး" ဟု ဦးအေးပိုင် က ခန့်မှန်းသည်။
ယင်းဖြစ်စဉ်များနှင့် ပါတ်သက်၍ ရွှေဝါရောင် သံဃာတော်များ ကွန်ယက် ဥက္ကဋ္ဌ ဆရာတော် ဦးပဏ္ဍဝံသ ကလည်း "အချိန်မီလည်း ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် ဘာမှလည်း ပြဿနာ မဖြစ်ခဲ့ဘူး။ နောက်ပြီး ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့အရေးအခင်းတုန်းကလည်း ဒီလိုပဲ စေတီပုံတွေ ပါတဲ့ အထည်စတွေ ပေါ်လာခဲ့ဖူးတယ်။ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ပုံတော်တွေရိုက်နှိပ် ထုတ်ဝေတာတွေနဲ့ပါတ်သက်ပြီး ဥပဒေနဲ့ မကိုက်ညီရင် နိုင်ငံတော် သံဃာ့ မဟာ နာယက ကနေ အရေးယူဆောင်ရွက်ပါတယ်။ အခုကိစ္စမှာလည်း ဒီလိုပဲ ဆောင်ရွက် လိမ့်မယ်လို့ ဘုန်းကြီး ထင်တယ်" ဟု ယင်းစာနယ်ဇင်းရှင်းလင်းပွဲတွင် မိန့်ကြားသွားသည်။
လက်ရှိတွင် ဆိုင်ပိုင်ရှင် ဦးကျော်လှိုင်သိန်း အား သာသနာတော် ညှိုးနွမ်းစေမှုအဖြစ် ပုဒ်မ ၂၉၅ ဖြင့် မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ အရေးယူထားပြီး အာမခံ ရရှိထားသည်။
ဖားကန့် တနိုင်တပိုင် ကျောက်တူးသမားများအား အစိုးရတပ် မောင်းထုတ်
ချင်းမိုင်(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကျောက်စိမ်းမှော်များတွင် တနိုင်တပိုင် ရေမဆေးကျောက် တူးနေသူများ ဒေသခံ၏ တဲများ၊ စက်ပစ္စည်းများကို အစိုးရ စစ်တပ်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကာ
ခြိန်းခြောက် နှင်ထုတ်လျက်ရှိကြောင်း ဖားကန့်မြို့ခံများက ပြောသည်။
ဖားကန့်မြို့နယ် ရှရော်ခ၊ မဲ့လင်ဂျောင်၊ မှော်စီဆာ၊ ဂွေခါ၊ မှော်လကင် စသည့် ကျောက်စိမ်း မှော်များတွင် ထိုကဲ့သို့ ဖြစ်ပျက်နေသည်ဟု ဖားကန့်မြို့ခံ ကျောက်တူးသမားတဦးက ပြောသည်။
"နေ့တိုင်းလို စစ်တပ်က ကားနှစ်စီးနဲ့ လာပြီး မောင်းထုတ် ကျောက်တူးသမားတွေနေတဲ့ တဲတွေ မီးရှို့တာတွေ၊ ဆိုင်ကယ်၊ မီးစက်တွေ မီးရှို့တယ်။ ရွှေမှော်မှာ ရွှေတူးနေတဲ့ စက်တွေကို သိမ်းယူပြီး ရေထဲ တွန်းထည့်ပေးတာတို့ မနေ့ကရော၊ ဒီနေ့ရော မောင်းထုတ်နေတာ။ မှော်တိုင်း လိုလိုပါပဲ စစ်တပ်က လုပ်နေပါတယ်" ဟု မဇ္စျိမကို ပြောသည်။
ကျောက်စိမ်းကုမ္ပဏီများ ဝင်ရောက်လာမည်ဟု မျှော်လင့်သဖြင့် သာမန်ပြည်သူများ လုပ်ကိုင်ခွင့် မပြုသည့် သဘောဖြစ်သည်ဟု မြို့ခံ ကျောက်ရှာသူတဦးက ဆိုသည်။
"သူတို့ ပြန်သွားမှ ခိုးလုပ်စားနေကြတာ။ ကျနော်တို့က တခြားဘာမှ မလုပ်စားတတ်တော့ အုပ်ချုပ်တဲ့လူတွေလည်း ကျနော်တို့ကို ဘာမှ မစဉ်းစားပေးဘူးလား ဆိုပြီး စိတ်မကောင်းစွာနဲ့ လုပ်ကိုင်စားသောက်နေရတယ်" ဟု မဇ္စျိမကို ပြောသည်။
ထိုသို့ စစ်တပ်မှ ပြုလုပ်နေခြင်းမှာ နယ်မြေစိုးမိုးရေး ပြုလုပ်နေခြင်း ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖားကန့်မြို့နယ် တာဝန်ခံ ဦးခင်မောင်ချင်း က ဆိုသည်။
"အဲဒါက ကျောက်စိမ်း လုပ်ကွက်တွေထဲမှာ ဒီနယ်မြေခံတွေ တနိုင်တပိုင်လေးတွေ တူးနေကြတာ။ တချို့က လူ ၃၀၀၊ ၄၀၀ လောက် အုပ်စုလိုက် လုပ်နေတော့ သူတို့လည်း နယ်မြေစိုးမိုးရေး လုပ်တဲ့သဘော လုပ်တာပါ" ဟု ၎င်းက ယူဆသည်။
ဖားကန့်မြို့နယ်တွင် ၁၀၁ တပ်မ လက်အောက်ခံ တပ်ဖွဲ့များ လှုပ်ရှားသွားလာနေပြီး စစ်ကားနှစ်စီးဖြင့် နေ့စဉ် လှည့်လည်နေကာ ထိုသို့ ပြည်သူလူထုများ၏ ပစ္စည်းများ လုယူနေသည်ဟု ဒေသခံများထံမှ သိရကြောင်း ကချင်လွတ်လပ်ရေးတပ် KIA တပ်ရင်း ၆ တပ်ရင်းမှ ဒု-ဗိုလ်မှူး ဇော်ဒွဲက ပြောသည်။
