Wednesday, March 13, 2013
တယ်လီဖုန်း ဆင်းကတ် ထောင်ဂဏန်း နှင့် ရောင်းချမည်
KIO နယ်မြေရှိ ၁၀ တန်းကျောင်းသူ/သားများ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေနိုင်ဦးမည် မဟုတ်
မကြာမီ ဖြေဆိုရမည့် ၂၀၁၂-၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ် နယ်မြေရှိ (၁၀) တန်းကျောင်းသူ/သားများ သွားရောက်ဖြေဆိုနိုင်ခြင်း ရှိမည်မဟုတ်ကြောင်း ဒုက္ခသည် ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
မြန်မာအစိုးရတပ်နှင့် (KIA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစ၍  KIO ထိန်းချုပ်နယ်မြေသို့ ခိုလှုံလာသော ဒေသခံကျောင်းသူ/ သားများ၏ သွားလာရန်နှင့် လုံခြုံရေးအရ အခက်အခဲ ဖြစ်သဖြင့် အစိုးရ အုပ်ချုပ်သည့် နယ်မြေသို့ သွားရောက်ဖြေဆိုရန် မဖြစ်နိုင်တော့ကြောင်း ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီဥက္ကဌ ဒွဲပီဆာက ပြောသည်။
"တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ KIO တပ်ဖွဲ့ဝင်မဟုတ်တဲ့ သူကိုလည်း KIO လူဖြစ်တယ်ဆိုပြီး ဖမ်းနေတယ် ဆိုတော့ ဘယ်လိုမှ လုံခြုံရေးမရှိဘူးလေ" ဟုဆိုသည်။
KIO နယ်မြေ လိုင်ဇာ၊ မိုင်ဂျာယန် နှင့် အင်ဂွမ်းလ ကျောင်းများမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားဦးရေ ၂၀၀ ကျော်ရှိပြီး ၄င်းတို့အား KIO ပညာရေးအဖွဲ့မှ တက္ကသိုလ်အဆင့် ပညာရေးသင်ကြားမှု ရရှိရေး စစ်ဆေးမေးမြန်းရန် စီစဉ်ပေးနေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
"KIO အခြေနေကောင်းရင်တော့ ကောလိပ်အဆင့်ထိ ပြင်ဆင်နေဆဲဖြစ်တယ်။ အစိုးရဖက်မှာပဲ သွားတက်ရတာ မဟုတ်ဘဲ KIO ကောလိပ်ကနေပဲ ပြင်ပကို သွားတက်နိုင်တဲ့ အခွင့်အလမ်းထိ ရောက်လာအောင် ရည်ရွယ်ထားတယ်" ဟု ဆိုသည်။
၂၀၁၂-၂၀၁၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် KIO ပညာရေးအဖွဲ့၏ ဗဟိုကော်မတီမှ ပညာရေးမှူးများ၊ အငြိမ်းစား ကျောင်းဆရာများနှင့် ဘွဲ့လွန်ဆရာများမှ ဘုတ်အဖွဲ့ ဖွဲ့၍ မေးခွန်းထုတ်ကာ လာမည့် ဧပြီလ ၁ နေ့မှစ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း လိုင်ဇာ အထက်တန်းကျောင်းမှ ဆရာဦးခေါင်လွမ်းက KNG ကချင်သတင်းဌာနသို့ပြောသည်။
"ကျနော်တို့ ယုံကြည်တဲ့ စိတ်ဓာတ်ရှိဖို့လိုအပ်တဲ့ ခေတ်ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့နိုင်ငံကို ကျနော်တို့ချစ်တယ်။ ကိုယ့်နယ်မြေကို တိုးတက်အောင်လည်း လုပ်သွားဖို့နဲ့ ကလေးတွေတိုးတက်ဖို့ရန် ဦးစားပေး ဆောက်ရွက်နေတယ်။ ဘယ်မှာဖြေဖြေ အစိုးရမှာဖြေလဲ စာကဒီစာပဲ ကချင်မှာဖြေလဲ စာကဒီစာပဲ အဲလိုမြင်တယ်" ဟု ပြောသည်။
မိုင်ဂျာယန် ကျောင်းတွင် ၁၀ တန်းကျောင်းသူ/သား ၉၀ ကျော်ရှိပြီး လိုင်ဇာကျောင်းတွင် ၁၂၉ ယောက်နှင့် မြောက်ပိုင်းတိုင်း အင်ဂွမ်လကျောင်းတွင် ၂၀ ခန့်ရှိပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းမေးပွဲ ကို မိမိတို့ကျောင်း တွင်သာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ယမန်နှစ် ပညာသင်နှစ်တွင်လည်း KIO ထိန်းချုပ်နယ်မြေတွင် ခိုလှုံနေသည့် ကျောင်းသားများသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုနိုင်ခြင်း မရှိသော်လည်း KIO ပညာရေးအဖွဲ့မှ စစ်ဆေးသော စာမေးပွဲတွင် မိုင်ဂျာယန်ကျောင်းမှ ကျောင်းသား ၄၀ ကျော် ခန့်ဖြေဆိုရာ ၂၀ ကျော်အောင်မြင်ခဲ့ကြောင်း သိရသည်။
၎င်းအောင်မြင်သော ကျောင်းသူကျောင်းသားများသည် KIO ဆရာအတတ်သင်ကျောင်း၊ KIO ဗိုလ်လောင်းကျောင်းနှင့် တရုတ်ပြည် မန်ရှီ (Mang Shi) ဆေးကျောင်း၊ မန်ရှီ တရုတ်တက္ကသိုလ်၊ ကျမ်းစာကျောင်း၊ အင်္ဂလိပ်စကားပြောကျောင်း စသည့် ကျောင်းအသီးသီးတွင် သင်ယူခွင့်ရကြောင်း မိုင်ဂျာယန်ကျောင်းမှသိရသည်။
အပစ်ရပ်ရေးမူကို ဆက်ဆွေးနွေးရန် KIO နှင့် အစိုးရတို့ သဘောတူလက်မှတ်ထိုး
KIO နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတည်၌ မတ်လ ၁၁ ရက်မှ  ၁၂ ရက်နေ့အထိ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဘက် ခိုင်မာသည့် အပစ်အခတ်ရပ်ဆိုင်းရေး ရသည်အထိ ဆောင်ရွက်သွားမည် ဆိုသည့် အချက်ကို နှစ်ဦးနှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
KIO နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဆွေးနွေးပွဲ
အဆိုပါ ဆွေးနွေးပွဲပြီးသည့်နောက် မတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်း တရုတ်စံတော်ချိန် ၁ နာရီခွဲခန့်တွင် KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် နှင့် မြန်မာအစိုးရ စစ်တပ်မှ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဒုဗိုလ်ချုပ်ကြီး မြင့်စိုးတို့က မီဒီယာများကို ထိုသို့ ပြောကြားခြင်း ဖြစ်သည် ။
"ဒီကနေ့ ဆွေးနွေးပွဲမှာ အရေးကြီးတဲ့ ရလဒ်ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ် ပြီးတော့ ခိုင်မာတဲ့ အပစ် အခတ်ရပ် စဲရေး သဘောတူညီချက်ရတဲ့အထိ ဆက်လုပ်သွားမယ် ဆိုတဲ့အချက်တွေက အရေးကြီးပါတယ်။ ဒါတွေကို အကောင်အထည်ဖေါ်နိုင်တဲ့အထိ ဆက်လုပ်သွားမယ်လို့ လက်မှတ်ရေး ထိုးထား တာ ဖြစ်ပါတယ် " ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ထို့အပြင် အချက် ၄ ချက်ပါ ကြေငြာချက်တစ်စောင် ထုတ်ပြန်ရာတွင် နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုး ခဲ့သည့် အချက်များကိုထည့် သွင်းဖေါ်ပြထားသည်။
အဆိုပါ သဘောတူညီချက်များအနက် အရေးကြီးသည့် အချက်တစ်ခုမှာ တပ်ပိုင်းဆိုင်ရာကိစ္စများ ဖြစ်ပြီး ပြဿနာဖြစ်ပွား နိုင်သည့် ဒေသများ ရှိ နှစ်ဘက်တပ်တပ်ဖွဲ့များဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆက်လက် ဆွေးနွေးသွားမည်ဟု ကြေငြာ ချက်တွင် ဖေါ်ပြသည်။
