Tuesday, September 3, 2013

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား အတွက် နည်းပညာပိုင်း ဆိုင်ရာကို တရုတ်နိုင်ငံက အခမဲ့ကူညီမည်

မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားအတွက် လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာများကို တရုတ်နိုင်ငံက အခမဲ့ကူညီ ပံ့ပိုးမည်ဟု စက်တင်ဘာ ၂ ရက်တွင် ကျင်းပသည့် ဖွင့်ပွဲပိတ်ပွဲအတွက် နည်းပညာကူညီ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း စတင်အကောင် အထည်ဖော်ခြင်း အခမ်းအနားတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက ပြောကြားသည်။

''နှစ် ၄၀ ကျော်မှ ပြန်လည် ကျင်းပဖြစ်တဲ့ ဒီပြိုင်ပွဲကို အရှေ့တောင်အာရှမှာ အဆင့်အတန်းမီမီ ကျင်းပနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ လိုအပ်တဲ့ နည်းပညာပိုင်း ဆိုင်ရာတွေကို အတွေ့အကြုံရှိတဲ့ တရုတ်နိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာပါ။ ကွင်းအတွင်းမှာ သုံးမယ့်အသံစနစ်၊ အယ်အီးဒီ၊ ပရိုဂျက်တာတွေနဲ့ ဖွင့်ပွဲ၊ ပိတ်ပွဲကို ကျင်းပသွားမှာပါ။ တရုတ်နိုင်ငံရဲ့ အကူအညီ ယူရတာက ဘေဂျင်းအိုလံပစ်မှာ သူတို့သုံးသွားတာ တကယ်ကို အဆင့်မြင့်လို့ပါ။ စက်ပစ္စည်း တချို့တစ်ဝက်လောက် ရောက်နေပါပြီ'' ဟု ဦးရန်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် တရုတ်နိုင်ငံမှ နည်းပညာများ၊ အားကစားပစ္စည်းများ၊ နည်းပြများ၊ အားကစားနည်း ၁၃၂ မျိုး စသည်ဖြင့် ထောက်ပံ့ပေးမည့်အပြင် အားကစားသမား ၂၁၇ ဦးကိုလည်း တရုတ်နိုင်ငံတွင် လေ့ကျင့်ပေးလျက် ရှိကြောင်း၊ နည်းပညာပိုင်း ဆိုင်ရာများကို တရုတ်နိုင်ငံမှ အခမဲ့ ကူညီမည်ဖြစ်ကြောင်း သိရသည်။

''တရုတ်ပညာရှင်တွေနဲ့ လေ့ကျင့်နေတာ ရက် ၂၀၀ လောက်ရှိပါပြီ။ တရုတ်နည်းပြတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဘက်က ကုန်ကျမှု မရှိပါဘူး။ နည်းပညာ ပိုင်းဆိုင်ရာ အားလုံးကို တရုတ်နိုင်ငံက ကူညီသွားမှာ ဖြစ်ပါတယ်'' ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။