"တနေ့ကပဲ နမ်ဖျစ်ဘေးက ဥရုချောင်းနဘေးမှာ ရှိတဲ့ ရွှေမှော်မှာ ရွှေတူးနေတဲ့ ရွှေကျင်စက် အလုံး ၃၀ လောက် သိမ်းသွားပြီး မီးရှို့တယ်။ ပြည်သူတွေကို တွေ့ရင် ထိုင်ထ လုပ်ခိုင်း၊ ပိုက်ဆံ၊ ဖုန်းရှိရင် ဖုန်းယူသွားတယ်။ ဆိုင်ကယ်တွေ ယူသွား၊ ကျောက်ရှိရင် ကျောက်တွေ ယူသွားတယ်။ နေ့တိုင်းလိုပဲ" ဟု မဇ္စျိမကို ပြောသည်။
ဖားကန့်-မြစ်ကြီးနားကားလမ်း ဖားကန့်မြို့အဝင် ကျောက်ဖြာ ခုနှစ်မိုင်၊ လေပြင်၊ ကားမိုင်းအထက် မအူပင် စသည့် နေရာများတွင် ခရီးသည်များအား စစ်တပ်က မှတ်ပုံတင်စစ်ဆေးမှုများ ပြုလုပ်၍ ငွေကောက်ခံမှုများလည်း ရှိနေသည်ဟု ဖားကန့်မြို့ခံ တဦးက ပြောသည်။
ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင် KIO တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် အစိုးရဘက်မှ စစ်အင်အား အလုံးအရင်း နေရာယူထားခဲ့ရာမှ ယနေ့ထိ တပ်လျော့နည်းသွားခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
ရခိုင် နိုင်/ကျဉ်း နှစ်ဦး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်
စစ်တွေ (မဇ္ဈိမ)။ ။ ရခိုင် နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြေသာ ကိုရဲထက်စိုးနှင့် ကိုနိုင်စိုးတို့ နှစ်ဦးအား ဧပြီလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက အင်းစိန်နှင့် ပခုက္ကူ အကျဉ်းထောင်များမှ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၃ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ပြန်လွှတ်ပေးလိုက်သောအကျဉ်းသား ၉၃ ဦးတွင် ၎င်းတို့နှစ်ဦး ပါဝင်လာခြင်း ဖြစ်သည်။
"ကျနော်က အင်းစိန်ထောင်က ပြန်လွတ်တာပါ။ ကိုနိုင်စိုးကတော့ ပခုက္ကူထောင်ကနေ ဒီနေ့ လွတ်လာပြီလို့ သိရတယ်။ ကျနော်ကို ချထားတဲ့ ကိုးနှစ်မှာ လျှော့ရက်နဲ့ဆို တနှစ်ခွဲလောက် ထောင်ကြွေး ကျန်သေးတယ်။ လွတ်ခါနီးမှာ ၄၀၁ ကို လက်မှတ်ထိုးခဲ့ရသေးတယ်" ဟု ကိုရဲထက်စိုး က မဇ္ဈိမကို ပြောသည်။
၎င်းတို့နှစ်ဦးအား နိုင်ငံရေး လှုပ်ရှားမှုကြောင့် ၂၀၀၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ကိုရဲထက်စိုး (မြေပုံ) အား ၁၉၈၈ ခုနှစ်၊ တရားမဝင် အသင်းဖွဲ့ခြင်း ဥပဒေ ပုဒ်မ ၇ အရ ထောင် ၃ နှစ်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေအရ ၅ နှစ်နှင့် အီလက် ထရောနစ် ဥပဒေအရ ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၉ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့
သည်။ အလားတူ ကိုနိုင်စိုး (စစ်တွေ) အားလည်း ၁၉၈၈ ခုနှစ်၊ တရားမဝင် အသင်းဖွဲ့ခြင်း ဥပဒေပုဒ်မ ၇ အရ ထောင် ၃ နှစ်၊ ပေါက်ကွဲ စေတတ်သော ပစ္စည်းများ အက်ဥပဒေအရ ၅ နှစ်ပါဝင်သည့် စုစုပေါင်းပြစ်ဒဏ် ၈ နှစ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။
"လက်ရှိ ထောင်အနေအထားက အတော်အသင့်ကောင်းနေတယ် ဆိုပေမယ့် စိတ်မကောင်းစရာက အခုရက်ပိုင်း အင်းစိန်ထောင်ထဲမှာ HIV နဲ့ TB ဝေဒနာရှင်တွေ ဆေးပြတ်နေတယ်ဗျ" ဟု ကိုရဲထက်စိုးက ပြောသည်။
ထောင်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှု အနေအထားကို လေ့လာကာ မည်သည့် အနေအထား၌ဖြစ်စေ တိုင်းပြည်အတွက် လူမှုဝန်ထမ်းလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ထိုင်းနိုင်ငံအခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသား လူငယ်များ အစည်းအရုံး (AASYC) အဖွဲ့ဝင်များအဖြစ် စွပ်စွဲလျက် ရခိုင်လူငယ် ၁၁ ဦးအား ဖမ်းဆီး၍ ထောင်ဒဏ် ၃ နှစ်မှ ၉ နှစ်အထိ ပြစ်ဒဏ်များအသီးသီး ချမှတ်ထားခဲ့ပြီးနောက် ထိုအထဲမှ ၉ ဦးအား ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ရာ ယခုနှစ်ဦးမှာ နောက်ဆုံးမှ ပြန်လွတ်လာသူများ ဖြစ်သည်။