"ခိုင်မာတဲ့အပစ်အခတ်ရပ်ဆဲရေး ဖြစ်ဖို့က နှစ်ဦးနှစ်ဘက် ညှိနှိုင်းမှုတွေဆက်လုပ်မယ်။ ဥပမာ နှစ်ဘက် နီးကပ်စွာရှိတဲ့ တပ် တွေ အဲဒီတပ် တွေ ကိစ္စပါ ဆက်လက်ပြီးတော့ ညှိနှိုင်းမှုတွေဆက်လုပ်မယ် " ဟု ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး က ပြောသည်။
ထို့အပြင် ပဋိပက္ခဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကို ကွင်းဆင်းလေ့လာစောင့်ကြည့်နိုင်ရေးနှင့် နှစ်ဘက်ပိုမို နီးကပ်စွာ ညှိနှိုင်းဆောင် ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြပ်ရေးရုံးများကို နှစ်ဘက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန်လည်း သဘောတူခဲ့သည်။
၎င်းဆွေးနွေးပွဲသို့ မြန်မာအစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတမ်းကော်မတီဝင် ဦးဆွမ် လွတ်ဂမ် ဦးဆောင် သည့် KIO ကိုယ်စားလှယ် အဖွဲ့ တို့ တက်ရောက်ခဲ့သည်။
လေ့လာသူများအဖြစ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ် ၄ ဦး၊ SSPPမှ ကိုယ်စားလှယ် ၂ ဦး၊ RCSS မှ ကိုယ်စားလှယ် ၂ ဦး၊ NDAA မှ ကိုယ်စားလှယ် ၂ ဦး၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ကိုယ်စားလှယ် ၄ ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ သံမှူးကြီး Mr. Wang Zongying တို့ တက်ရောက်ခဲ့သည်။
KIOနှင့် အစိုးရတို့အကြား လာမည့် ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ နောက်တစ်ကြိမ်ဆွေးနွေးပွဲများ ထပ်မံပြုလုပ် သွားရန် သဘောတူညီ ထားကြောင်းလည်း သိရသည် ။
မြန်မာ့ ပြောင်းလဲမှု စံပြုသင့်ကြောင်း ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ပြော
ကမ္ဘောဒီးယား အဝေးရောက် အတိုက်အခံ ခေါင်းဆောင်က မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ကမ္ဘောဒီးယား နိုင်ငံအတွက် နမူနာကောင်း ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ရန်ကုန်တွင် ကျင်းပသည့် အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ် (NLD) ပါတီညီလာခံ တက်ရောက်ခဲ့ပြီးနောက် ပြောကြားလိုက်သည်။
Cambodian National Rescue Party ၏ အဝေးရောက် အတိုက်အခံ ခေါင်းဆောင် မစ္စတာ ဆမ်ရိမ်ဆီသည် ၎င်း၏ မြန်မာပြည် ၃ ရက်ကြာ ခရီးစဉ်အတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
"ကျနော်တို့ဟာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုလုပ်တယ်ဆိုတာ စံနမူနာပြု လေ့လာပါတယ်" ဟု ၎င်းက ဧရာဝတီရုံးသို့ လာရောက်လည်ပတ်စဉ် ပြုလုပ်ခဲ့သော အမေးအဖြေတွင် ပြောခဲ့သည်။
ပြင်သစ်နိုင်ငံတွင် လတ်တလော နေထိုင်ခိုလှုံနေရသော ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်၏ သီးခြား ဖိတ်ကြားချက်အရ လာရောက်ခဲ့ခြင်း ဖြစ်ပြီး (NLD) ပါတီညီလာခံနှင့် ပတ်သက်၍ "ဆုံးဖြတ်ချက် ခိုင်မာမှု၊ ရင့်ကျက်မှုနဲ့ သည်းခံမှုမှာ တကယ့်ကို ဥပမာ နမူနာကောင်းပါ။ ဒီ ညီလာခံ မတိုင်ခင် လွန်ခဲ့ ၂၅ နှစ်တုန်းက သူတို့ဟာ တိုက်ပွဲဝင်ခဲ့ကြရတယ်" ဟု ဆိုသည်။
NLD ပါတီတွင်း ပဋိပက္ခများနှင့် ပတ်သက်ပြီး မစ္စတာ ဆမ်ရိမ်ဆီက နိုင်ငံရေးအာဏာဆီ ဦးတည်သော ပါတီတိုင်း ယင်းကဲ့သို့ တွေ့ကြုံရတတ်ကြောင်း၊ ၎င်းတို့ ပါတီသည်လည်း အလားတူ ပြဿနာရပ်များ ကြုံတွေ့ရကြောင်း ပြောသည်။
ပြီးခဲ့သော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မပါဝင်နိုင်စေရန် အာဏာရပါတီ၏ မတရား နိုင်ငံရေး စွပ်စွဲမှုများကြောင့် တိမ်းရှောင်ရန် မစ္စတာ ဆမ်ရိမ်ဆီသည် ယခုအခါ နိုင်ငံရပ်ခြားတွင် ခိုလှုံနေထိုင်နေရသော်လည်း ၎င်း၏ ပါတီသည် ဇူလိုင်လတွင် ကျင်းပနိုင်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည်။
လက်ရှိ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်သည် ဆယ်စုနှစ် ၃ ခုကြာ အုပ်ချုပ်နေမှုကို နောက်ထပ် ၅ နှစ် ဆက်လက် အုပ်ချုပ်နိုင်ရန် ကြိုးစားနေမှုအပေါ် "ကမ္ဘောဒီးယားက တပါတီ စနစ် မဟုတ်တော့ဘူး၊ သို့ပေမယ့် တဦးတည်း ချုပ်ကိုင်ထားတဲ့ စနစ်ပါ။ မြန်မာပြည်မှာ အပြောင်းအလဲတွေ မြင်နေရပေမယ့် ကမ္ဘောဒီးယားကတော့ တဦးတည်းစနစ်နဲ့ သွားနေပါတယ်။ အဲဒီ တဦးတည်းဆိုတဲ့ လူကလည်း ဗီယက်နမ်ရဲ့ ရုပ်သေးရုပ်ပါ" ဟု မစ္စတာ ဆမ်ရိမ်ဆီက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအပေါ် NLD မှီခိုနေရသည်ဟု ဝေဖန်သူများက ပြောဆိုနေသလို Cambodian National Rescue Party ပါတီ အနေဖြင့် သူ့အပေါ် မှီခိုလွန်းနေကြောင်း ပြောဆိုဝေဖန်မှုများနှင့် ယှဉ်၍ "ကျနော် ပြည်ပမှာ ၃ နှစ်ကျော် ကြာခဲ့ပါပြီ။ ပါတီကတော့ ဆက်လက် ကြီးထွားနေတယ်။ ဒါဟာ အဖွဲ့အစည်းတခုအတွက် စမ်းသပ်မှုပဲ။ ဒါဟာ တဦးတယောက်တည်း အပေါ် မှီခိုနေတာ မဟုတ်ဘူး ဆိုတာ ပြသတာပဲ။ ကျနော်က ပြယုဒ်ပါ" ဟု သူက ဆိုသည်။
အာရှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် လုပ်ရည်ကိုင်ရည်ပြည့်ဝသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်များ လိုအပ်ကြောင်းလည်း ပြောသည်။
"တူနီးရှားတို့ အီဂျစ်တို့ ကြည့်။ တော်လှန်ရေးက ဘယ်မှ မရောက်ပဲ ဖြစ်နေတယ်။ အကြောင်းက ဒီလို စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင် မရှိလို့ပဲ" ဟု မစ္စတာ ဆမ်ရိမ်ဆီက သုံးသပ်သည်။
ယခုအချိန်အထိ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဖိအားပေးမှုများ ရှိနေသော်လည်း ကမ္ဘောဒီးယား အစိုးရအနေဖြင့် မစ္စတာ ဆမ်ရိမ်ဆီအား ပြန်လာခွင့် ပြု မပြုမှာ ကွဲကွဲပြားပြား မသိရသေးပေ။
