Wednesday, November 20, 2013

မြန်မာ-မွန်ဂိုလီးယား ဆက်ဆံရေး တိုးမြှင့်လာခြင်း ပြုပြင်ပြောင်းလဲရေး အထောက်အကူဖြစ်စေနိုင်

သံတမန်ဆက်သွယ်ရေး ထူထောင်ထားသော်လည်း အဆက်အသွယ် နည်းလွန်းခဲ့သည့် မြန်မာနှင့် မွန်ဂို လီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်လာခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖော် ဆောင်မှုများကို ပိုမိုမြန်ဆန်စေရန် အထောက်အကူဖြစ်နိုင်ဟု နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အချို့က မဇ္ဈိမကို သုံးသပ် ပြောကြားလိုက်သည်။

ပထ၀ီနိုင်ငံရေးအခြေခံနှင့် နိုင်ငံရေးဖြစ်စဉ် တူညီသည့် နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးကို တွန်းအားပေးနိုင်မည်ဟု ယုံကြည်သည်ဟု ၎င်းတို့ကဆိုသည်။ မြန်မာ နိုင်ငံသို့ နိုဝင်ဘာ ၁၈ ရက်တွင် ရောက်ရှိလာသည့် မွန်ဂိုလီးယားနိုင်ငံသမ္မတ မစ္စတာအယ်လ်ဘတ်ခ် ဒေါ့ဂ်ျဇတ်ခ် ဟီးလ်ယာဒ်၏ ခရီးစဉ်နှင့်ပတ်သက်၍ ၎င်းတို့က ရည်ညွှန်း ပြောဆိုကြခြင်းဖြစ်သည်။
“အချင်းချင်း တိုင်ပင်ဆွေးနွေးနိုင်ရင်တော့ ပိုပြီးတော့မှ ကောင်းမွန်တဲ့ အတွေးအခေါ်တွေ၊ အယူအဆ တွေ ဖလှယ်နိုင်ခွင့်ရလိမ့်မယ်လို့ ထင်ပါတယ်”ဟု နိုင်ငံတကာအရေး လေ့လာသုံးသပ်သူ ဦးကိုကိုလှိုင် က ဆိုသည်။
အဆိုပါခရီးစဉ်သည် ၁၉၅၆ ခုနှစ်ကတည်းက သံတမန်ဆက်သွယ်ရေး စတင်ခဲ့ပြီးနောက် မွန်ဂိုလီးယား နိုင်ငံ သမ္မတတစ်ဦး၏ ပထမဆုံးအကြိမ်မြန်မာ့မြေသို့ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။
မွန်ဂိုးလီးယားနိုင်ငံသည် အင်အားကြီး တရုတ်နှင့် ရုရှ နှစ်နိုင်ငံကြား တည်ရှိသကဲ့သို့ မြန်မာနိုင်ငံသည် လည်း တရုတ်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်းဖြစ်သည်။
ထို့ပြင် နှစ်နိုင်ငံစလုံးသည် ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်ကို ထူထောင်ရန်ကြိုးပမ်းနေကြသည့် နိုင်ငံများ လည်း ဖြစ်သည်။
မွန်ဂိုလီးယားသည် ၁၉၉၀ ပြည့်နှစ်တွင် တစ်ပါတီကွန်မြူနစ်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲ နေသည့် နိုင်ငံလည်းဖြစ်သဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များနှင့် နီးစပ်သည်ဟု ယူဆနိုင်ခြင်းဖြစ်သည်။
ဦးကိုကိုလှိုင်က “အဲလိုမျိုး တူညီတဲ့ပထ၀ီနိုင်ငံရေးအခြေခံနဲ့ တူညီတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင်တော့လည်း ဒါ အားတစ်ခုဖြစ်လာမယ်လို့ ထင်ပါတယ်”ဟု သုံးသပ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များ၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ၊ သင်ခန်းစာများကို အမြင်ချင်း ဖလှယ်ခဲ့သည်ဟု မြန်မာအစိုးရက သတင်းထုတ်ပြန်ထားသည်။
“သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ သူတို့တွေ့ကြုံနေရတဲ့ အမှားအယွင်းတွေပေါ့။ ဒါမျိုးတွေကနေပြီး တော့လည်း သင်ခန်းစာပြန်ရယူနိုင်တဲ့ အနေအထားရှိတယ်”ဟု ဦးကိုကိုလှိုင်က ပြောသည်။
စီးပွားရေး၌မူ မွန်ဂိုးလီးယားသည် ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း သဘာဝသယံဇာတ ထုတ်လုပ်မှုအပေါ် မှီခိုနေရခြင်းမှာမူ မြန်မာနှင့် တူညီနေသည်။
ဆွီဒင်လူမျိုး မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလင်ဒါကလည်း နှစ်နိုင်ငံသည် ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲမှုတွင် လက်တွဲဖော်များ ဖြစ်လာနိုင်သည်ဟု မှတ်ချက်ပြု ပြောဆိုသည်။
“ဘာပဲပြောပြော ပြုပြင်ပြောင်းလဲရေးမှာတော့ အဖော်နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာပါ”ဟု ၎င်းကပြောသည်။
မွန်ဂိုလီးယားသမ္မတသည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်းရှိ I12 အဆောင်၌ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။ သို့သော် ဆွေးနွေးမှု အကြောင်းအရာများကိုမူ နှစ်ဖက် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ထိုတွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်းက သမ္မတ မစ္စတာ အယ်လ်ဘတ်ခ် ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်၏ ဖိတ်ကြားမှုဖြင့် မွန်ဂိုလီးယားနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်ကလည်း တွေ့ဆုံခဲ့ကြသည်။
နိုဝင်ဘာ ၂၀ ရက်တွင် မွန်ဂိုလီးယားသမ္မတနှင့်အဖွဲ့သည် ရန်ကုန်မြို့ ကုန်သည်၊ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။