ပျူလူမျိုးတွေ ဘယ်ရောက်သွားပါသလဲ
ရှေးယခင် သူရဲကောင်းတွေက နူးညံ့တဲ့၊ ကြံ့ခိုင်တဲ့၊ ရဲရင့်တဲ့ စိတ်ဓါတ်တွေနဲ့ မြို့နန်းကြီးတွေကို သူတို့ကိုယ်တိုင် ဘယ်လိုများ တည်ဆောက်ခဲ့ကြသလဲ ဆိုတဲ့ အြံသလေးစားရတဲ့အတွေးတွေနဲ့ သရေခေတ္တရာမြို့ဟောင်းကြီးဆီ အလည်တခေါက်ရောက်ခဲ့ပါတယ်။
ပြည် အဝေးပြေးကားဝင်းအနီးက ရပ်ကွက်တွေကိုဖြတ်ပြီး အတွင်းထဲသို့အတော်ဝင်သွားပြီးတဲ့နောက် သဲလမ်းတွေရယ်၊ လမ်းရဲ့တဖက်က သရေခေတ္တရာ မြို့ဟောင်း အုတ်ရိုးကြီးနဲ့အတူ မြို့ရိုးတူးဖော်ရာနေရာ က နေပူပူကွင်းပြောင်ပြောင်ဖြစ်နေတာရယ်၊ နောက် ကျန်တဖက်က စိမ်းစိမ်းစိုစိုနဲ့ ကျွန်းစိုက်ခင်းတွေရှိနေတာကိုလည်း ပန်းချီကားတစ်ချပ်သဖွယ် တွေ့မြင်ရပါတယ်။
နာရီဝက်ခန့်ခရီးနှင်ခဲ့ပြီး ဘောဘောကြီးဘုရားကို သွားရာလမ်းမှာ အမှတ်မထင်ဆိုင်းဘုတ်လေး တစ်ခုကို မြင်လိုက်ရလို့ ဆိုင်ကယ်ကို ချိုးကွေ့ပြီး ပေတစ်ရာလောက်ရှည်လျားတဲ့ သံဇကာအဆောက်အအုံတစ်ခုဆီကို ရောက်သွားခဲ့တယ်။
အဲ့ဒီနေရာက အရိုးအိုးတွေ တပုံတပင်နှဲ့ ပျုလူမျိုးတို့ရဲ့သင်္ချိုင်းလို့ ခေါ်ရမလားမသိ။ ရှေးတုန်းက ပျုလူမျိုးတွေ သေဆုံးပါက အရိုးတွေကိုမြေအိုးများနဲ့ ထည့်မြုပ်နှံခဲ့ကြလေ့ရှိပြီး ပျူမင်းမျိုး မင်းနွယ်များရဲ့ အရိုးတွေကို ကျောက်အိုးများနှင့် မြုပ်နှံလေ့ရှိတယ်လို့ ပညာရှင်တွေရဲ့ သုတေသနပြုလုပ်မှုများအရ သိရပါတယ်။
အဲ့ဒီနောက်မှာတော့ ဘောဘောကြီးဘုရားကိုဆက်သွားခဲ့လို့ လမ်းဘေးတဖက်တချက်က တူးဖော်ထားတဲ့ကုန်း (အဆောက်အဦး) တချို့ကိုလည်း တွေ့ခဲ့ရပြန်တယ်။ ဘောဘောကြီးဘုရားလို့ လူသိများခေါ်တွင်ပေမယ့် စေတီတစ်ဆူပုံစံသာတွေ့ရတာဖြစ်ပြီး ဒွတ္တပေါင် မင်းကြီးတည်ထားကိုးကွယ်ခဲ့သည်လို့ ရှေးမြန်မာ ရာဇ၀င်ကျမ်း တွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီနေရာမှာအလျှင်းသင့်လို့ ဖော်ပြရလျှင် ရှေးမြန်မာရာဇဝင်ဆရာတို့ ပျူဘာသာ "တ္ဒးဗံး" ကို အသံဖလှယ်ရာမှ "ဒွတ္တပေါင်" လို့ခေါ်တွင်သွားတာဖြစ်ပြီး "တ္ဒးဗံး" ရဲ့အနက်ဓိပ္ပာယ်ကတော့ "မင်းကြီး" ဖြစ်တယ်လို့လည်း ပညာရှင်အချို့က ဆိုကြပြန်တယ်။
စေတီရဲ့ပုံသဏ္ဍန်ကတော့ ပုဂံကငကျွဲးနားတောင်း စေတီနဲ့တူပြီး စလင်ဒါပုံစံတည်ရှိကာ အမြင့်ပေတစ်ရာ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
အေဒီ ၄ ရာစုမှ ၉ ရာစုအတွင်း တည်ထားခဲ့တဲ့ သရေခေတ္တရာခေတ် စေတီတော်များအနက် ဘောဘောကြီး ဘုရားမှာ ရှေးအကျဆုံးဖြစ်တယ်လို့ လေ့လာသူ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။
ဘောဘောကြီးဘုရားက ဆက်သွားတော့ ဘဲဘဲဂူဘုရားနဲ့ ဘုရင်မသင်္ချိုင်းတို့ရှိပြီး ဘုရင်မသင်္ချိုင်းကတော့ ကုန်းအနေနှင့်သာ တည်ရှိပါတော့တယ်။ ဘဲဘဲဂူဘုရားက အဆောက်အဦးရဲ့အပေါ်တွင် ပစ္စရာအဆင့်များ ပြုလုပ်ထားပြီး ထိုပစ္စရာများအထက် ကွမ်းတောင်တည်ရှိကာ ပုဂံဘုရာတွေလို အဆင်တန်ဆာမပါရှိပါ။
ဂူအတွင်းကို အတားအဆီးမရှိ ၀င်လို့ရတဲ့အတွက့် ဂူအတွင်းမှာရှိတဲ့ ရှေးဆင်းတုတော်တစ်ဆူကိုဝင်ရောက် ဖူးမြှော်ခွင့်ရခဲ့ပေမယ့် ရှေးဟောင်းအမွေအနှစ်တွေကို အခုလို လုံခြုံမှုလျော့ရဲစွာ ထိန်းသိမ်းထားရသလား ဆိုတဲ့အတွေးနဲ့ တာဝန်ရှိသူများကို စိတ်ထဲအပြစ်တင်မိပါသေးတယ်။ မသမာသူတွေ လက်ထဲကိုသာ ရောက်သွားရင် မတွေးဝံစရာပါပဲ။
အဲဒီနောက်မှာတော့ သရေခေတ္တရာမြို့ဟောင်းအတွင်းသို့ သွားခဲ့ပြီး စဥ့်အုတ်များနဲ့ပြုလုပ်ထားတဲ့ သရေခေတ္တရာ မြို့ရိုးကြီးနဲ့အတူ ရဟန္တာဂူဘုရားကိုလည်း အထက်ကပြောခဲ့သလို ဂူအတွင်းသို့ အတားအဆီးမရှိ ၀င်ရောက် ဖူးမြှော်ခွင့်ရပြန်တယ်။