အကယ်၍ ၎င်းအား ပြန်လာခွင့် မပြုလျှင်လည်း ပါတီအနေဖြင့် ဇူလိုင်လ ရွေးကောက်ပွဲကို သပိတ်မှောက်မည် မဟုတ်ကြောင်း၊ သို့သော် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အစိုးရများကို ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် မည်သည့်အစိုးရကိုမျှ အသိအမှတ် မပြုရေး တိုက်တွန်းသွားမည်ဟု ဆိုသည်။
"ကျနော်တို့နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံလေးပါ။ နိုင်ငံတကာက အကူအညီမပါဘဲ ရှေ့ဆက်ဖို့ ခက်ပါတယ်။ နိုင်ငံ ဘတ်ဂျက်ရဲ့ ၃ ပုံ ၁ ပုံ ဟာ နိုင်ငံတကာ အကူအညီကို မှီခိုနေရပါတယ်။ ကျန်တဲ့ထဲက ၃ ပုံ ၁ ပုံ ကလည်း အကြွေးတွေပါ။ တည်ငြိမ်အေးချမ်းမှုလည်း မရှိပါဘူး။ ဖွံ့ဖြိုးမှုလည်း မရှိသေးပါဘူး။ အခြေအနေက တကယ့်ကို မတည်မငြိမ်နဲ့ အန္တရာယ် အနေအထားပါ" ဟု မစ္စတာ ဆမ်ရိမ်ဆီက ပြောသည်။
သို့သော်လည်း ၎င်းအနေဖြင့် အနာဂတ်ကာလ၌ နှစ်နိုင်ငံစလုံးတွင် ပြောင်းလဲမှုများ အခိုင်အမာ ဖြစ်ပေါ် တိုးတက်လာ မည်ဖြစ်ကြောင်း ပြောသည်။
"ဒါက သဘာဝ ဒီလှိုင်းတွေပေါ့။ ရပ်တန့်ဖို့ ဘယ်သူမှ လုပ်လို့ မရဘူး" ဟု ဆိုသည်။
အကယ်၍ အိမ်ပြန်ခွင့်ရပြီဆိုသည်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘောဒီးယားနိုင်ငံသို့ ဖိတ်ကြားခွင့်ကို မျှော်လင့်ကြောင်း မစ္စတာ ဆမ်ရိမ်ဆီက ဧရာဝတီသို့ ပြောဆိုသွားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပြည်တွင်းသို့ ၀င်ရောက်ဆွေးနွေးရန် အခက်အခဲ ရှိနေ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်တွင်းသို့ ၀င်ရောက်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် အခက်အခဲ ရှိနေကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ  ဦးခွန်ဥက္ကာက မတ်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
"ပြည်တွင်းမှာ လုပ်ဖို့က UNFC ပဲ ဖြစ်ဖြစ်၊ KIO ပဲ ဖြစ်ဖြစ်ပေါ့လေ။ condition က နှစ်ခုလောက် ရှိတယ်။ တစ်ခုက ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲရေး အဆင့်က လုံခြုံစိတ်ချပြီးတော့ ခိုင်မာတဲ့ အဆင့် စိတ်ချရတဲ့ အဆင့် ဖြစ်စေချင်တယ်။ အပစ်အခတ်ရပ်စဲရေး ပဏာမလောက်နဲ့ စိတ်ပူနေရတယ်။ တစ်ချို့ အောက်ခြေမှာ ပဋိပက္ခတွေ ရှိနေတယ်ဆိုရင် ခေါင်းဆောင်တွေက နေပြည်တော်တို့ ရန်ကုန်တို့ သွားခြင်းအားဖြင့် အပေါ်နဲ့ အောက်နဲ့ ကွဲသွားနိုင်တယ်။  တို့ကတော့ ဒီမှာ တိုက်နေရတယ်။ တို့ ခေါင်းဆောင်တွေက ဟိုမှာ သွားပြောနေကြတယ်။ ဒါ အမြင် ကွဲပြားနိုင်တယ်။ စိတ်ချယုံကြည်ရတဲ့ အပစ်အခတ်ရပ်စဲရေး အဆင့်ကို ရောက်ဖို့ တစ်ဆင့် လိုတယ်"ဟု ဦးခွန်ဥက္ကာက ပြောသည်။
လုံခြုံစိတ်ချရသော အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်စေရန်အတွက် အစိုးရနှင့် တပ်မတော်ဘက် တစ်ပြည်လုံး အတိုင်းအတာ ဖြင့်  nationwide cease-fire ပြုလုပ်ကြောင်း ကြေညာချက် ထုတ်ပြန်ရန် လိုအပ်သည်ဟု ဦးခွန်ဥက္ကာက ပြောပါသည်။
"လုံခြုံစိတ်ချရတဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်း ရပ်တဲ့ အပြင်ကို ဘယ်မှာမှ မတိုက်တော့ဘူးဆိုတဲ့ ကြေညာချက်မျိုးကို အစိုးရဘက်က တပ်မတော်ဘက်က ကြေညာလိုက်ဖို့ လိုတယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်လိုက်ပြီလို့ ဆိုတဲ့ ကြေညာချက်က တော်တော် အရေးကြီးတယ်။ မဟုတ်ရင်တော့ ဟို နည်းနည်း ဒီ နည်းနည်း တိုက်နေသေးတယ်ဆိုရင် ကျွန်တော်တို့က ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး မရဘူး။ nationwide cease-fire ကလည်း ပြည်တွင်းမှာ လုပ်ချင်ရင်ပေါ့လေ။ ကြေညာရမယ့် အချက်တစ်ခု ဖြစ်တယ်"ဟု ဦးခွန်ဥက္ကာက ပြောသည်။
လတ်တလောအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ် အချို့အနေဖြင့် ပြည်တွင်းသို့ သွားရောက်ခွင့် ရရှိနေသော်လည်း ထိုသို့ သွားရောက်မှုမှာ ကာလအပိုင်းအခြားဖြင့် ထုတ်ပေးထားသော သမ္မတ၏ ကင်းလွတ်ခွင့် အမိန့်ကြောင့် ဖြစ်သည်ဟု သိရသည်။
"နောက်တစ်ခု legal protection လို့ ခေါ်တယ်။ အခု ခေါင်းဆောင်တစ်ချို့က အခါ အားလျော်စွာ case by case ပြည်တွင်းကို သွားလို့ ရတယ်။ ကျွန်တော်တို့ KNU ဥက္ကဋ္ဌကြီး မူတူးဆေးဖိုး နေပြည်တော် သွားလို့ရတယ်။ ကျွန်တော့် အတွင်းရေးမှူး ခွန်မြင့်ထွန်း ရန်ကုန်ကို သွားလို့ရတယ်။ သို့သော် အဲဒီ သွားတဲ့ဟာတွေက legal protection အရဆိုရင် တင်းပြည့်၊ ကျပ်ပြည့် လုံခြုံတာ မဟုတ်ဘူး။ သူ့ကို ခရီးစဉ် တစ်ခုစာ တစ်ခုစာ အတွက် သမ္မတရဲ့ ကင်းလွတ်ခွင့် အမိန့်နဲ့ သွားရတာ။ သွားချင်တဲ့လူ စာရင်းပေး၊ သမ္မတရုံးက စာထွက်။ အဲဒီစာလေးကို အိတ်ထဲ ထည့်ပြီး သွားကြတာ။ အလုပ်ရှိရင်လုပ်။ ပြန်လာ။ နယ်စပ်ရောက်တာနဲ့ အဲဒီစာ မရှိတော့တာနဲ့ မတရားအသင်း ဥပဒေထဲမှာ အကျုံးဝင်သွားရော။ သံသရာ လည်နေတယ်။ တစ်ခေါက်စာပဲ။ တည့်နေတုန်းကတော့ ဟုတ်တယ်။ မတည့်ဘူးဆိုရင် ဒီဥပဒေက ထုတ်သုံးလို့ ရတယ်။ ကျွန်တော်တို့ အဲတာကို မလိုချင်ဘူး။ အဲဒီလို တစ်ဖွဲ့ချင်း။ လုပ်ငန်း တစ်ခုချင်း၊ တစ်ခေါက်ချင်းမှာ ကင်းလွတ်ခွင့်လေးနဲ့ လုပ်တာက ကျွန်တော်တို့ဘက်က ကြည့်တာပေါ့လေ။ ဂုဏ်သိက္ခာလည်း အားနည်းတယ်။ နောက်ပြီးတော့ လုံခြုံမှုလည်း တကယ် မရှိဘူး"ဟု ဦးခွန်ဥက္ကာက ပြောသည်။
