Wednesday, March 13, 2013

မူဆယ်ကို နိုင်ငံ့ကျက်သရေဆောင် မြို့ပြအဖြစ် အကောင်အထည်ဖေါ်မည်

ရန်ကုန် (မဇ္ဈိမ)။   ။ ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ် နယ်စပ်၏ ထွက်ပေါက်တခု ဖြစ်သော မူဆယ်မြို့အား
 နိုင်ငံ့ကျက်သရေဆောင် မြို့ပြစီမံကိန်း ရေးဆွဲ၍ အကောင်အထည်ဖေါ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောသည်။

"ခေတ်မီမြို့ပတ်လမ်းနှင့် အဆင့်မြင့် မြို့ပြစီမံကိန်းလုပ်ငန်း၊ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း၊ အဆင့်မြင့်အိမ်ရာ စီမံကိန်းလုပ်ငန်း၊ ကုန်တင်ကုန်ချ နှင့် ကုန်သိုလှောင်ရုံများ တည်ဆောက်ရေး စီမံကိန်းများ၊ အဆင့်မြင့် လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်းများ၊ အဆင့်မြင့် ဟိုတယ်များ စီမံဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်" ဟု မတ်လ ၇ ရက်နေ့က ပြုလုပ်သည့် အမျိုးသား
လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က ပြောကြားသွားခြင်း ဖြစ်သည်။

ထို့အပြင် ၁၀၅ မိုင် ဟိုနောင်-ပန်ဆိုင်း(ကြူကုတ်) ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းနှင့် မြို့ရှောင်လမ်း ဖောက်လုပ်ရေး လုပ်ငန်းများကိုလည်း စီမံဆောင်ရွက်နေသည်ဟု ဆိုသည်။

"ကုန်သွယ်ရေးဇုန်ကို ရေရှည်တည်တံ့ ထိမ်းသိမ်းဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာ အဆင့်မီ ဖြစ်စေရန် တိုးချဲ့
ဆောင်ရွက်ရာတွင် ပုဂ္ဂလိက ကုမ္ပဏီများကလည်း BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ပြုရန် တင်ပြထားချက်ကို လက်ခံ
ရရှိပါတယ်" ဟု ၎င်းက ဆက်ပြောသည်။

မူဆယ် ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ခေတ်မီ နည်းပညာနှင့် နည်းစနစ်များ
ကိုသုံး၍ ဆောင်ရွက်လျက်ရှိသည်။

"တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ကုန်းတွင်းပိတ် ဖြစ်နေပြီး မူဆယ်ဟာ ယူနန်ရဲ့ ပင်လယ် ထွက်ပေါက် ဖြစ်သလို အိန္ဒိယနိုင်ငံရဲ့ ထွက်ပေါက်လည်း ဖြစ်ပါတယ်။ ဒီစီးပွားရေးဇုန် မြို့ပြ စီမံကိန်းကြီး ပြီးရင် မူဆယ်နယ်စပ်
ကုန်သွယ်ရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်လာမှာပါ။ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အရေးတွေ ရလာပြီး စီးပွားရေးတွေ ဖွံ့ဖြိုးလာနိုင်ပါတယ်" ဟု မူဆယ်-နန်းခမ်း ကုန်သည်အသင်းမှ ဥက္ကဋ္ဌ ဦးဟန်စိန် က သုံးသပ်ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။