Wednesday, April 24, 2013

ဒဂုံတက္ကသိုလ် ဝန်ထမ်းများအတွက် တန်ဖိုးနည်းဖုန်း ဆင်းကဒ် ၄၁၉ ခု မဲချပေးမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ဒဂုံတက္ကသိုလ်ရှိ အမြဲတမ်း ဝန်ထမ်းများအတွက် ပထမ အသုတ် အနေဖြင့် တန်ဖိုးနည်းဖုန်း ဆင်းကဒ် ၄၁၉ ခုကို မဲနှိုက် ရောင်းချပေးမည် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ဝန်ထမ်းများ ထံမှ သိရသည်။

ဒဂုံတက္ကသိုလ်တွင် ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများမှ စာရေး အဆင့်အထိ အမြဲတမ်း ဝန်ထမ်း ၁,၆၄၅ ဦးရှိ၍ လေးဦးခန့်လျှင် တခုကျ မဲပေါက်မည် ဖြစ်သည်။

"ဧပြီ ၂၂ ရက်က ပြုလုပ်တဲ့ ပါမောက္ခတွေ၊ ဌာနမှူးတွေ အစည်းအဝေးအပြီးမှာ ဝန်ထမ်းတွေကို အသိပေး
ပြောကြားပါတယ်။ တန်ဖိုးနည်းဖုန်း ဝယ်ယူဖို့ အဆိုပြုသူတွေ အားလုံးကို မဲစနစ်နဲ့ ရောင်းချပေးမှာပါ" ဟု ဒဂုံတက္ကသိုလ်၊ စီမံဘဏ္ဍာ ဌာနမှူး ဦးအောင်ဆန်း က ပြောသည်။

ဆင်းကဒ် ၄၁၉ ခုအတွက် အင်္ဂါနေ့တွင် စတင်မဲနှိုက်၍ ရောင်းချပေးမည် ဖြစ်သည်။

"အချို့က ဖုန်းမလျှောက်ကြပါဘူး။ အဆိုပြုသူတွေကို စုပေါင်းပြီး ဒီနေ့ မဲနှိုက်ပေးပါတယ်။ အဆိုပြုသူ ဝန်ထမ်း ၁,၅၀၀ လောက် ရှိပါတယ်။ မဲ မပေါက်တဲ့သူတွေကိုတော့ နောက်အသုတ်မှာ ဆက်ပြီး မဲနှိုက်ပေးမှာပါ။ ရတာတော့ ဝန်ထမ်းအားလုံး ရမှာပါ" ဟု ၎င်းက ဆက်ပြောသည်။

တန်ဖိုးနည်းဖုန်းများအတွက် အသုံးပြုရမည့် ငွေဖြည့်ကတ်နှင့် ဟန်းဆက်ကိုလည်း မြန်မာ့ စီးပွားရေး ဦးပိုင်က
ရောင်းချပေးမည် ဖြစ်သည်။ ဖုန်းအလုံး (Hand set) ကိုလည်း ဈေး အသက်သာဆုံးဖြင့် ရောင်းချပေးမည် ဟု ဆိုသည်။

"ဖုန်းအတွက် မဲနှိုက်ဖို့ကို ဝန်ထမ်း လုပ်သက်၊ ကိုယ်တိုင်သုံးမယ့် ဝန်ခံချက်တွေ မနေ့က ဖြည့်ပေးရပါတယ်။ အခု ရောင်းပေးမယ့် ဖုန်းတွေအတွက် လိုင်းမိအောင် တက္ကသိုလ်နားမှာ တိုင်ထောင်ပေးမယ် ပြောတယ်" ဟု သင်္ချာဌာနမှ ဒုတိယ ပါမောက္ခတဦးက ပြောသည်။

အလားတူ ရန်ကုန်တက္ကသိုလ်ရှိ ဝန်ထမ်းများအတွက်လည်း ပထမ အသုတ်အဖြစ် ရရှိသည့် တန်ဖိုးနည်းဖုန်း ဆင်းကဒ် ၃၀၀ ကျော်ကို ဧပြီ ၂၃ ရက်နေ့ ဝန်ထမ်းများအား မဲနှိုက်ပေးခဲ့ကြောင်း ရန်ကုန်တက္ကသိုလ် ဓါတုဗေဒဌာနမှ ကထိက တဦးက အတည်ပြုပြောကြားသည်။

ပထမ အသုတ်အဖြစ် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအတွက် တန်ဖိုးနည်းဖုန်း ဆင်းကဒ် ၁၁၉,၀၀၀ ခု
ရောင်းချပေးမည် ဖြစ်သည်။ ၎င်းအနက် အစိုးရဝန်ထမ်းများအတွက် ဖုန်းအလုံးရေ ၃၀,၀၀၀ ကို ရောင်းချပေးမည်
ဖြစ်သည်။ ရန်ကုန်တိုင်းအတွင်း အစိုးရဌာန ၇၇ ခုတွင် ဝန်ထမ်း အရေအတွက် ၁၂၀,၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။