"legal protection ဖြစ်နိုင်ဖို့က ကျွန်တော်တို့ အခေါ်ဆိုရင်တော့ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အဆင့်မျိုး ကြေညာလိုက်။ ဘယ်သူ မဆိုပေါ့။ ဘယ်ကိစ္စနဲ့ ဖြစ်ဖြစ်။ တစ်စုံတစ်ရာ ငြိစွန်းတယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် အထွေထွေ ပေးလိုက်ပြီ။ အမြင့်ဆုံး ကြေညာပေးနိုင်ရင်တော့ ဒါကတော့ ၀မ်းသာ စရာပဲ။ ပြည်တွင်းပဲ သွားသွား၊ ပြည်ပပဲ တွေ့တွေ့။ ကျွန်တော်တို့က protection ရှိသွားပြီ။ ကန့်သတ်လုပ်ပေါ့။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို တစ်နှစ်ပေးတယ်ဗျာ။ နှစ်နှစ် ပေးတယ်ဗျာ။ အဆင်မပြေ  ပြန်ရုတ်သိမ်း၊ ပြန်တိုက်ပေါ့။ သို့သော် အဲလို ပေးတဲ့ ခြောက်လ တစ်နှစ်မှာတော့ လုံခြုံပါတယ်"ဟု ဦးခွန်ဥက္ကာက ဆက်လက် ပြောကြားသည်။
နိုင်ငံတော် သမ္မတ အနေဖြင့် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ကြေညာပါက ငြိမ်းချမ်းရေးနှင့် မသက်ဆိုင်သော အခြားသူများ ၀င်ရောက်လာမည်ကို စိုးရိမ်နေသည် ဆိုပါက အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အစား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်မည့် တိုင်းရင်းလက်နက်ကိုင် အဖွဲ့ဝင်များကို စားရင်းပြုစုပြီး ထိုသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ပြောကြားခဲ့ပါသည်။
မူဆယ်ကို နိုင်ငံ့ကျက်သရေဆောင် မြို့ပြအဖြစ် အကောင်အထည်ဖေါ်မည်
ရန်ကုန် (မဇ္ဈိမ)။   ။ ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ် နယ်စပ်၏ ထွက်ပေါက်တခု ဖြစ်သော မူဆယ်မြို့အား
 နိုင်ငံ့ကျက်သရေဆောင် မြို့ပြစီမံကိန်း ရေးဆွဲ၍ အကောင်အထည်ဖေါ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောသည်။
"ခေတ်မီမြို့ပတ်လမ်းနှင့် အဆင့်မြင့် မြို့ပြစီမံကိန်းလုပ်ငန်း၊ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း၊ အဆင့်မြင့်အိမ်ရာ စီမံကိန်းလုပ်ငန်း၊ ကုန်တင်ကုန်ချ နှင့် ကုန်သိုလှောင်ရုံများ တည်ဆောက်ရေး စီမံကိန်းများ၊ အဆင့်မြင့် လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်းများ၊ အဆင့်မြင့် ဟိုတယ်များ စီမံဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်" ဟု မတ်လ ၇ ရက်နေ့က ပြုလုပ်သည့် အမျိုးသား
လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က ပြောကြားသွားခြင်း ဖြစ်သည်။
ထို့အပြင် ၁၀၅ မိုင် ဟိုနောင်-ပန်ဆိုင်း(ကြူကုတ်) ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းနှင့် မြို့ရှောင်လမ်း ဖောက်လုပ်ရေး လုပ်ငန်းများကိုလည်း စီမံဆောင်ရွက်နေသည်ဟု ဆိုသည်။
"ကုန်သွယ်ရေးဇုန်ကို ရေရှည်တည်တံ့ ထိမ်းသိမ်းဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာ အဆင့်မီ ဖြစ်စေရန် တိုးချဲ့
ဆောင်ရွက်ရာတွင် ပုဂ္ဂလိက ကုမ္ပဏီများကလည်း BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ပြုရန် တင်ပြထားချက်ကို လက်ခံ
ရရှိပါတယ်" ဟု ၎င်းက ဆက်ပြောသည်။
မူဆယ် ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ခေတ်မီ နည်းပညာနှင့် နည်းစနစ်များ
ကိုသုံး၍ ဆောင်ရွက်လျက်ရှိသည်။
"တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ကုန်းတွင်းပိတ် ဖြစ်နေပြီး မူဆယ်ဟာ ယူနန်ရဲ့ ပင်လယ် ထွက်ပေါက် ဖြစ်သလို အိန္ဒိယနိုင်ငံရဲ့ ထွက်ပေါက်လည်း ဖြစ်ပါတယ်။ ဒီစီးပွားရေးဇုန် မြို့ပြ စီမံကိန်းကြီး ပြီးရင် မူဆယ်နယ်စပ်
ကုန်သွယ်ရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်လာမှာပါ။ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အရေးတွေ ရလာပြီး စီးပွားရေးတွေ ဖွံ့ဖြိုးလာနိုင်ပါတယ်" ဟု မူဆယ်-နန်းခမ်း ကုန်သည်အသင်းမှ ဥက္ကဋ္ဌ ဦးဟန်စိန် က သုံးသပ်ပြောကြားသည်။
ကျောင်းကြိုကား အတိုက်ခံရ၊ ၄၀ ကျော် ဒဏ်ရာရ၊ ကလေး ၁ ဦး သေဆုံး
ဒဏ်ရာရ ကျောင်းသား တဦးကို ကောင်းဆုံး မိတ်ဆွေ စာသင်ကျောင်းတွင် ဆေးကုသပေးနေစဉ် (ဓာတ်ပုံ – SAW)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အတွင်းရှိ ဖုတ်ဖရမြို့နယ်တွင် ယမန်နေ့က မြန်မာ အလုပ်သမားများ၏ ကလေးငယ်များ တင် ဆောင်ထားသည့် ကျောင်းကား တစီး ယာဉ်တိုက်မှု ဖြစ်ပွားရာ ၁ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာ ရရှိသွားသည်။
ဖုတ်ဖရမြို့နယ်ရှိ ကျောင်းသားငယ်များကို တင်ဆောင်၍ စာသင်ကျောင်းသို့အသွား လမ်းခုလပ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အကောင်းဆုံး မိတ်ဆွေ စာသင်ကျောင်းမှ ကျောင်းဆရာ ဦးထိုက်သူအောင်က ဧရာဝတီသို့ ပြောသည်။
"၄၂ ကီလိုမီတာ ရွာမှာ ရှိတဲ့ ကလေး ၂ ယောက်ကို ၀င်ကြိုရင်း အနောက်က ကားက ကျောင်းကားရဲ့ အနောက်ပိုင်းကနေ ၀င် တိုက်ပြီးတော့ ၂ စီးစလုံး လမ်းဘေးကို လိမ့်ကျသွားတယ်"ဟု ၎င်းက ဆိုသည်။
ယာဉ်တိုက်မှုကြောင့် ကားပေါ်တွင် မိခင်နှင့်အတူ လိုက်ပါလာသည့် ၃ လသား အရွယ် ကလေးငယ် တဦး သေဆုံး၍ ဒဏ်ရာပြင်း ထန်စွာရရှိသည့် ကလေးငယ် တချို့ကို မဲဆောက်နှင့် ဖုတ်ဖရမြို့နယ် ဆေးရုံတို့ကို ပို့ဆောင်ထားကြောင်း ကျောင်းဆရာ ထိုက် သူအောင်က ဆက်ပြောသည်။
မဲဆောက်နှင့် ဖုတ်ဖရ ဆေးရုံတွင် ရောက်ရှိနေသည့် ကလေးများထဲမှ ခြေထောက်ဖြတ်ရမည်အထိ ဒဏ်ရာပြင်းထန်စွာ ရရှိထား သော ကလေးငယ် ၁၀ ဦးခန့် ရှိနေသည်။ တချို့ ဒဏ်ရာအနည်းငယ် ရရှိသူများမှာ နေအိမ်သို့ ပြန်သွားကြပြီ ဖြစ်ကြောင်း သိရ သည်။
ဦးထိုက်သူအောင်၏ အဆိုအရ အကောင်းဆုံး မိတ်ဆွေ စာသင်ကျောင်းတွင် ဖုတ်ဖရမြို့နယ်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးအများစု စာသင်နေကြပြီး အသက် ၈ နှစ် မှ ၁၃ နှစ် အရွယ်ထိရှိသည်ဟု ဆိုသည်။ ယခု အတိုက်ခံရသည့် ကျောင်း ကား မှာ အကောင်းဆုံး မိတ်ဆွေ စာသင်ကျောင်း သို့ လာသည့် ကားဖြစ်သည်။
ယခု ယာဉ်တိုက်မှုအပြီး တဖက်ကားသမားမှာ ဖုတ်ဖရမြို့နယ် ရဲစခန်းသို့ လာရောက်အဖမ်းခံပြီး ဆေးရုံတင်ထားရသည့် ကလေး ငယ်များကို သွားရောက်တွေ့ဆုံခဲ့ကြောင်း ကလေးများကို လိုက်လံ ကူညီပေးနေသည့် ဒေါက်တာ ခင်ဇော်က ပြောသည်။