ရဟန္တာမြို့ဝင်ပေါက်လို့ ခေါ်တဲ့ မြို့ဝင်ပေါက်မှတဆင့် မြို့ဟောင်းအတွင်း ၀င်ရောက်ပြီးနောက် အတွင်း နန်းတော်ရာကုန်းလို့ သတ်မှတ်ထားတဲ့ နေရာကိုရောက်ရှိခဲ့တယ်။ နန်တော်ရာကုန်းကတော့ ထောင့်မှန်စတုဂံပုံ ကုန်းမြင့်မြင့်နဲ့ ခြုံများနှင့်အုတ်ပုံအသွင်သာတွေ့ရပါတော့တယ်။
ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံရှိရာနယ်မြေဖြစ်တာကြောင့် နေရာတိုင်းမှာ သစ်ပင်ကြီးဆိုလို့ လုံးဝမရှိပဲ ခြစ်ခြစ်တောက် ပူနေတဲ့ သဲဖြူလမ်းတလျောက် လူကကျွတ်နေအောင် ခံစားခဲ့ရသေးတယ်။ တဖက်က ကျွန်းတောကြီးကို ဖြတ်သန်းခဲ့ရသလို ကျေးငှက်သံမရှိ အေးချမ်းမှုလုံးဝကင်းမဲ့လှတဲ့အတွက် သစ်တော၊ သစ်ပင်တွေရဲ့ အရေးပါလှပုံကို ကိုယ်တိုင်ခံစားသိလာရတော့တယ်။
သမိုင်းဝင် "ထန်" တရုတ်စာပေ ရာဇ၀င်ဟောင်းတွေရဲ့ အဆိုအရ အေဒီ ၄ ရာ စုလောက်ကပင် အလွန် တိုးတက်ခဲ့ပြီး အေဒီ ၈ ရာစုလောက်တွင် မြို့ကြီး ၅ မြို့ နှင့်ပြည်နယ်ပေါင်း ၁၈ နယ်မျှရှိခဲ့တဲ့ ပျူမြို့တော်ကြီးမှာ အခုအခါ ကျီးနှင့်ဖုတ်ဖုတ် လို့ဆိုရမလောက်အောင် ဖြစ်နေပါပြီ။
ဒေါက်တာသန်းထွန်းရေးခဲ့သလို တောင်တွင်းကြီးအနီးက ဗိဿနိုး၊ ရွှေဘိုတောင်ဘက်က ဟန်လင်း၊ ပြည်အနီး မှော်ဇာက သရေခေတ္တရာဆိုတဲ့ ပျုနိုင်ငံတွေကို တည်ထောင်ခဲ့တဲ့ ပျူလူမျိုးတွေ ဘယ်ရောက်သွားပြီလဲ ဆိုတာကို စဉ်းစားရင်း နန်းတော်ရာကုန်းအတွင်း ဟိုဟိုဒီဒီလေ့လာလိုက်ပါသေးတယ်။
သေချာတာတစ်ခုကတော့ ပုဂံက ရာဇကုမာရမင်းသား ရေးထိုးစိုက်ထူခဲ့တဲ့ မြစေတီ ကျောက်စာကို မွန်၊ ပျူ၊ ဗမာ၊ ပါဋ္ဌိ ၄ ဘာသာဖြင့် ရေးထိုးထားတာကို ကြည့်ခြင်းအားဖြင့် ပုဂံခေတ်ထိတိုင်အောင် ပျူလူမျိုးတွေ ရှိနေသေးတယ်လို့ ယူဆရန်သာ ရှိတော့တယ်။ ဒါပေမယ့် မြစေတီကျောက်စာက ပျူစာဟာရှေးမြန်မာစာဖြစ်ပြီး ပုဂံခေတ် မြန်မာစာနဲ့ ပျူခေတ်မြန်မာစာ (မြန်မာစာ ၂ မျိုး)နဲ့ရေးထိုးတာဖြစ်တယ်လို့ သုတေသီအချို့က ဆိုပြန်သေးတယ်။
ကုလသမဂ္ဂပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ယူနက်စကို ကို ကမ္ဘာ့ရှေးယောင်း အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ပေးဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အဆိုပြုတင်သွင်းသွားမယ်လို့ သိရပေမယ့် နောက်ထပ် ဘာသံမှ မကြားတော့။ အခုလည်း လာရောက်လေ့လာသူ ကျွန်တော်တို့ကလွဲလို့ ကျန်ဘယ်သူ့ကိုမှမတွေ့ရ။ သုတေသနအလုပ်များနှင့် တော်တော်အလုပ်ရှုပ်နေသလားဆိုတာလည်း စဉ်းစားစရာပါပဲ။
တကယ်လို့ ယူနက်စကိုကသာ အသိအမှတ်ပြုခံရပါက နိုင်ငံတော်အဆင့်မှ ထိုဒေသရှိ လူမှုစီးပွားရေးအထိပါ အထိုက်အလျှောက် အကျိုးခံစားခွင့်တွေ ရလာမှာဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေလည်း တိုးတက်လာနိုင်လိမ့်မယ် လို့ယုံကြည်မိတယ်။ ဒါ့အပြင် ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းရာမှာ စနစ်တကျထိန်းသိမ်းလာနိုင်ပြီး ကမ္ဘာပေါ်တွင် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းမနိမ့်ဘူး ဆိုတာကိုပါ ကမ္ဘာကိုပြသနိုင်လိမ့်မယ်လို့ မျှော်လင့်မိပြန်တယ်။
စာရေးသူအနေနဲ့တော့ ပညာရှင်လည်းမဟုတ်တာကြောင့် ဥာဏ်မီသလောက်ပဲမျှော်လင့် တိုက်တွန်းတတ် ပါတယ်။ တက်ကျွမ်းသူပညာရှင်တွေ စနစ်တကျသုတေသနပြုလုပ်နိုင်ဖို့ဆိုတာ နိုင်ငံတော်ဘတ်ဂျက် ကလည်း လိုသေးတယ်ဆိုတာ ဖြည့်တွေးရင်း မှော်ဇာရှိ သရေခေတ္တရာ ယဉ်ကျေးမှု့ပြတိုက်ကို သွားရောက် လေ့လာခဲ့ပါသေးတယ်။
