Wednesday, April 24, 2013

ဆီးဂိမ်းကြော်ငြာကဏ္ဍအတွက် ဂျပန်ကုမ္ပဏီနှစ်ခုအား တာဝန်ပေး

ယခုနှစ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ၌ ကြော်ငြာဝန်ဆောင်မှုကဏ္ဍများအတွက် ဂျပန်ကုမ္ပဏီနှစ်ခုသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက လွှဲပြောင်း တာဝန်ပေးအပ်လိုက်သည်။

 

Dentsue Sports Asia နှင့် JK Group ကုမ္ပဏီနှစ်ခုကို တာဝန်ပေးအပ်ခဲ့သည့် အခမ်းအနားအား ဧပြီလ(၁၀) ရက်နေ့က ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုနားဟိုတယ် မင်းတုန်းခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

 

အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ ဦးမောင်မောင်သိန်းမှ တက် ရောက်ကာ ဂျပန်ကုမ္ပဏီနှစ်ခုနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

 

"အားကစားပွဲတွေ တော်တော်များများလုပ်ခဲ့ပေမယ့် Sponsorship ကို ရှာပြီးတော့ လုပ်တယ်ဆိုတာ မရှိခဲ့ပါဘူး။ အခုလုပ်တာဟာ   မြန်မာပြည်မှာ ပထမဆုံးလို့ပြောလို့ ရပါတယ်၊ ဆီးဂိမ်းကလည်း နှစ်ပေါင်း (၄၀)အကြာမှာ ပထမဆုံးအကြိမ် ပြန်ကျင်းပတာဖြစ်တဲ့အတွက် ပထမဆုံးအကြိမ် နှစ်ခုထပ်သွားပါတယ်။ သူတို့ကို ခန့်အပ်ထားတာကိုလည်း သတင်းစာမှာ ကြေငြာထားတယ်၊ ဒီနေ့ကတော့ ခန့်အပ်လွှာ ပေးအပ်ခြင်း ဖြစ်ပါတယ်" ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ ဦးမောင်မောင်သိန်းက ပြောသည်။

 

ကူညီထောက်ပံ့ပေးမည့် ကုမ္ပဏီ(စပွန်ဆာ)ရှာဖွေရာ၌ နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုချက်ဖြင့် ဘဏ္ဍာရေးနှင့် ဆုချီးမြှင့်ရေးကော်မတီမှ ပြုလုပ်ခြင်းဖြစ်ပြီး သတင်းစာထဲတွင် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် အကြိမ်ကြိမ် ဖော်ပြ၍ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

 

"တင်ဒါကို သုံးယောက်ပဲ တင်ပါတယ်။ အများကြီးတင်မယ်လို့ မျှော်လင့်ထားပေမယ့် တင်ဒါ သုံးယောက်ပဲ ရှိပါတယ်၊ သုံးယောက်ကိုမှ စီစစ်ပြီးရွေးချယ်တယ် ရွေးတဲ့အခါမှာလည်း လက်တန်းရွေးတာ မဟုတ်ပဲနဲ့ Point System ကို သုံးပြီးရွေးတယ်၊ နောက်ဆုံး Dentsue နဲ့ JK နှစ်ခုပဲ Winner အဖြစ်နဲ့ ကျန်ပါတယ်၊"ဟု ဒုတိယ ၀န်ကြီးက ဆက်ပြောသည်။

 

ကြော်ငြာကဏ္ဍ၀န်ဆောင်မှုရရှိသွားသည့် ကုမ္ပဏီနှစ်ခုအနေဖြင့် အခက်အခဲအနည်းငယ်ရှိနိုင်ကြောင်း၊ (၂)နှစ်ခန့် အချိန်ယူပြီးပြုလုပ်လျှင် ပိုမိုကောင်းမွန်နိုင်ကြောင်း Dentsu Sports Asia ကုမ္ပဏီမှ CEO က ဆိုသည်။

 

"အသေးစိတ် အချက်အလက်တွေ မသိရသေးဘူး၊ အစိုးရနဲ့လည်း ညှိနှိုင်းရဦးမယ်၊ နာမည်ကြီး ကုမ္ပဏီတွေနဲ့ လည်း တိုင်ပင်ရဦးမယ်၊ ပုံမှန်ကတော့ (၂)နှစ်လောက် အချိန်ယူပြီး လုပ်ရမှာဖြစ်တယ်၊ အချိန်ကလည်း (၂)လ လောက်ပဲ လိုတော့တယ်၊ ကျွန်တော်တို့မှာတော့ အတွေ့အကြုံကောင်းတွေတော့ရှိပါတယ်၊ ပြိုင်ပွဲကျင်းပမယ့် သူတွေနဲ့ ဒီမှာရှိတဲ့ ကုမ္ပဏီကြီးတွေက တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံပြီး အကောင်းဆုံးလုပ်သွားမှာပါ" ဟု Dentsu Sports Asia ကုမ္ပဏီမှ CEO Mr. Kunihito Morimura က ပြောသည်။

 

Sponsorship မှ ရရှိမည့် ငွေပမာဏကိုမူ အတိအကျမပြောနိုင်ကြောင်း၊ လုပ်ကြည့်မှာသာ အတိအကျ သိရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း ဒုတိယ၀န်ကြီးက ဆိုသည်။

 

"ကြော်ငြာလို့ရတဲ့ဟာ မှန်သမျှကို စပွန်ဆာ ပေးမယ်၊ ကြော်ငြာဆိုင်းဘုတ်တို့ လိုဂိုတို့ စပွန်ဆာပေးမှာ ဖြစ်ပါ တယ်၊ ဘယ်လောက်ရမလဲဆိုတာကိုတော့ လုပ်ကြည့်မှသိမယ်၊ အကြမ်းဖျင်းမှန်းထားတာတော့ အနည်းဆုံး US $ 7 milion ရမယ်လို့တော့ မှန်းထားတယ်" ဟု ဒုဝန်ကြီး ဒေါက်တာ ဦးမောင်မောင်သိန်းက ဆက်ပြောသည်။

 

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအား နေပြည်တော်၊ရန်ကုန်၊ငွေဆောင်၊ချောင်းသာတွင် ဒီဇင်ဘာလအတွင်း ပြိုင်ပွဲအသီးသီး ကျင်ပသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများအား Sponsorship ကဏ္ဍဖြင့် ကျင်းပပြုလုပ်သည့် ပထမဦးဆုံး အားကစားပြိုင်ပွဲဖြစ်လာတော့မည်ဖြစ်သည်။

 

 

http://www.myitmakhamediagroup.com/administratorpanel/image/10-04-13-4%20(2).JPG

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။