ကလေးငယ်များ၏ အမှုနှင့် ပတ်သက်၍ တဖက်ကားသမားထံမှ နစ်နာကြေးရရှိရေးနှင့် ထိုင်း ဥပဒေအရ ဆောင်ရွက်ပေးရန် ထိုင်းရှေ့နေများနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်း(NGO) အဖွဲ့တို့ ပူးပေါင်း၍ တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆို သည်။
ထိုသို့ တောင်းဆိုမှုများ ပြုလုပ်ရာတွင်လည်း ကလေးများ၌ တရားဝင်နေထိုင်သည့် စာရွက်စာတမ်းများ မရှိသည့် အတွက် အခက် အခဲများနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်းလည်း ဦးခင်ဇော်က ဆက်ပြောသည်။
"ပြဿနာက တကယ်လို့ လျော်ကြေးရသွားပြီး အဲဒီလျော်ကြေးတွေ လက်ခံဖို့ မိဘတွေမှာ ပတ်စ်ပို့ ဒါမှမဟုတ် ၁၀ နှစ်ခံ ကတ်တို့လိုမျိုး တယောက်မှ မရှိကြဘူး"ဟု ၎င်းက ပြောဆိုသည်။
ကလေးငယ်များ အတွက် နစ်နာကြေး ရရှိရန် ဥပဒေပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ယနေ့ တိုင်ပင် ဆွေးနွေးရန် စီစဉ် ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကပ်လျက် တည်ရှိသော မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ စသည့် ထိုင်းနိုင်ငံအတွင်းရှိ မြို့နယ် ၃ ခု တွင် မြန်မာ ပြည်သား အလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော စာသင်ကျောင်း အများအပြား ရှိသည်။
မြန်မာ ရွှေ့ပြောင်း အလုပ်သမား ပညာရေး ကော်မတီ(BMWEC)၏ စာရင်းများအရ ကျောင်းပေါင်း ၆၂ ကျောင်းရှိသည် ဟု ဆို သည်။ BMWEC နှင့် တရားဝင် အဆက်အသွယ် မပြုရသေးသည့် ကျောင်းတချို့လည်း ရှိသေးသည်ဟု သိရသည်။
စုံစမ်းရေးကော်မရှင် အစီရင်ခံစာအပေါ် လက်ပံတောင်းအရေး လှုပ်ရှားသူများ ဝေဖန်
ရန်ကုန် (မဇ္ဈိမ)။   ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ပြင်ဆင်နိုင်
သည့် ကိစ္စများဖြစ်၍ ပြုပြင်ရန် အကြံပြုချက်များဖြင့် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက် စေသင့်ကြောင်း စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ အကြံပြုမှုအပေါ် လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှား
သူများက ဝေဖန်လိုက်ကြသည်။
"ဘုန်းကြီးတို့အနေနဲ့ အစိုးရ လုပ်ဆောင်မပေးရင် ကိုယ်ကပဲ လုပ်ရမှာ။ အစီရင်ခံစာမှာ ပါတဲ့အတိုင်း ဆက်လက်
လုပ်ဖို့ ရွေးချယ်လိုက်ရင် ဘယ်အရာကပဲ တားဆီးပါစေ ဘုန်းကြီးတို့ကတော့ လုပ်သင့်တာကို လုပ်မှာပဲ ဘာကမှ တားလို့ မရနိုင်ဘူး။ သံဃာထုကလည်း ပါဝင်လာမှာပဲ" ဟု လက်ပံတောင်းတောင်အရေး ဦးဆောင် လှုပ်ရှားခဲ့
သည့် သံဃာတော် တပါးဖြစ်သည့် ဦးဝိမလ က မဇ္ဈိမကို မိန့်ကြားသည်။
မတ်လ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည့် စုံစမ်းရေး ကော်မရှင်၏ အပြီးသတ် အစီရင်
ခံစာတွင် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့် မျိုးစုံကို ခြုံငုံ
စဉ်းစားပြီး ပြုပြင်ရန် အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်စေလျက် လက်ပံတောင်း
တောင် ကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ခြင်း အပေါ် ယခုလို ဝေဖန်ခြင်းဖြစ်
သည်။
ကော်မရှင်၏ အစီရင်ခံစာသည် ကုမ္ပဏီကို စီမံကိန်း ဆက်လက် လုပ်ဆောင်ရေးအတွက် အဓိကဖြစ်နေပြီး စီမံကိန်းဖျက်သိမ်းရေးဖက်မှ ဆန္ဒ သဘောထားများ မပါသည့်အတွက် အစီရင်ခံစာ မဟုတ်ဟု ထင်မြင်ယူဆမိ
ကြောင်း တက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် ကိုဟန်ဝင်းအောင် က ဖေန်သည်။
"ကျနော်တို့ နိုင်ငံသားတွေဟာ စီမံကိန်းကို ကန့်ကွက်ပိုင်ခွင့်လည်း ရှိပါတယ်။ အဲဒီအတွက် ဘယ်လိုပဲ စုံစမ်းရေး
ကော်မရှင်က ပြောပြော စီမံကိန်းကို ကန့်ကွက်ခွင့်က ကျနော်တို့မှာ ရှိသေးတဲ့အတွက် ဥပဒေဘောင်အတွင်းက
နေ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက်ပြီးတော့ ကန့်ကွက်သွားဖို့ ရှိပါတယ်" ဟု ဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပွားရသည့် အကြောင်းများမှာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့၍
ဖြစ်ပြီး ကြေးနီစီမံကိန်း လုပ်ကိုင်ဆောင်ရွက်သူများ၊ ဒေသခံ ရွာသူရွာသားများ၊ အနီးပတ်ဝန်းကျင်ရှိ ပြည်သူ
များနှင့် အာဏာပိုင်များအကြား အသိပေး အချက်အလက်များ ဖလှယ်မှု အားနည်းခြင်းကြောင့် ဖြစ်ကာ ဒေသခံ လူထုသည် မြေယာ သိမ်းဆည်းမှုနှင့် ပတ်သတ်၍ ထိုက်သင့်သည့် လျော်ကြေးငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ မရရှိခြင်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်
ကော်မရှင်အစီရင်ခံစာက ကောက်ချက်ချထားသည်။
"နစ်နာကြေးတို့ လျော်ကြေးတို့ဆိုတာ ခဏနဲ့ ပြီးသွားတဲ့ ကိစ္စတွေပဲ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်ပြီးတော့ ကျမတို့က ဆက်ပြီး လုပ်ဆောင်စရာရှိတာတွေကိုတော့ ဆက်လုပ်ဖို့ရှိပါတယ်။ ကျမတို့အတွက် ကျမတို့ ကိုယ်တိုင်ပဲ ဆက်ပြီး လှုပ်ရှားရမှာပါ" ဟု လက်ပံတောင်းတောင် အရေး လှုပ်ရှားသူ ဒေါ်နော်အုန်းလှ က ဆို
သည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်မလင်းမီတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း
များအား ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့ရာ သံဃာတော် အပါး ၁၀၀ ကျော်နှင့် လူအချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် သံဃာတော်နှစ်ပါးကို ထိုင်းနိုင်ငံ သို့ပို့ဆောင်၍ ဆေးကုသမှု ခံယူခဲ့ရသည်။
စုံစမ်းရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအား နိုင်ငံတော် သမ္မတထံ မတ်လ ၁၁ ရက်နေ့တွင် တင်သွင်းခဲ့
