Wednesday, May 1, 2013

ရေလမ်းကြောင်း လွတ်သည့်အတွက် မြန်အောင်သင်္ဘော မဆယ်ယူသေး

ရေလမ်းကြောင်း လွတ်နေသေးသည့်အတွက် မြန်အောင် သင်္ဘော ဆယ်ယူရန် အလောတကြီး ဆောင်ရွက်ရန် မရှိသေးကြောင်း မြန်မာ့ရေနံနှင့် ဓါတုလုပ်ငန်း (မြန်အောင်) မှညွှန်ကြားရေးမှူး ဦကျော်သက်က ပြောသည်။

၎င်းက "သက်ဆိုင်ရာ လူကြီးတွေဆီ တင်ပြမယ်။ အခုအချိန်က ရေလမ်းကြောင်းက လွတ်နေတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အလောတကြီး လုပ်စရာမလိုသေးဘူး။ ဒီကေ့စ်နဲ့ ပတ်သတ်ပြီး ဆယ်ဖို့အတိအကျ မှန်းလို့ မရသေးပါဘူး" ဟုဆိုသည်။

မြန်မာရေနံနှင့် ဓါတုလုပ်ငန်းမှ မြန်အောင်ရေနံတင် သင်္ဘောသည် မော်လမြိုင် ဆိပ်ကမ်းတွင် စက်သုံးဆီများ ပို့ဆောင်အပြီး ရန်ကုန်ဆိပ်ကမ်း အရောက်တွင် MalaccaHighway သင်္ဘောနှင့် တိုက်မိကာ ဧပြီလ ၂၈ ရက်နေ့ နေ့လည် တနာရီမိနစ် ၂၀ ခန့်တွင် နစ်မြှပ်သွားခဲ့သည်။

မြန်အောင်သင်္ဘောနစ်မြှပ်မှုတွင် သင်္ဘောချည်း သက်သက် နှစ်မြှပ်ခဲ့ခြင်း ဖြစ်ပြီး သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် သင်္ဘောသား ၁၇ ဦးမှာ ထိခိုက်မှု မရှိခဲ့ပေ။

ရေကြောင်းလုပ်ငန်း ဌာနသင်္ဘော ကိုယ်စားလှယ် ဦးသက်ထွန်းက"နစ်မြုပ်သွားတဲ့ သင်္ဘောမှာ ဆီလုံးဝမပါဘူး။
ပြန်ဖော်ဖို့ ရေနံဓါတုလုပ်ငန်းက ဆောင်ရွက်သွားမှာပါ။ မြန်အောင် သင်္ဘောဖြစ်စဉ်အတွက် ရေကြောင်းပို့ဆောင်ရေး ၀န်ကြီးဌာနက ဆက်လက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် " ဟုဆိုသည်။

မြန်မာ့ရေနံဓါတု လုပ်ငန်းပိုင် မြန်အောင်ရေနံတင် သင်္ဘောသည် အလျား ၆၃ ဒဿမ ၅ မီတာ၊ အနံ ၁၃ မီတာ၊ ရေစူး ၃ မီတာနှင့် တန်ချိန် ၁၁၂၅ တန်ရှိပြီး Malacca Highway သင်္ဘောမှာ တန်ချိန် ၁၇၀၀၀ ရှိကြောင်း သိရသည်။ လက်ရှိတွင် မြန်အောင် သင်္ဘောနစ်မြုပ်မှု ဖြစ်စဉ်ကို ရေကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီးစုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဒုတိယရေကြောင်း ဌာနမှူး ဦးဇော်ထွန်းလွင်က "စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က မပါဘူး။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာန ရဲ့စစ်ဆေးမှု အဖြေထွက်လာမှပဲ မြန်မာ့ဆိပ်ကမ်းဘက်က လိုအပ်တဲ့ အပိုင်းတွေကို ဆောင်ရွက်သွားမှာပါ " ဟု ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။