ပြတိုက်မှာ ကျောက်အရိုးအိုးတွေ၊ ပျူခေတ် အသုံးအဆောင်တွေ၊ ဒင်္ဂါးတွေကိုပြသထားပြီး အခိုးခံခဲ့ရတဲ့ ပြည်တော်ပြန် အရုပ် ၅ ရုပ်ကိုလည်း ထူးထူးခြားခြားတွေ့ခဲ့ရသေးတယ်။ အဲဒီ အရုပ် ၅ ရုပ်အနက် ၄ ရုပ်က အခိုးခံခဲ့ရပြီး အနောက်နိုင်ငံတွေကိုရောက်သွားပြီး သူဌေးတစ်ဦးက ၀ယ်ယူခဲ့ပြီး ပြန်လည်လာရောက် အပ်နှံခဲ့ခြင်းကြောင်း ပြတိုက်တာဝန်ကျ ၀န်ထမ်းတစ်ဦးကရှင်းပြတယ်။ ပြတိုက်မှာရှိတဲ့ ရှေးဟောင်း အမွေအနှစ် တွေတောင် ဒီလို အခိုးခံရရင် ဂှုဘုရားတွေက ရှေးဟောင်းအမွေအနစ်တွေ အတွက် တော်တော်လေး ရင်လေးမိပါသေးတယ်။
စစ်ကိုင်းက ကောင်းမှုတော်စေတီပုံစံမျိုးရှိတဲ့ ဘုရားကြီး၊ ဘုရားမာ တို့ကို သွားရောက်တော့ ဘုရားအနီးမှာ ရှိနေတဲ့ ကောက်စိုက်သမလေးများနဲ့ စကားလက်ဆုံကျခဲ့ရသေးတယ်။
အတန်းပညာကလည်း သူတို့ ၇ ယောက်မှာ ၄ တန်းထိတက်ခဲ့တာ တစ်ယောက်သာပါတယ်ဆိုတာသိရတော့ သက်ပြင်းများတောင်ချမိသေးတယ်။ သူတို့ကို ကြည့်တော့လည်း သီချင်းလေးညဉ်းလို့ ပျော်ပျော်ပဲ ကောက်စိုက်လို့နေကြလေရဲ့။ အပူအပင်မရှိသည့်နှယ်။
အပြန်လမ်းတလျှောက် စာပေယဉ်ကျေးမှုတွေနဲ့ အဲ့ဒီယဉ်ကျေးမှုရဲ့တန်ဖိုးတွေကို ဘယ်လိုများ ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသလဲ ဆိုတဲ့ အတွေးတွေကတလှည့် ဂုဏ်ယူခဲ့ရတဲ့ အဲ့ဒီယဉ်ကျေးမှုအမွေအနစ်တွေအတွက် စိုးရိမ်စရာ အတွေးတွေက တပြန်နဲ့ အပြန်လမ်း တစ်လျှောက် ဥာဏ်မှီသလောက် စဉ်းစားရင်း အငြင်းပွားမှုတွေကိုလည်း အမှတ်ရလိုက်ပါသေးတယ်။
"မြန်မာအစ တကောင်းက"၊ "မြန်မာအစ ကျောက်ဆည်က" စတဲ့ ဆိုရိုးစကားတွေနဲ့ အတူ တချို့ကလည်း မြန်မာဆိုတာ ပျူကဆင်းသက်လာတယ်လို့ သမိုင်းအထောက်အထားတွေနဲ့တကွ ရှာဖွေဖော်ထုတ်ခဲ့ပြီး ပျုမြို့ပြနိုင်ငံများဖြစ်တဲ့ ဟန်လင်း၊ သရေခေတ္တရာ တို့ဟာလည်း မြန်မာတို့ရဲ့အစလို့ တင်ပြနေတဲ့ သုတေသီ အချို့ရှိနေပါတယ်။ အဲ့ဒီအဆိုကိုပဲ အငြင်းပွားမှု အမျိုးမျိုးလည်းရှိနေကြပြန်ပါတယ်။

ဆီးဂိမ်းကြော်ငြာကဏ္ဍအတွက် ဂျပန်ကုမ္ပဏီနှစ်ခုအား တာဝန်ပေး
ယခုနှစ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ၌ ကြော်ငြာဝန်ဆောင်မှုကဏ္ဍများအတွက် ဂျပန်ကုမ္ပဏီနှစ်ခုသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက လွှဲပြောင်း တာဝန်ပေးအပ်လိုက်သည်။
Dentsue Sports Asia နှင့် JK Group ကုမ္ပဏီနှစ်ခုကို တာဝန်ပေးအပ်ခဲ့သည့် အခမ်းအနားအား ဧပြီလ(၁၀) ရက်နေ့က ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုနားဟိုတယ် မင်းတုန်းခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ ဦးမောင်မောင်သိန်းမှ တက် ရောက်ကာ ဂျပန်ကုမ္ပဏီနှစ်ခုနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
"အားကစားပွဲတွေ တော်တော်များများလုပ်ခဲ့ပေမယ့် Sponsorship ကို ရှာပြီးတော့ လုပ်တယ်ဆိုတာ မရှိခဲ့ပါဘူး။ အခုလုပ်တာဟာ မြန်မာပြည်မှာ ပထမဆုံးလို့ပြောလို့ ရပါတယ်၊ ဆီးဂိမ်းကလည်း နှစ်ပေါင်း (၄၀)အကြာမှာ ပထမဆုံးအကြိမ် ပြန်ကျင်းပတာဖြစ်တဲ့အတွက် ပထမဆုံးအကြိမ် နှစ်ခုထပ်သွားပါတယ်။ သူတို့ကို ခန့်အပ်ထားတာကိုလည်း သတင်းစာမှာ ကြေငြာထားတယ်၊ ဒီနေ့ကတော့ ခန့်အပ်လွှာ ပေးအပ်ခြင်း ဖြစ်ပါတယ်" ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ ဦးမောင်မောင်သိန်းက ပြောသည်။
