Wednesday, May 1, 2013

တာမွေရာပြည့်ဈေး ရွှေ့ပြောင်းမှုအတွက် NNDP မှကူညီမည်

တာမွေ ရာပြည့်ဈေး ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းသည် ဈေးသူဈေးသားများ အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် သက်ဆိုင်နေသဖြင့် တဖက်တလမ်းက ကူညီမည်ဟု သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ ပါတီသစ် (NNDP) ၏ ဥက္ကဌ ဦးသိန်းညွှန့်က မဇ္စိျမကို ပြောသည်။  

၎င်းက "အခု ဖြစ်တဲ့ ကိစ္စက သူတို့ရဲ့ စားဝတ်နေရေး၊သူတို့ရဲ့ဘ၀ ရပ်တည်ရေးနဲ့ ဆိုင်တယ်၊ အဲဒါကြောင့် ကျွန်တော် မြို့နယ် မဟုတ်ပေမယ့် ၀င်ရပ်ပေးတာပါ၊ အအခုလောလောဆယ်တော့ အတတ်နိုင်ဆုံး
ပြောင်းတဲ့ရက်ကို ဆိုင်းဖို့ စာပို့ပေးပါ့မယ်၊" ဟုဆိုသည်။

ထို့အပြင် မြို့တော်စည်ပင်သာယာရေး ဥပဒေကို ပြန်လည်ပြင်ဆင်ကာ ဈေးသူဈေးသားများ ဘ၀တည်ငြိမ်လုံခြုံမှု ရှိသည့် အစီစဉ်များ ချမှတ်ရန် လိုအပ်သကဲ့သို့ ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီသည်  ပြည်သူများ တင်မြှောက်သည့် ကော်မတီ ဖြစ်စေရန် ဥပဒေအရ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ဦးသိန်းညွှန့်မှ သူ့အမြင်ကို ရှင်းပြခဲ့သည်။

တာမွေ ရာပြည့်ဈေးအား ကုမ္မဏီမှ နှစ်နှစ်အတွင်း အပြီးသတ် ပြန်လည်ပြင်ဆင် ဆောက်လုပ်ပေးကာ ဆိုင်ခန်းများ ပိုင်ဆိုင်မှုအလိုက် အတိအကျ ပြန်လည်ပေးမည်ဟု ဆိုခဲ့သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီမှ ထုတ်ပြန်ချက်များ မရရှိသဖြင့် ပွင့်လင်းမြင်သာမှု မရှိဟု ဈေးသူဈေးသားများမှ ဝေဖန်ခဲ့ကြသည်။

တာမွေရာပြည့်ဈေးတွင် ၂၅နှစ်ခန့် သားငါးများကို ရောင်းချလျက်ရှိသော ဒေါ်ခင်မြမြက "ကျွန်မတို့ကို ဒီကနေ
ပြောင်းဖို့ကျတော့ ရက်အတိအကျ ပြောတယ်။ ဈေးသစ်ကို ဘယ်တော့ပြန်ဝင်ရမလဲ ဆိုတာကျတော့ အတိအကျ မပြောဘူး" ဟု ဆိုသည်။

တာမွေ ရာပြည့်ဈေးသည် ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ခန့် ရှိပြီး ဆိုင်ခန်းတစ်ခန်းလျှင် လစဉ် ငှားရမ်းခ အနေဖြင့် စည်ပင်သာယာရေးကော်မတီသို့ ဆိုင်ခန်းငှားရမ်းကြေး ၁၅၀၀ ကျပ်နှင့်အတူ မီးသုံးစွဲခ ၁၅၀၀ ကျပ်ကို
ပေးဆောင်ရကာ နှစ်စဉ် အခွန်ကြေးအနေဖြင့် ကျပ် ၂၅၀၀ ကို လည်း ပေးဆောင်ရသည်ဟု တာမွေဈေးတွင်
ဈေးရောင်းသူ တစ်ဦးဖြစ်သူ ဒေါ်နီနီထွန်းက ပြောသည်။

ဦးသိန်းညွှန့် ဦးဆောင်သော NNDP သည် ဈေးကိစ္စများနှင့် ပတ်သတ်ပြီး မ၇မ်းကုန်းမြို့နယ်ဈေး၊ ဘုရင့်နောင်ဈေး၊ မင်္ဂလာဒုံ၊ထောက်ကြံ့ဈေး၊ များတွင်ဖြစ်ပေါ်ခဲ့သော အလားတူ ကိစ္စရပ်များကိုလည်း ပါဝင် ဖြေရှင်းပေးခဲ့ဖူးသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။