Wednesday, May 1, 2013

ပဋိပက္ခများ ဖြစ်ပွားရခြင်းမှာ ဘင်္ဂါလီများက ရခိုင်ပြည်နယ်အား မွတ်ဆလင်ပြည်နယ်အဖြစ် သိမ်းပိုက်မှုကြောင့်ဟု ရခိုင်လူမျိုးများက ထင်မြင်ပြီး ရခိုင်လူမျိုးများ၏ လူမျိုးကြီး စိတ်ဓာတ်ကြောင့်ဟု ဘင်္ဂါလီလူမျိုးများက ထင်မြင်ကာ နှစ်ဖက်စလုံးက အစိုးရအား အပြစ်တင်ခဲ့


rakhine-may1

၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်းမှ ဒေသခံ ရခိုင်တိုင်းရင်းသားများအား တွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလများအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် စပ်လျဉ်း၍ ၈ လကြာ အချိန်ယူခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဧပြီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် စာမျက်နှာ ၁၈၃ မျက်နှာ ပါဝင်ပြီး ရခိုင်ပြည်နယ်တွင်းရှိ လူ့အဖွဲ့အစည်း နှစ်ခုတို့အကြား တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် အခြေအနေများ၊ ပဋိပက္ခ ဖြစ်ပွားစေသည့် အကြောင်းရင်းများ၊ ဆူပူ အကြမ်းဖက်မှုများကြောင့် ဆုံးရှုံးမှုများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ရန် လိုအပ်ချက်များနှင့် အကြံပြုချက်များ၊ ရိုဟင်ဂျာ အခေါ်အဝေါ် ပြဿနာ၊ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အကြံပြုချက်များ စသည့်အခန်းများ ပါဝင်ပြီး ပဋိပက္ခများ ဖြစ်ပွားရခြင်းမှာ ဘင်္ဂါလီများက ရခိုင်ပြည်နယ်အား မွတ်ဆလင်ပြည်နယ်အဖြစ် သိမ်းပိုက်မှုကြောင့်ဟု ရခိုင်လူမျိုးများက ထင်မြင်ကြပြီး ရခိုင်လူမျိုးများ၏ လူမျိုးကြီး စိတ်ဓာတ်ကြောင့်ဟု ဘင်္ဂါလီလူမျိုးများက ထင်မြင်ကြကာ နှစ်ဘက်စလုံးက အစိုးရအား အပြစ်တင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းအရင်းများ အခန်းတွင် ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ရခိုင်လူမျိုး ၁၂၀၀ ဦးအား မေးမြန်းရာတွင် ၈၄.၇ ရာခိုင်နှုန်းက ဘင်္ဂါလီများ၏ ရခိုင်ပြည်နယ်ကို သိမ်းပိုက်ရန် ကြိုးစားမှုကြောင့်ဟု ဖြေဆိုကြောင်း၊ ဖြေဆိုသူများ၏ ၈၀ ရာခိုင်နှုန်းက ပဋိပက္ခ ဖြစ်ပွားရခြင်းမှာ ဘင်္ဂါလီများ၏ ကြိုတင်ကြံစည်မှုကြောင့်ဟု ထင်မြင်ကြကြောင်း၊ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ရှိ ဘာသာရေး ပြင်းထန်သည့် သူများထံမှ အကြံဉာဏ်နှင့် ငွေကြေးအထောက်ပံ့များ ရယူ၍ ရခိုင်ပြည်နယ်အား မွတ်ဆလင်ပြည်နယ် မဖြစ်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု ထင်မြင်ကြောင်း ဖြေဆိုကြသည်ဟု ဖော်ပြခဲ့သည်။