ကူညီထောက်ပံ့ပေးမည့် ကုမ္ပဏီ(စပွန်ဆာ)ရှာဖွေရာ၌ နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုချက်ဖြင့် ဘဏ္ဍာရေးနှင့် ဆုချီးမြှင့်ရေးကော်မတီမှ ပြုလုပ်ခြင်းဖြစ်ပြီး သတင်းစာထဲတွင် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် အကြိမ်ကြိမ် ဖော်ပြ၍ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
"တင်ဒါကို သုံးယောက်ပဲ တင်ပါတယ်။ အများကြီးတင်မယ်လို့ မျှော်လင့်ထားပေမယ့် တင်ဒါ သုံးယောက်ပဲ ရှိပါတယ်၊ သုံးယောက်ကိုမှ စီစစ်ပြီးရွေးချယ်တယ် ရွေးတဲ့အခါမှာလည်း လက်တန်းရွေးတာ မဟုတ်ပဲနဲ့ Point System ကို သုံးပြီးရွေးတယ်၊ နောက်ဆုံး Dentsue နဲ့ JK နှစ်ခုပဲ Winner အဖြစ်နဲ့ ကျန်ပါတယ်၊"ဟု ဒုတိယ ၀န်ကြီးက ဆက်ပြောသည်။
ကြော်ငြာကဏ္ဍ၀န်ဆောင်မှုရရှိသွားသည့် ကုမ္ပဏီနှစ်ခုအနေဖြင့် အခက်အခဲအနည်းငယ်ရှိနိုင်ကြောင်း၊ (၂)နှစ်ခန့် အချိန်ယူပြီးပြုလုပ်လျှင် ပိုမိုကောင်းမွန်နိုင်ကြောင်း Dentsu Sports Asia ကုမ္ပဏီမှ CEO က ဆိုသည်။
"အသေးစိတ် အချက်အလက်တွေ မသိရသေးဘူး၊ အစိုးရနဲ့လည်း ညှိနှိုင်းရဦးမယ်၊ နာမည်ကြီး ကုမ္ပဏီတွေနဲ့ လည်း တိုင်ပင်ရဦးမယ်၊ ပုံမှန်ကတော့ (၂)နှစ်လောက် အချိန်ယူပြီး လုပ်ရမှာဖြစ်တယ်၊ အချိန်ကလည်း (၂)လ လောက်ပဲ လိုတော့တယ်၊ ကျွန်တော်တို့မှာတော့ အတွေ့အကြုံကောင်းတွေတော့ရှိပါတယ်၊ ပြိုင်ပွဲကျင်းပမယ့် သူတွေနဲ့ ဒီမှာရှိတဲ့ ကုမ္ပဏီကြီးတွေက တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံပြီး အကောင်းဆုံးလုပ်သွားမှာပါ" ဟု Dentsu Sports Asia ကုမ္ပဏီမှ CEO Mr. Kunihito Morimura က ပြောသည်။
Sponsorship မှ ရရှိမည့် ငွေပမာဏကိုမူ အတိအကျမပြောနိုင်ကြောင်း၊ လုပ်ကြည့်မှာသာ အတိအကျ သိရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း ဒုတိယ၀န်ကြီးက ဆိုသည်။
"ကြော်ငြာလို့ရတဲ့ဟာ မှန်သမျှကို စပွန်ဆာ ပေးမယ်၊ ကြော်ငြာဆိုင်းဘုတ်တို့ လိုဂိုတို့ စပွန်ဆာပေးမှာ ဖြစ်ပါ တယ်၊ ဘယ်လောက်ရမလဲဆိုတာကိုတော့ လုပ်ကြည့်မှသိမယ်၊ အကြမ်းဖျင်းမှန်းထားတာတော့ အနည်းဆုံး US $ 7 milion ရမယ်လို့တော့ မှန်းထားတယ်" ဟု ဒုဝန်ကြီး ဒေါက်တာ ဦးမောင်မောင်သိန်းက ဆက်ပြောသည်။
၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအား နေပြည်တော်၊ရန်ကုန်၊ငွေဆောင်၊ချောင်းသာတွင် ဒီဇင်ဘာလအတွင်း ပြိုင်ပွဲအသီးသီး ကျင်ပသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများအား Sponsorship ကဏ္ဍဖြင့် ကျင်းပပြုလုပ်သည့် ပထမဦးဆုံး အားကစားပြိုင်ပွဲဖြစ်လာတော့မည်ဖြစ်သည်။

မန်းဘူတာ မီးလောင်မှု ပို့ဆောင်ရေးဝန်ကြီးစိတ်ပျက်
မန္တလေးဘူတာကြီးအတွင်းနေထိုင်ကျက်စားလေ့ရှိသော အိမ်ခြေယာမဲ့များ၏ပေါ့ဆမှုကြောင့် မန်းဘူတာကြီး၌ ဧပြီ(၁၉)ရက်နေ့မှစ၍ သုံးရက်အတွင်း မီးနှစ်ကြိမ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ဧပြီ(၂၁)ရက်နေ့ ညနေပိုင်း မီးရထားတွဲမီးလောင်မှုကို လာရောက်ငြိမ်းသတ်သည့် မီးသတ်အရာရှိ တစ်ဦးက အခင်းဖြစ်ပွားရာသို့ ရောက်ရှိ လာသည့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းကို ယခုကဲ့သို့ တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။