ပြီး အစီရင်ခံစာအရ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကော်မတီတရပ်ကိုလည်း နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၈/ ၂၀၁၃ ဖြင့် ဖွဲ့စည်းပေးခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
ထိုကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီး သမ္မတရုံး ဝန်ကြီး ဦးလှထွန်းအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေး
အပ်ကာ မြန်မာဝမ်ပေါင် ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မရှင်မှ ဒေါက်တာ
အောင်ထွန်းသက် စသူတို့ ပါဝင်သည်။
ငြိမ်းချမ်းရေး လမ်းလျှောက်တဖွဲ့ မြစ်ကြီးနားမှ ကြိုဆို၊ တဖွဲ့ကို အစိုးရစစ်တပ် တားမြစ်ထား
ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ရက်ရှည် လမ်းလျှောက်လာသူများထဲမှ တဖွဲ့သည် မြစ်ကြီးနားမြို့သို့ အင်္ဂါနေ့ နံနက်ပိုင်းက ရောက်ရှိလာ၍ ပြည်သူလူထုနှင့် ကချင်ငြိမ်းချမ်းရေးအဖွဲ့များ ကချင်မနောကွင်းတွင် ကြိုဆိုခဲ့သည်ဟု လမ်းလျှောက်အဖွဲ့ဝင် ကိုဇင်ကိုကို က ပြောသည်။  
တနင်္လာနေ့ညက မြစ်ကြီးနားမြို့ပြင် ပမ္မတီးကျေးရွာတွင် ညအိပ် ရပ်နားပြီး ယနေ့တွင် မြစ်ကြီးနားမြို့သို့ အဝင် လမ်းတလျှောက် ကချင်ပြည်သူလူထုက ပန်းစည်းများ၊ သောက်ရေဗူးများ ပေးကမ်း၍ ကြိုဆိုခဲ့ခြင်း ဖြစ်သည်။  
"ဒီနေ့က မြစ်ကြီးနားမြို့က လူထုက တမြို့လုံးနီးပါး၊ မြို့အဝင်ကနေ လမ်းတလျှောက် လမ်းဘေး ဝဲ ယာမှာ ထွက်ကြိုကြတယ်။ လက်ခုပ်တီးပြီး အားပေးတယ်။ ကျနော်တို့ကို ပန်းစည်းဝေတယ်။ ငြိမ်းချမ်းရေး လက်ဆောင် စကားပါးတာတို့၊ ရေဗူးကမ်းတာတို့ စနိုးတာဝါ ပေးတာတို့ကအစ ကြိုဆိုပါတယ်" ဟု မဇ္ဈိမကို ပြောသည်။  
ကချင်ငြိမ်းချမ်းရေးအဖွဲ့ PCG မှ လမ်းလျှောက်လာသူများအား ကြိုဆိုသည့် ကော်မတီများ ဖွဲ့စည်း၍ ကချင်နိုင်ငံ
ရေး ခေါင်းဆောင် ဒေါက်တာတူးဂျာမှ နုတ်ခွန်းဆက်စကား ပြောဆိုကာ ကြိုဆိုခဲ့သည်ဟု ၎င်းက ပြောသည်။  
လမ်းလျှောက်လာသူ ၁၃၀ ခန့်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်းရှိ မဂျွယ်(Majoi) ခန်းမ
တွင် ရပ်နားနေပြီး မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည် စခန်း ၅ ခုကို သွားရောက်ကြည့်ရှု၍ လမ်းတလျှောက် ပြည်သူလူထု၏ လှူဒါန်းငွေ ကျပ် ၂၆၆ သိန်းကို လွှဲပြောင်း လှူဒါန်းသွားမည်ဟု ကိုဇင်ကိုကို က
 ပြောသည်။  
မနက်ဖြန်တွင်လည်း မြစ်ကြီးနားမြို့ပေါ်ရှိ တခြား ဒုက္ခသည်စခန်းများသို့ နှစ်စု ခွဲ၍ သွားရောက် ကြည့်ရှုမည် ဖြစ်
သည်။ မတ်လ ၁၅ ရက် (သောကြာ)နေ့ မြစ်ကြီးနားမြို့မှ လိုင်ဇာမြို့သို့ ဆက်လက် ချီတက်မည်ဟု ဆိုသည်။  
ဗန်းမော်လမ်းဘက်မှ ငြိမ်းချမ်းရေး လမ်းလျှောက်လာသူများမှာ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် လိုင်ဇာမြို့
အဝင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ ဒုံခွန်းကျေးရွာ မိုးနဲချောင်း၏ တဖက်ကမ်းရှိ အစိုးရစစ်တပ်မှ ဖြတ်တန်းခွင့် မပြု၍
လေးရက်ကြာ ယနေ့ထိတိုင် ထိုနေရာတွင် နေထိုင်နေကြသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ၎င်းတို့အား ကြိုဆိုရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။  
"ချောင်း တဘက်ကမ်း ဒုံခွန်းမှာ အစိုးရတပ်က တားမြစ်ထားတယ်။ ဒီဖက်ကို မဖြတ်ခိုင်းဘူး။ မနေ့ကတော့ တချို့
လူတွေနဲ့ အဆက်အသွယ်ရတယ်တဲ့။ လိုင်ဇာကို အရောက်လာမယ်။ ပြန်မလှည့်သွားဘူးလို့ ပြောတယ်လို့ သိရ
တယ်။ ကျနော်တို့က ဧည့်သည်ကို ကြိုဆိုဖို့ အဆင်သင့်ပါ" ဟု မဇ္ဈိမကို ပြောသည်။ 
ထိုအဖွဲ့မှာ မတ်လ ၉ ရက်နေ့ညနေတွင် လိုင်ဇာမြို့သို့ ဝင်ရောက်ရန် မူလက စီစဉ်ာထး၍ KIO က ကြိုဆိုရန် အသင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ထိုကြန့်ကြာမှုကြောင့် ယနေ့ထိ ထိုအဖွဲ့များ ရောက်ရှိမလာနိုင်သေး
ခြင်း ဖြစ်သည်။
KIO နှင့် အစိုးရ အပစ်ရပ်ရေး သဘောမတူနိုင်သေး၊ တလအတွင်း ပြန်ဆွေးနွေးမည်
ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ တနင်္လာနေ့ နံနက်ပိုင်းနှင့် ညပိုင်း သန်းခေါင်ကျော်ချိန်ထိ ဆွေးနွေးခဲ့ရာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုမူ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးဘဲ တလအတွင်း နှစ်ဖက်ပြန်လည် တွေ့ဆုံဆွေးနွေးရန် သဘောတူ ခဲ့ကြသည်။
KIO-and-govt-peace-team-meet
အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးနေကြစဉ်။ (ဓာတ်ပုံ - Hla Mg Shwe / Facebook)
တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက စတင်ခဲ့သည့် ဆွေးနွေးပွဲတွင် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြချက်များကို KIO ကိုယ်စားလှယ်များက ၎င်းတို့ဗဟိုသို့ တင်ပြစောင့် ဆိုင်းနေ၍ ဆွေးနွေးပွဲကို နေ့လည်ပိုင်းတွင် ရပ်နားပြီး ညပိုင်း ၉ နာရီကျော်မှ ဆက်လက်ဆွေးနွေးခဲ့ရာ ဧပြီလ ၁၀ ရက်မတိုင်မီ ပြန်လည် တွေ့ဆုံဆွေးနွေးကြရန် နှစ်ဖက် ပူးတွဲ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 
"သူတို့လိုချင်တာနဲ့ ကျနော်တို့လိုချင်တာနဲ့ မတူဘူး။ သူတို့ လိုချင်တာက အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး မယ်ဆိုတာ အဓိကတင်ပြတယ်။ ကျနော်တို့က အတွေ့အကြုံရှိတော့ မထူးသေးဘူး။ လက်မှတ်ထိုးနိုင်လောက်တဲ့ အခြေအနေထိ ဆက်လက် ဆွေးနွေးမယ်၊ ကျနော်တို့က တထိုင်တည်းနဲ့ ဖြေရှင်းလို့မရဘူး။ တဆင့်ပြီး တဆင့် တက်သွားဖို့ပဲ။ နောက်တခါ ထပ်ဆွေးနွေးဖို့ဘဲ သဘောတူတယ်"ဟု KIO မှ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက
ပြောသည်။ 
