Wednesday, May 1, 2013

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအား ၀င်ငွေနည်း ပြည်သူများ ၀ယ်ယူနိုင်ရေး ရည်ရွယ်ဆောင်ရွက်ရန် ကုမ္ပဏီများကို သတိပေးထား


5.1.7

ဧရာဝဏ်/ရတနာ အိမ်ရာစီမံကိန်း (၂) ခု ဆောက်လုပ်ရန် မြေစမ်းသပ်ခြင်း အခမ်းအနားကို  ဇန်န၀ါရီ လဆန်းပိုင်းက တွေ့ရစဉ်

ရန်ကုန်မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများသည် ၀င်ငွေနည်း ၀န်ထမ်းများ၊ ၀င်ငွေနည်း ကုမ္ပဏီဝန်ထမ်းများအတွက် ရည်ရွယ်ဆောင်ရွက်သည့် လုပ်ငန်း ဖြစ်သဖြင့် ကိုယ်ကျိုးစီးပွားကို ပဓာနမထားဘဲ ဆောင်ရွက်ကြရန် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့်က လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများကို သတိပေးထားကြောင်း သိရသည်။

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းနှင့် ပတ်သက်၍ ဧပြီလအတွင်း ပြုလုပ်ကျင်းပသည့် လုပ်ငန်းအစည်းအဝေးတွင် ဒုတိယ၀န်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''တန်ဖိုးနည်း အိမ်ရာတွေဟာ ၀င်ငွေနည်း ၀န်ထမ်းတွေအတွက် အဓိကထားပြီး နိုင်ငံတော်က ဆောင်ရွက်တာလို့ သိရတယ်။ အခုဟာက တန်ဖိုးနည်းဆိုတာတောင် ကျပ်သိန်း ၁၀၀ အထက်မှာ ရှိနေတော့ ၀င်ငွေနည်း မိသားစုတွေ ၀ယ်နိုင်တဲ့ အနေအထား မရှိသေးဘူး'' ဟု ၎င်းက ပြောသည်။

တန်ဖိုးနည်း တိုက်ခန်းဟု ဆိုသော်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်မည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းနှစ်ခုမှာ အမြင့်ဆုံးတန်ဖိုး ကျပ်သိန်း ၂၀၀ ခန့်အထိ ပါဝင်မည်ဖြစ်ပြီး အဆိုပါ နှုန်းထားများမှာ သာမန်ပြည်သူများ လက်လှမ်းမမီနိုင်သည့် နှုန်းထားများ ဖြစ်နေသည်။

''တန်ဖိုးနည်း တိုက်ခန်းဆိုပေမယ့် ကျပ်သိန်း ၂၀၀ အထိ အများဆုံး ဆောက်လုပ်ရောင်းချရတဲ့ အချက်က ယုဇနအိမ်ရာ ဆောက်လုပ်တဲ့ အချိန်မှာ PAE တန်ဖိုးက တစ်ပေပတ်လည်ကို ကျပ် ၁၀၀၀၊ ကျပ် ၁၅၀၀ လောက်ပဲ ရှိပေမယ့် ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းနှစ်ခု ဆောက်မယ့်အချိန် မှာ PAE တန်ဖိုးက တစ်ပေပတ်လည်ကို ကျပ် ၂၀၀၀၀ ၀န်းကျင်အထိ ဖြစ်နေပါတယ်။ ပြီးတော့ ဈေး၊ ကျောင်း၊ ပန်းခြံ၊ ဘတ်စ်ကားဂိတ်တွေလို မရှိမဖြစ် လိုအပ်တဲ့ အဆောက်အအုံတွေ ရေ၊ မီး၊ လမ်း၊ မီတာ၊ ဓာတ်လှေကားစတဲ့ ပစ္စည်းတွေကြောင့် ဈေးနှုန်းက တန်ဖိုးနည်း တိုက်ခန်းကို ကျပ်သိန်း ၂၀၀ ထက် မများစေရဘူး ဖြစ်သွားပါတယ်'' ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။