" ရထားပေါ်တက်ပြီး နေနေကြတဲ့ အိမ်ခြေယာမဲ့တွေရှိတယ်၊ မလောင်တဲ့တွဲတွေပေါ်မှာဆိုရင် ကွန်ဒုံး (comdom) တွေကအစ တွေ့ရတယ် ၊ အခုလည်း သူတို့ပစ်ထားတဲ့ဆေးလိပ်မီးက လောင်တာပဲ ဖြစ်မယ် " ဟု တင်ပြခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ပို့ဆောင်ရေးဝန်ကြီးဦးကျော်ဆန်းဘူတာကြီးအတွင်း ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာလုံခြုံရေး အရာရှိများအား ခေါ်ယူကာ နောက်နောင် ယခုကဲ့သို့မဖြစ်ပွားစေရန်နှင့်ဘူတာကြီးအတွင်း အိမ်ခြေယာမဲ့များဝင်ရောက် နေထိုင်နိုင်ခြင်းမပြုရန် ကြပ်မတ်မှုများ ပြုလုပ် ရမည်ဟု သတိပေးပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ (၁၉)ရက်နေ့ညပိုင်း (၁၀)နာရီအချိန်ကျော်တွင်လည်းခြင်ဆေးခွေအား ပလတ်စတစ် ကြိုးဖြင့်ချည်၍ ထွန်းညှိထားရာမှ ရထားတွဲ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ပေါ့ဆမီး ထပ်မံလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
" မနှစ်ကလည်း လောင်တယ် ၊ မနှစ်က လောင်တာကိုတော့ မပြောနဲ့တော့ ဝေးသေးတယ် ၊ဟိုနေ့ကမှ လောင်ထားတာ ၊ ဒီနေ့ထပ်လောင်တယ်ဆိုတော့ ပြောလို့တောင် မကောင်းတော့ဘူး " ဟု ၀န်ကြီးက မြစ်မခ၏ မေးမြန်းမှုကို ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်နေစဉ်အတွင်း ရထားတွဲများ ပိတ်ဆို့နေပြီး အခြားတွဲများသို့ မကူးစက်စေရန် ၀ိုင်း၍ တွန်းရွှေ့ခဲ့ကြောင်းကိုလည်း ပတ်ဝန်းကျင်ရှိဒေသခံတို့က ဆိုသည်။
" ကျွန်တော်က ကားဆရာပါ ၊ မီးက တအားလောင်နေတော့ ဘယ်လိုမှမနေနိုင်ဘူး ၊သူ့ဘေးမှာ ရှိနေတဲ့ တွဲတွေကို ၀ိုင်းတွန်းပြီးရွှေ့ကြတော့မှ သူတစ်တွဲပဲ လောင်ကျန်နေတာ နို့မို့ဆိုမလွယ်ဘူး " ဟု ၀ိုင်းဝန်းကူညီခဲ့သူတစ်ဦးက ပြောသည်။
မီးလောင်မှုဖြစ်ခဲ့သည့်ရထားတွဲသည် တွဲအမှတ် BNUEZ 12665 အထက်တန်းအိပ်စင်တွဲ(၁)ဖြစ်ပြီး မြစ်ငယ် တွဲပြင်စက်ရုံ သို့ပို့ဆောင်ရန်အတွက် သံလမ်းအမှတ်(၁၀)တွင် ရပ်ထားစဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် တန်ဖိုးငွေ (၁၁)သိန်း (၆)သောင်းကျော်ဖိုး ဆုံးရှုံးခဲ့ရပြီး အလေအလွင့်များ တက်ရောက်နေထိုင်ပြီး ပေါ့ဆဆေးလိပ်မီးကြောင့် လောင်ကျွမ်းသည်ဟု မန္တလေးဗဟိုမီးသတ်ကြီး၏သတင်းထုတ်ပြန်မှုအရ သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုအတွက် မန္တလေးမီးရထားရဲစခန်းမှ (ပ)၁၁၀/၂၀၁၃ ပုဒ်မ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

ကမ်းခြေ၌ ဗုံးဖောက်မည်ဆိုသည့်သတင်းများကြောင့် စစ်တွေဒေသခံများ စိုးရိမ်
စစ်တွေကမ်းခြေတွင် ဗုံးဖောက်ခွဲမည့်သတင်းများကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ် လျက်ရှိကာ ခရီးသွားဧည့်သည် ၀င်ရောက်မှု ကျဆင်းခဲ့ကြောင်း သိရှိရသည်။
"စစ်တွေ လူစည်ကားတဲ့ ကမ်းခြေ၊ သဘောင်္ဆိပ်၊ ဘုတ်ဆိပ်နဲ့ ဗွီဒီယိုရုံတွေကို ပစ်မှတ်ထားပြီး ဖောက်ခွဲကြမယ် လို့ သတင်းတွေ ထွက်နေတာကြာပြီ သင်္ကြန်မတိုင်ခင်က။ ဒေသခံတွေရော လာလည်တဲ့ ခရီးသည်တွေရော စိုးရိမ်နေကြရတယ်"ဟု စစ်တွေမြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။
အဆိုပါသတင်းများကြောင့် စစ်တွေကမ်းခြေသို့ ခရီးသည်ဝင်ရောက်မှုကျဆင်းကာ ဟိုတယ်လုပ်ငန်းအချို့ ရပ်နားဖွယ်ရှိကြောင်း စစ်တွေဟိုတယ်လုပ်ငန်းများထံက သိရှိရသည်။
"ဗုံးဖောက်ခွဲမယ်ဆိုတာတွေကြောင့် ကမ်းခြေအပန်းဖြေစခန်းတွေက ပိတ်မလား၊ မပိတ်ဘူးလားဆိုတာတော့ အတိအကျ မသိသေးဘူး။ စစ်တွေဟိုတယ်က ပိတ်ရက်မရှိဖွင့်လှစ်ပါတယ်။ အဲဒီသတင်းတွေကလည်း ကောလ ဟာလလို့ပဲ ယူဆပါတယ်။ မဖြစ်ဖို့လည်း မျှော်လင့်ပါတယ်"ဟု စစ်တွေကမ်းခြေမှ ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်တွေကမ်းခြေသို့နေ့စဉ်အပန်းဖြေလာရောက်သူဦးရေ (၃၀၀)မှ (၅၀၀)၀န်းကျင်ရှိပြီး အစိုးရရုံးပိတ်ရက်များ၌ လာရောက်အပန်းဖြေသူဦးရေသောင်းဂဏန်းကျော် ၀င်ရောက်လည်ပတ်လေ့ရှိကြောင်း၊ ပြည်ပ ခရီးသွား ဧည့်သည် ၀င်ရောက်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