ပူးတွဲ ထုတ်ပြန်ချက်တွင် ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်း စစ်ပြေပြင်များကို ကွင်းဆင်းလေ့လာ စောင့်ကြည့်ရန်နှင့်
နှစ်ဖက် ပိုမို နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက် ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူခဲ့သည်။ 
ထို့ပြင် ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များဆိုင်ရာကိစ္စများကို ဆက်လက်၍ ညှိနှိုင်း
ဆောင်ရွက်သွား၍ လိုအပ်သည့် ညွန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွန်ကြားသွားရန် သဘောတူချက်တွင် ပါရှိသည်။ 
စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တဆင့်ပြီး တဆင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားကြမည်ဟု ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးတို့ အပါအဝင် အစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့နှင့် KIO ဘက်မှ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်၍ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ငြိမ်းချမ်းရေးအကျိုးဆောင် PCG မှ ကိုယ်စားလှယ် ၄ ဦး တက်ရောက်ခဲ့သည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာမှ သံမှူးကြီး Mr Wang Zongying နှင့် နှစ်ဦး၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မှ လေးဦး၊ SSPP မှ နှစ်ဦး၊ RCSS မှ နှစ်ဦး၊ NDAA မှ နှစ်ဦးတို့လည်း
ဆွေးနွေးပွဲတွင် ပါဝင်သဖြင့် အောင်မြင်မှု တခုအနေဖြင့် ရှုမြင်ကြောင်း ဦးဒွဲပီဆား က ပြောသည်။ 
၂၀၁၂ ခုနှစ်၊ မေလက ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲနှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးမှုမှာ ယမန်နေ့ထိ ၅ ကြိမ်မြောက် ဆွေးနွေးမှုတွင် နှစ်ဖက်လုံး ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ဆွေးနွေးသည်ကို တွေ့မြင်ရသဖြင့် အားရကျေနပ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။ 
"ဒီတကြိမ်ကတော့ ပူးတွဲကြေညာချက်လို့ ပြောပေမယ့် သေချာဖတ်ကြည့်ရင်တော့ သဘောတူချက်ပါပဲ။
ပြည်သူတွေ အားလုံးအတွက် အစည်းအဝေး မှတ်တမ်းအနေနဲ့ ထုတ်ပြန်ချက်ကို လက်မှတ်ထိုးကြတယ်။ နှစ်ဖက်
ခေါင်းဆောင်တွေ၊ တပ်ဖက်ဆိုင်ရာ အရာရှိတွေ ပါတယ်။ UNFC တွေလည်း သက်သေအနေနဲ့ လက်မှတ် ထိုးတယ်။ ဒါဟာ သဘောတူညီချက်ပဲ။ ၁၀ လတာ ကာလအတွင်းမှာ ပထမဦးဆုံး လက်မှတ်ရေးထိုးနိုင်တယ် ပိုပြီးခိုင်မာတဲ့ အချက်လို့ ပြောလို့ရတယ်။ ၁၀ လအတွင်း အအောင်မြင်ဆုံးလို့ ပြောရမယ်" ဟု သုံးသပ်
ပြောကြားသည်။
ရခိုင်-ဘင်္ဂလီအတူနေထိုင်ရေး ဒဲရစ်မစ်ချဲလ်နှင့်အဖွဲ့ ရခိုင်ပြည်နယ်ရောက်ရှိ
 ရခိုင်နှင့်ဘင်္ဂလီတို့အတူတကွ ပြည်လည်နေထိုင်ရေး အဓိကထားလာရောက် ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နှင့် သံတမန်အဖွဲ့မှာ ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည်။
အဆိုပါ အဖွဲ့မှာ မတ်လ (၁၁) ရက်နေ့က ရခိုင်တိုးတက်ရေးပါတီနှင့် ဘင်္ဂလီဒုက္ခသည်စခန်းတို့ သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
"၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ မိဘနှစ်ဦးက မွေးဖွားတဲ့ သားသမီးများက မွေးတဲ့ ကလေးတွေ အထိ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာကို လက်ခံပါ သလား" ဟု သံအမတ်ကြီး Derek Mitchell က ရခိုင်တိုးတက်ရေးပါတီ ကို မေးမြန်းခဲ့သည်။
ထိုမေးခွန်းကို ရခိုင်တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက လက်ခံကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
" နိုင်ငံသားဖြစ်မဖြစ် အစိုးရအနေနဲ့ အင်တိုက်အားတိုက် ဆောင်ရွက်ပေးဖို့ လိုပါ တယ်။ ဘင်္ဂလီတွေကို ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပဲ နိုင်ငံအနှံအပြားခွဲပြီး ထားရန် တောင်းဆိုချင်ပါတယ်" ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။
သံအမတ်ကြီးမှ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ အမေရိကန်၊ သြစတေးလျ နိုင်ငံအပါအဝင် အနောက်နိုင်ငံများကလည်း ရခိုင်ပြည်နယ်၏ အနာဂါတ်အား စိတ်ဝင်စားနေကြောင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ဒေသတွင်း ပဋိပက္ခအတန်ငယ် အေးဆေးနေပြီဆိုသော်လည်း ဒုက္ခသည်များအရေးကိစ္စ မပြီး သေးကြောင်း သိရသည်။ ဒုက္ခသည်စခန်းများ၌  နေထိုင်သည့် ဘင်္ဂလီများမှာ မိမိနေရပ်သို့ပြန်ချင်သည်ဟု သံအမတ်ကြီးအား ပြောဆိုခဲ့သည်။
သံအမတ်ကြီးမှ မတ်လ(၁၂)ရက်နေ့၌ ပေါက်တောနှင့် မြေပုံရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်တွေ့ဆုံမည်ဖြစ်သည်။
မန်းတွင် ဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား
မန်း ဓာတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား
မန္တလေး ၁၉လမ်း ၈၆ နှင့်၈၇ လမ်းကြားရှိ ဓာတ်ဆီဆိုင်တွင် မတ်လ၁၂ ရက်နေ့ နေ့လည် ၂ နာရီ ၅၀မိ နစ်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယခုမီးငြိမ်းသွားပြီ ဖြစ်ကြောင်း မန်းမီးသတ်မှ သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိမှုရှိတယ်။ ထမ်းစင်နဲ့ အမျိုးသမီးတစ်ဦး ထုတ်လာတာတွေ့တယ်။ ဆိုင်ကအိမ်ဆိုင်ပါဟု အဆိုပါရပ်ကွက် သားတစ်ဦး ကပြောသည်။
အိမ်ကွင်းဂိုးပြတ်နိုင်ပွဲကြောင့် ၇နှစ်ဆက် ကွာတားတက်နိုင်ခဲ့တဲ့ ဘာစီလိုနာ
ပထမအကျော့မှာ ခံစစ်ဇုန်ထဲကနေ တိုက်စစ်တွေ ဖြာထွက်တဲ့ကစားကွက်နဲ့ အစွမ်းပြခဲ့တဲ့ အေစီမီလန်ဟာ
