Wednesday, March 13, 2013
ဒီဇယ်မီးကြောင့် ပေပါများအပါအ၀င် ဘောက်ဆာ(၂)စီး၊ စက်လှေ(၁)စီး လောင်ကျွမ်း၊ ပန့်ကိုင်နှစ်ဦးဒဏ်ရာရ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်တံတားအဆင်း ဒိုင်စုကျေးရွာအုပ်စု၊ ဆိပ်ကမ်းသာလမ်း၌  နံနက်ပိုင်းက မြန်မာမန်းကုမ္ပဏီပိုင် PPCLစက်သုံးဆီ သိုလှောင်ရုံ မီးလောင်ကျွမ်းမှုကြောင့် လူနှစ်ဦးဒဏ်ရာများရရှိကာ ငါးဖမ်းစက်လှေတစ်စီးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာအုပ်စု၊ ဆိပ်ကမ်းသာလမ်း၊ ခြေလျင်တပ်ရင်း(၅၃၂) ၀န်းအတွင်းရှိ မြန်မာမန်းကုမ္ပဏီပိုင် (PPCLစက်သုံးဆီသိုလှောင်ရုံ)တွင်နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်၌ မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"မီးခိုးလုံးကြီးတက်လာလို့ မီးလာငြှိမ်းပေးဖို့အတွက် မီးသတ်ကိုအကြောင်းကြားလိုက် တယ်။ ကျွန်တော်အကြောင်းကြားလိုက်တာ ၁၁ နာရီ ၅၅ လောက်မှာ အကြောင်း ကြားလိုက်တာ။ မီးကတော်တော်လောင်တယ်။ ငါးဖမ်းသင်္ဘောတစ်စီးလည်း လောင်တယ်။" ဟု မြစ်ကြောင်းလုံခြုံရေး စစ်ရေယာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စက်သုံးဆီများဖြစ်သဖြင့် မီးငြှိမ်းသတ်ရာတွင် သာမာန်မီးငြှိမ်းသတ်နေကျရေများဖြင့်ငြှိမ်းသတ်၍ မရပဲ မီးသတ်ဦးစီးဌာနမှ Chemical အရည်များဖြင့် မီးငြှိမ်းသတ်ခဲ့ ရကြောင်းကိုလည်း သိရှိရသည်။
မီးလောင်ကျွမ်းရခြင်းမှာ ဆီလှယ်ရာမှစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်သည့်နေရာ၌  အရေးပေါ် မီးငြှိမ်းသတ်နိုင်မည့် ပစ္စည်းကိရိယာများ ထားရှိမှုမရှိဟုသိရသည်။
"အခုလောင်တာက စည်းကမ်းမလိုက်နာလို့ လောင်တာ။ အခုဒီမှာ အရေးပေါ်မီးငြှိမ်းသတ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ မရှိဘူး။ အခုမီးငြှိမ်း သတ်တာက အဆင့်(၄) နဲ့ငြှိမ်းသတ်တာ။ မီးသတ်ကား (၅၀) ကျော် ရယ် တိုင်းမီးသတ်က မီးသတ်ကားတွေ ရယ် ငြှိမ်းသတ်တာ။ ဆီလှယ်တာကနေ စပြီးတော့ လောင်တာ" ဟု လှိုင်သာယာ မီးသတ်မှတာဝန်ရှိသူ ဦးသန်းမြင့်ဦး  က ပြောသည်။
ယနေ့ လောင်ကျွမ်းခဲ့သည့် ဆီသိုလှောင်ရုံမီးလောင်ကျွမ်းမှုမှာ ဖေဖော်ဝါရီလ (၄) ရက်နေ့က လှိုင်တွင်ဖြစ်ပွားခဲ့သော ဆီသင်္ဘောမီးလောင်မှုထက်  ပြင်းထန်မှု မရှိဟု  တိုင်းဦးစီးမှူးက မှတ်ချက်ပြုသည်။
"အခုဆီသိုလှောင်ရုံမီးလောင်တာ ဟိုတစ်ခါလှိုင်မှာလောင်တာလောက်မပြင်းထန်ဘူး။ လှိုင်မှာလောင်တုန်းက သင်္ဘောဆီတွဲတွေ မီးလောင်တာလေ။ အဲ့ဒီမှာလောင်တုန်းက ဓာတ်ဆီဂါလံ ၇ ထောင်ကျော်လောက် လောင်တာ။ ဒီတစ်ခါလောင်တာ သိပ်မပြင်း ထန်ဘူး။" တိုင်းဦးစီးမှူး ဦးကြည်ဝင်းကပြောသည်။
မီးလောင်မှုကျွမ်းမှုကြောင့် ဓာတ်ဆီဘောက်စာ ကားမောင်းသူနှစ်ဦးမှာ မီးလောင် ဒဏ်ရာမှာ ပြင်းထန်သဖြင့်ရန်ကုန်ဆေးရုံကြီးသို့ ပို့ထားရကြောင်းကိုလည်း သိရသည်။
"အခုဓာတ်ဆီဘောက်စာကားမောင်းတဲ့သူနှစ်ယောက်ထိခိုက်ဒဏ်ရာရသွားတယ်။ မီးလောင်တဲ့ ဒဏ်ရာတွေရ သွားတာ။ အခုဆေးရုံကိုပို့ထားတယ်။ မီးလောင်ဒဏ်ရာက နည်းနည်းတာ့ပြင်းတယ်။"ဟု တာဝန်ကျကြက်ခြေနီဝန်ထမ်းတစ်ဦးကပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် (၄) ပေ (၈) ပေ ဆီပေပါ (၅) လုံး၊ ဂါလံ (၂၈၀၀) ဆန့် ဆီဘောက်ဆာကား (၂) စီး၊ ဂါလံ (၂၀၀၀) ဆန့် ဆီပေပါ တစ်လုံး၊ ငါးဖမ်း သင်္ဘော တစ်စီး၊ လောင်ကျွမ်းခဲ့ကြောင်း တာဝန်ရှိသူများထံက သိရှိရသည်။
မီးလောင်ဒဏ်ရာများ ရရှိထားသူများမှာ  ဆီပန့်ကိုင်သူနှစ်ဦးဖြစ်သည့် ကိုမင်းထိုက်အောင် (၂၉) နှစ်၊ ကိုသူရိန် (၃၈) တို့ဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။