"အဲ့ဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပေမယ့် ပိတ်ဖို့ ပြောတာ အကြောင်းကြားမျိုးတော့မရှိသေးပါဘူး။ ခရီးသည်တော့ အ၀င်တော်တော်လေးနည်းသွားတယ်။ လုံခြုံရေးအာမခံချက်မရရင်တော့ ရက်အကန့်အသတ် မရှိ ပိတ်ထားဖို့ပဲ ရှိတယ်"ဟု ကမ်းခြေတာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါသတင်းများကြောင့် စစ်တွေသို့ လာရောက်အပန်းဖြေလေ့လာလည်ပတ်သူဦးရေ သိသိ သာသာကျဆင်းလာခဲ့ပြီး ဒေသခံများအနေဖြင့်လည်း ယခုကဲ့သို့ ထွက်ပေါ်နေသော သတင်းများကြောင့် လုံခြုံရေး တိုးမြှင့်ချထားပေးရန် မျှော်လင့်မှုများရှိလာကြောင်းကိုလည်း သိရှိရသည်။

သုံးလအတွင်း ရေနစ်သေဆုံးမှု (၁၀) မှု ဖြစ်ပေါ်ခဲ့သည့် ညောင်ချောင်းသာလုံခြုံရေး အစီအစဉ်များချမှတ်ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင်းရှိ ညောင်ချောင်းသာ၌ သုံးလအတွင်း ရေနစ်သေဆုံးမှု (၁၀) မှု ဖြစ်ပေါ်ခဲ့ပြီးနောက် ကမ်းခြေတွင် လုံခြုံရေးအစီအစဉ်များ ကြပ်မတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ညောင်တုန်းမြို.နယ် ရဲတပ်ဖွဲ.မှ သိရသည်။
အဆိုပါညောင်ချောင်းသာကမ်းခြေတွင် ရေနစ်သေဆုံးသူများမှာ ဖေဖေါ်ဝါရီလတွင်တစ်ဦး၊ မတ်လတွင်နှစ်ဦးနှင့် ဧပြီလတွင်သင်္ကြန်ရက်များအပါအ၀င် ရေနစ်သေဆုံးသူ(၇)ဦးထိ ရှိခဲ.ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းရ သိရသည်။
`ရေနစ်သေဆုံးတဲ့ သူကတော့ (၁၀)ယောက်လောက်ရှိသွားပြီ၊ အများစုကတော့ သောက်စားထားပြီး ရေဆင်းဆော့တဲ့သူတွေပါ။ နောက်ပိုင်းတော့ ကြပ်ကြပ်မတ်မတ်လေးလည်း ဖြစ်သွားအောင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ကလည်း တပ်စိတ်(၃)စိတ် လောက် ချထားပေးသွားပြီး အခြားကူညီကယ်ဆယ်ရေးတွေလည်း လုပ်သွားမှာပါ´ဟုညောင်တုန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ရန်ကုန်မြို့မှ(၃၃)မိုင်ခန့်သာကွာဝေးသော ညောင်ချောင်းသာကမ်းခြေအား လွန်ခဲ့သည့် နှစ်နှစ်ခန့်က စတင် ဖွင့်လှစ်ခဲ့ရာ လာရောက်အပန်းဖြေသူများ များပြားသော်လည်း အခြားသော ထင်ရှားသည့် ကမ်းခြေများကဲ့သို့ ကယ်ဆယ်ရေး/လုံခြုံရေးအစီအစဉ်များ တိကျစွာမရှိခဲ့သည့် အတွက် ရေနစ်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့များချထားရေးအပါအ၀င် ကယ်ဆယ်ရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
`ရန်ကုန်နဲ့ကလည်း နေ့ချင်းပြန်လာကစားလို့ရတာရယ်။ ရေချိုကမ်းခြေဖြစ်နေတာရယ်ကြောင့် အခုတစ်နှစ် အတွင်းမှာ လာတဲ့သူတအားများတယ်။ ဒါပေမဲ့ ဒီနေရာက မြစ်ဆုံမှာ သောင်ထွန်းနေတာ ဖြစ်တဲ့ အတွက် ရေဆွဲအားရှိတာကို သတိပေးချက်တွေတော့ ထုတ်ပြန်ပေးသင့်တယ်။ ကျွန်တော်တို့ကတော့ ဆိုင်လာတဲ့လူတိုင်းကို သတိပေးပါတယ်´ ဟု ညောင်ချောင်းသာကမ်းခြေတွင် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦးကဆိုသည်။
ညောင်တုန်းမြို့တော်ခန်းမတည်ဆောက်ရေးအတွက် လိုအပ်ငွေသိန်းပေါင်းသုံးထောင် ရှာဖွေနိုင်ရန် ညောင်တုန်းမြို့နယ် အာဏာပိုင်များနှင့် ညောင်တုန်းမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့မှ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာတွင် သောင်ထွန်းနေသော အဆိုပါနေရာအား အပန်းဖြေနေရာတစ်ခုသဖွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှ သိရပြီး အဆိုပါကမ်းခြေကို အပန်းဖြေစခန်းတစ်ခုအဖြစ် ဖွင့်လှစ်သွားမည် မဟုတ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။
.jpg)