ဒီပွဲမှာတော့ စောစောစီးစီး ဂိုးပေးခဲ့ရလို့ ဖိအားဝင်ခဲ့ရပြီး ဂိုးပြတ်အရှုံးကြောင့် ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ပွဲအစ ၅မိနစ်မှာပဲ ဇာဗီ၊ ဘက်စကွက်ဇ်တို့ရဲ့ တစ်ချက်ထိ အပေးအယူတွေကနေ မက်ဆီက နောက်ခံလူ ၃ဦး ပိတ်ဆို့ထားတဲ့ကြားက လျှက်တစ်ပြက် ကန်သွင်းယူနိုင်ခဲ့လို့ ဘာကာတို့ အဖွင့်ဂိုးစရခဲ့ပါတယ်။ အဲ့ဒီ့နောက် ၇မိနစ်အကြာမှာလည်း ဇာဗီရဲ့အဝေးကန်ချက်ကို အဘီယာတီ ပုတ်ထုတ်ခဲ့ပြီး ဘားထိပြန်ထွက်လာတာကို မက်ဆီ ပြေးဝင်ခေါင်းတိုက်ခဲ့ပေမယ့် လွဲချော်ခဲ့လို့ ဒုတိယဂိုးမရခဲ့တာပါ။
ဒါ့အပြင် အေစီမီလန် နောက်ခံလူတွေ ပတ်ဒရိုကို ဧရိယာထဲမှာ နှစ်ကြိမ်တိုင် ဥပဒေပ ကစားခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပင်နယ်တီ မပေးခဲ့ပါဘူး။ ပွဲချိန် ၃၇မိနစ်အရောက်မှာတော့ မာရှေယာနိုရဲ့အမှားကနေ ပျက်သွားတဲ့ဘောလုံးကို အမ်ဘာရီနိုင်းရသွားပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာတော့ သူ့ရဲ့ကန်ချက်က တိုင်ထိထွက်ခဲ့လို့ အေစီမီလန်တို့ ချေပဂိုးရဖို့ နစ်နာခဲ့ရပါတယ်။ ဒါပေမဲ့ နောက် ၂မိနစ်အကြာမှာတော့ အင်နီယက်စတာနဲ့ အပေးအယူလုပ်ပြီး မက်ဆီ ဧရိယာထိပ်က ကန်သွင်းရာမှာ ဘာကာတို့ ဒုတိယဂိုးရခဲ့ပါတယ်။
အေစီမီလန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် ၉ပွဲစလုံး ဂိုးပေးခဲ့ရတဲ့ စံချိန်ဆိုးတစ်ခု ရရှိခဲ့ပြီး ဘာကာကတော့ မက်ဆီ၊ ဒေးဗစ်ဗီလာတို့ ပွဲထွက်ကစားတဲ့ ချန်ပီယံလိဂ် ၁၅ပွဲမှာ ၃၉ဂိုးထိ သွင်းယူနိုင်ခဲ့လို့ တစ်ပွဲပျမ်းမျှ ၂.၆ဂိုးထိရှိခဲ့ပြီး ဒီတိုက်စစ်မှူး နှစ်ယောက်ဟာ အခုပွဲမှာလည်း ၃ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၉မိနစ်အကြာမှာ ဇာဗီ အကွက်မြင်မြင် ဖန်တီးပေးတာကနေ ဒေးဗစ်ဗီလာက အဝေးထောင့်ကို ကန်သွင်းပြီး ဘာကာအတွက် နောက်တစ်ဆင့် တက်နိုင်မယ့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။ အဲ့ဒီနောက်မှာ အေစီဟာ ရော်ဘင်ဟို၊ ကာကစ်၊ မွန်တာရီတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် နာကျင်အချိန်ပိုအရောက်မှာ အယ်လ်ဘာရဲ့ပွဲသိမ်းဂိုး သွင်းခြင်းကို ခံခဲ့ရပြီး ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။
ဒီဇယ်မီးကြောင့် ပေပါများအပါအ၀င် ဘောက်ဆာ(၂)စီး၊ စက်လှေ(၁)စီး လောင်ကျွမ်း၊ ပန့်ကိုင်နှစ်ဦးဒဏ်ရာရ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်တံတားအဆင်း ဒိုင်စုကျေးရွာအုပ်စု၊ ဆိပ်ကမ်းသာလမ်း၌  နံနက်ပိုင်းက မြန်မာမန်းကုမ္ပဏီပိုင် PPCLစက်သုံးဆီ သိုလှောင်ရုံ မီးလောင်ကျွမ်းမှုကြောင့် လူနှစ်ဦးဒဏ်ရာများရရှိကာ ငါးဖမ်းစက်လှေတစ်စီးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာအုပ်စု၊ ဆိပ်ကမ်းသာလမ်း၊ ခြေလျင်တပ်ရင်း(၅၃၂) ၀န်းအတွင်းရှိ မြန်မာမန်းကုမ္ပဏီပိုင် (PPCLစက်သုံးဆီသိုလှောင်ရုံ)တွင်နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်၌ မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"မီးခိုးလုံးကြီးတက်လာလို့ မီးလာငြှိမ်းပေးဖို့အတွက် မီးသတ်ကိုအကြောင်းကြားလိုက် တယ်။ ကျွန်တော်အကြောင်းကြားလိုက်တာ ၁၁ နာရီ ၅၅ လောက်မှာ အကြောင်း ကြားလိုက်တာ။ မီးကတော်တော်လောင်တယ်။ ငါးဖမ်းသင်္ဘောတစ်စီးလည်း လောင်တယ်။" ဟု မြစ်ကြောင်းလုံခြုံရေး စစ်ရေယာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စက်သုံးဆီများဖြစ်သဖြင့် မီးငြှိမ်းသတ်ရာတွင် သာမာန်မီးငြှိမ်းသတ်နေကျရေများဖြင့်ငြှိမ်းသတ်၍ မရပဲ မီးသတ်ဦးစီးဌာနမှ Chemical အရည်များဖြင့် မီးငြှိမ်းသတ်ခဲ့ ရကြောင်းကိုလည်း သိရှိရသည်။
မီးလောင်ကျွမ်းရခြင်းမှာ ဆီလှယ်ရာမှစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်သည့်နေရာ၌  အရေးပေါ် မီးငြှိမ်းသတ်နိုင်မည့် ပစ္စည်းကိရိယာများ ထားရှိမှုမရှိဟုသိရသည်။
"အခုလောင်တာက စည်းကမ်းမလိုက်နာလို့ လောင်တာ။ အခုဒီမှာ အရေးပေါ်မီးငြှိမ်းသတ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ မရှိဘူး။ အခုမီးငြှိမ်း သတ်တာက အဆင့်(၄) နဲ့ငြှိမ်းသတ်တာ။ မီးသတ်ကား (၅၀) ကျော် ရယ် တိုင်းမီးသတ်က မီးသတ်ကားတွေ ရယ် ငြှိမ်းသတ်တာ။ ဆီလှယ်တာကနေ စပြီးတော့ လောင်တာ" ဟု လှိုင်သာယာ မီးသတ်မှတာဝန်ရှိသူ ဦးသန်းမြင့်ဦး  က ပြောသည်။
ယနေ့ လောင်ကျွမ်းခဲ့သည့် ဆီသိုလှောင်ရုံမီးလောင်ကျွမ်းမှုမှာ ဖေဖော်ဝါရီလ (၄) ရက်နေ့က လှိုင်တွင်ဖြစ်ပွားခဲ့သော ဆီသင်္ဘောမီးလောင်မှုထက်  ပြင်းထန်မှု မရှိဟု  တိုင်းဦးစီးမှူးက မှတ်ချက်ပြုသည်။
"အခုဆီသိုလှောင်ရုံမီးလောင်တာ ဟိုတစ်ခါလှိုင်မှာလောင်တာလောက်မပြင်းထန်ဘူး။ လှိုင်မှာလောင်တုန်းက သင်္ဘောဆီတွဲတွေ မီးလောင်တာလေ။ အဲ့ဒီမှာလောင်တုန်းက ဓာတ်ဆီဂါလံ ၇ ထောင်ကျော်လောက် လောင်တာ။ ဒီတစ်ခါလောင်တာ သိပ်မပြင်း ထန်ဘူး။" တိုင်းဦးစီးမှူး ဦးကြည်ဝင်းကပြောသည်။
မီးလောင်မှုကျွမ်းမှုကြောင့် ဓာတ်ဆီဘောက်စာ ကားမောင်းသူနှစ်ဦးမှာ မီးလောင် ဒဏ်ရာမှာ ပြင်းထန်သဖြင့်ရန်ကုန်ဆေးရုံကြီးသို့ ပို့ထားရကြောင်းကိုလည်း သိရသည်။
"အခုဓာတ်ဆီဘောက်စာကားမောင်းတဲ့သူနှစ်ယောက်ထိခိုက်ဒဏ်ရာရသွားတယ်။ မီးလောင်တဲ့ ဒဏ်ရာတွေရ သွားတာ။ အခုဆေးရုံကိုပို့ထားတယ်။ မီးလောင်ဒဏ်ရာက နည်းနည်းတာ့ပြင်းတယ်။"ဟု တာဝန်ကျကြက်ခြေနီဝန်ထမ်းတစ်ဦးကပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် (၄) ပေ (၈) ပေ ဆီပေပါ (၅) လုံး၊ ဂါလံ (၂၈၀၀) ဆန့် ဆီဘောက်ဆာကား (၂) စီး၊ ဂါလံ (၂၀၀၀) ဆန့် ဆီပေပါ တစ်လုံး၊ ငါးဖမ်း သင်္ဘော တစ်စီး၊ လောင်ကျွမ်းခဲ့ကြောင်း တာဝန်ရှိသူများထံက သိရှိရသည်။
မီးလောင်ဒဏ်ရာများ ရရှိထားသူများမှာ  ဆီပန့်ကိုင်သူနှစ်ဦးဖြစ်သည့် ကိုမင်းထိုက်အောင် (၂၉) နှစ်၊ ကိုသူရိန် (၃၈) တို့ဖြစ်သည်။