Wednesday, April 24, 2013

မန်းဘူတာ မီးလောင်မှု ပို့ဆောင်ရေးဝန်ကြီးစိတ်ပျက်

မန္တလေးဘူတာကြီးအတွင်းနေထိုင်ကျက်စားလေ့ရှိသော အိမ်ခြေယာမဲ့များ၏ပေါ့ဆမှုကြောင့် မန်းဘူတာကြီး၌ ဧပြီ(၁၉)ရက်နေ့မှစ၍ သုံးရက်အတွင်း မီးနှစ်ကြိမ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

 

ဧပြီ(၂၁)ရက်နေ့ ညနေပိုင်း မီးရထားတွဲမီးလောင်မှုကို လာရောက်ငြိမ်းသတ်သည့် မီးသတ်အရာရှိ တစ်ဦးက အခင်းဖြစ်ပွားရာသို့ ရောက်ရှိ လာသည့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းကို ယခုကဲ့သို့ တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။

 

" ရထားပေါ်တက်ပြီး နေနေကြတဲ့ အိမ်ခြေယာမဲ့တွေရှိတယ်၊ မလောင်တဲ့တွဲတွေပေါ်မှာဆိုရင် ကွန်ဒုံး (comdom) တွေကအစ တွေ့ရတယ် ၊ အခုလည်း သူတို့ပစ်ထားတဲ့ဆေးလိပ်မီးက လောင်တာပဲ ဖြစ်မယ် " ဟု တင်ပြခဲ့သည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ပို့ဆောင်ရေးဝန်ကြီးဦးကျော်ဆန်းဘူတာကြီးအတွင်း ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာလုံခြုံရေး အရာရှိများအား ခေါ်ယူကာ နောက်နောင် ယခုကဲ့သို့မဖြစ်ပွားစေရန်နှင့်ဘူတာကြီးအတွင်း အိမ်ခြေယာမဲ့များဝင်ရောက် နေထိုင်နိုင်ခြင်းမပြုရန် ကြပ်မတ်မှုများ ပြုလုပ် ရမည်ဟု သတိပေးပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ဧပြီလ (၁၉)ရက်နေ့ညပိုင်း (၁၀)နာရီအချိန်ကျော်တွင်လည်းခြင်ဆေးခွေအား ပလတ်စတစ် ကြိုးဖြင့်ချည်၍ ထွန်းညှိထားရာမှ ရထားတွဲ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ပေါ့ဆမီး ထပ်မံလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

" မနှစ်ကလည်း လောင်တယ် ၊ မနှစ်က လောင်တာကိုတော့ မပြောနဲ့တော့ ဝေးသေးတယ် ၊ဟိုနေ့ကမှ လောင်ထားတာ ၊ ဒီနေ့ထပ်လောင်တယ်ဆိုတော့ ပြောလို့တောင် မကောင်းတော့ဘူး " ဟု ၀န်ကြီးက မြစ်မခ၏ မေးမြန်းမှုကို ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါမီးလောင်မှုဖြစ်နေစဉ်အတွင်း ရထားတွဲများ ပိတ်ဆို့နေပြီး အခြားတွဲများသို့ မကူးစက်စေရန် ၀ိုင်း၍ တွန်းရွှေ့ခဲ့ကြောင်းကိုလည်း ပတ်ဝန်းကျင်ရှိဒေသခံတို့က ဆိုသည်။

 

" ကျွန်တော်က ကားဆရာပါ ၊ မီးက တအားလောင်နေတော့ ဘယ်လိုမှမနေနိုင်ဘူး  ၊သူ့ဘေးမှာ ရှိနေတဲ့ တွဲတွေကို ၀ိုင်းတွန်းပြီးရွှေ့ကြတော့မှ သူတစ်တွဲပဲ လောင်ကျန်နေတာ နို့မို့ဆိုမလွယ်ဘူး " ဟု ၀ိုင်းဝန်းကူညီခဲ့သူတစ်ဦးက ပြောသည်။

 

မီးလောင်မှုဖြစ်ခဲ့သည့်ရထားတွဲသည် တွဲအမှတ် BNUEZ 12665 အထက်တန်းအိပ်စင်တွဲ(၁)ဖြစ်ပြီး မြစ်ငယ် တွဲပြင်စက်ရုံ သို့ပို့ဆောင်ရန်အတွက် သံလမ်းအမှတ်(၁၀)တွင် ရပ်ထားစဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်မှုဖြစ်စဉ်ကြောင့် တန်ဖိုးငွေ (၁၁)သိန်း (၆)သောင်းကျော်ဖိုး ဆုံးရှုံးခဲ့ရပြီး အလေအလွင့်များ တက်ရောက်နေထိုင်ပြီး ပေါ့ဆဆေးလိပ်မီးကြောင့် လောင်ကျွမ်းသည်ဟု မန္တလေးဗဟိုမီးသတ်ကြီး၏သတင်းထုတ်ပြန်မှုအရ သိရသည်။

 

အဆိုပါမီးလောင်ကျွမ်းမှုအတွက် မန္တလေးမီးရထားရဲစခန်းမှ (ပ)၁၁၀/၂၀၁၃ ပုဒ်မ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

 

http://www.myitmakhamediagroup.com/administratorpanel/image/23-04-13-3%20(1).jpg

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။