Wednesday, March 13, 2013

အိမ်ကွင်းဂိုးပြတ်နိုင်ပွဲကြောင့် ၇နှစ်ဆက် ကွာတားတက်နိုင်ခဲ့တဲ့ ဘာစီလိုနာ

ပထမအကျော့မှာ ခံစစ်ဇုန်ထဲကနေ တိုက်စစ်တွေ ဖြာထွက်တဲ့ကစားကွက်နဲ့ အစွမ်းပြခဲ့တဲ့ အေစီမီလန်ဟာ

ဒီပွဲမှာတော့ စောစောစီးစီး ဂိုးပေးခဲ့ရလို့ ဖိအားဝင်ခဲ့ရပြီး ဂိုးပြတ်အရှုံးကြောင့် ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ပွဲအစ ၅မိနစ်မှာပဲ ဇာဗီ၊ ဘက်စကွက်ဇ်တို့ရဲ့ တစ်ချက်ထိ အပေးအယူတွေကနေ မက်ဆီက နောက်ခံလူ ၃ဦး ပိတ်ဆို့ထားတဲ့ကြားက လျှက်တစ်ပြက် ကန်သွင်းယူနိုင်ခဲ့လို့ ဘာကာတို့ အဖွင့်ဂိုးစရခဲ့ပါတယ်။ အဲ့ဒီ့နောက် ၇မိနစ်အကြာမှာလည်း ဇာဗီရဲ့အဝေးကန်ချက်ကို အဘီယာတီ ပုတ်ထုတ်ခဲ့ပြီး ဘားထိပြန်ထွက်လာတာကို မက်ဆီ ပြေးဝင်ခေါင်းတိုက်ခဲ့ပေမယ့် လွဲချော်ခဲ့လို့ ဒုတိယဂိုးမရခဲ့တာပါ။

ဒါ့အပြင် အေစီမီလန် နောက်ခံလူတွေ ပတ်ဒရိုကို ဧရိယာထဲမှာ နှစ်ကြိမ်တိုင် ဥပဒေပ ကစားခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပင်နယ်တီ မပေးခဲ့ပါဘူး။ ပွဲချိန် ၃၇မိနစ်အရောက်မှာတော့ မာရှေယာနိုရဲ့အမှားကနေ ပျက်သွားတဲ့ဘောလုံးကို အမ်ဘာရီနိုင်းရသွားပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာတော့ သူ့ရဲ့ကန်ချက်က တိုင်ထိထွက်ခဲ့လို့ အေစီမီလန်တို့ ချေပဂိုးရဖို့ နစ်နာခဲ့ရပါတယ်။ ဒါပေမဲ့ နောက် ၂မိနစ်အကြာမှာတော့ အင်နီယက်စတာနဲ့ အပေးအယူလုပ်ပြီး မက်ဆီ ဧရိယာထိပ်က ကန်သွင်းရာမှာ ဘာကာတို့ ဒုတိယဂိုးရခဲ့ပါတယ်။

အေစီမီလန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် ၉ပွဲစလုံး ဂိုးပေးခဲ့ရတဲ့ စံချိန်ဆိုးတစ်ခု ရရှိခဲ့ပြီး ဘာကာကတော့ မက်ဆီ၊ ဒေးဗစ်ဗီလာတို့ ပွဲထွက်ကစားတဲ့ ချန်ပီယံလိဂ် ၁၅ပွဲမှာ ၃၉ဂိုးထိ သွင်းယူနိုင်ခဲ့လို့ တစ်ပွဲပျမ်းမျှ ၂.၆ဂိုးထိရှိခဲ့ပြီး ဒီတိုက်စစ်မှူး နှစ်ယောက်ဟာ အခုပွဲမှာလည်း ၃ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၉မိနစ်အကြာမှာ ဇာဗီ အကွက်မြင်မြင် ဖန်တီးပေးတာကနေ ဒေးဗစ်ဗီလာက အဝေးထောင့်ကို ကန်သွင်းပြီး ဘာကာအတွက် နောက်တစ်ဆင့် တက်နိုင်မယ့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။ အဲ့ဒီနောက်မှာ အေစီဟာ ရော်ဘင်ဟို၊ ကာကစ်၊ မွန်တာရီတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် နာကျင်အချိန်ပိုအရောက်မှာ အယ်လ်ဘာရဲ့ပွဲသိမ်းဂိုး သွင်းခြင်းကို ခံခဲ့ရပြီး ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။