ရခိုင်လူမျိုး အများစုက ပဋိပက္ခ ဖြစ်ပွားလာခြင်းသည် အစိုးရမှ တိုင်းရင်းသားများအား အကာအကွယ် မပေးနိုင်ခြင်း၊ အကျင့်ပျက် ၀န်ထမ်းများက ဘင်္ဂါလီများ၏ လာဘ်ငွေများ ရယူ၍ တရားမ၀င် ၀င်ရောက်လာသူများအား ကာကွယ်ပေးခြင်း၊ ဒေသအာဏာပိုင်များက ဥပဒေနှင့် မညီသည့် လုပ်ရပ်များကို ပြုလုပ်ခြင်းများ၊ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက မိမိတို့ပါတီ မဲရရှိရေးအတွက် ဘင်္ဂါလီ အများအပြားကို ယာယီမှတ်ပုံတင် အဖြူကတ်များ ထုတ်ပေးခဲ့ခြင်းကြောင့် လူမျိုးရေး ပဋိပက္ခများ ပိုမိုရှုပ်ထွေးခဲ့ပြီး ဆိုးရွားစွာ ပျံ့နှံ့လာခြင်းဖြစ်သည်ဟု ယူဆကြကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့အပြင် အရေးပါသော ရေလမ်းကြောင်းများတွင် ဘင်္ဂါလီရွာများ ကြီးစိုးနေကြပြီး တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီများသည် တရားမ၀င် အလွယ်တကူ ၀င်ရောက်လာနိုင်ပြီး စစ်တွေမြို့နှင့် အခြားအချက်အချာကျသည့် မြို့များကိုလည်း ထိန်းချုပ်ရန် ကြံစည်နေသည်ဟု ရခိုင်လူမျိုးများက ယုံကြည်နေကြသည်။ အစိုးရအနေဖြင့် ထိုသို့နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ရှိသည့် အခြေအနေကို မည်သို့မှ အရေးယူ ဆောင်ရွက်ခြင်း မရှိသည့်အတွက် ရခိုင်လူမျိုးများက မွတ်ဆလင်များ၏ ကြီးစိုးရန် လုပ်ဆောင်မှုကို တတ်နိုင်သမျှ ရပ်ဆိုင်းအောင် ကြိုးစားသည့် အနေဖြင့် ဘင်္ဂါလီများကို အင်အားဖြင့် ပြန်လည်တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိကြောင်း ကော်မရှင် အစီရင်ခံစာက ဖော်ပြထားသည်။

ကော်မရှင်၏ ဘင်္ဂါလီ ၈၀၀ ဦးအား မေးမြန်းချက်တွင်မူ ရခိုင်များ၏ ရခိုင်ပြည်နယ်အတွင်း အတူတကွ နေထိုင်လျက်ရှိသော လူမျိုးစုငယ်များကို လက်မခံသည့် လူမျိုးကြီး စိတ်ဓာတ်ကြောင့် ပဋိပက္ခ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ လူမျိုးကြီးစိတ်ရှိသော ရခိုင်လူမျိုးများက ကျောက်နီမော်ရွာ မုဒိမ်းမှုကို အသုံးချ၍ ဘင်္ဂါလီများအား ဒုက္ခရောက်အောင် လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သဘောထား ရှိကြသည်ဟု ဖော်ပြခဲ့သည်။


ဖြေဆိုသူများ၏ ၈၀ ရာခိုင်နှုန်းက ပဋိပက္ခ ဖြစ်ပွားရခြင်းမှာ ဘင်္ဂါလီများ၏ ကြိုတင်ကြံစည်မှုကြောင့်ဟု ထင်မြင်ကြကြောင်း၊ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ရှိ ဘာသာရေး ပြင်းထန်သည့် သူများထံမှ အကြံဉာဏ်နှင့် ငွေကြေး အထောက်ပံ့များ ရယူ၍ ရခိုင်ပြည်နယ်အား မွတ်ဆလင်ပြည်နယ် မဖြစ်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု ထင်မြင်ကြောင်း . . . . .


သို့သော် ဘင်္ဂါလီအများစု နေထိုင်ရာ နေရာများတွင်မူ ကျောက်နီမော် ဖြစ်စဉ်ကို မသိကြဘဲ တောင်ကုတ်တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရသည့် အကြောင်းကိုသာ သိထားကြခြင်းကို ထောက်ရှု၍ ဘင်္ဂါလီများဘက်မှ ဖြစ်စဉ်များအား အပြည့်အစုံ ချပြအသိပေးခြင်းမျိုး မပြုခဲ့ဘဲ ဇောင်းပေးလိုသော သတင်းများကိုသာ ရွေးချယ်ကောက်နှုတ်ခဲ့ခြင်းမျိုး ပြုလုပ်ခဲ့သည်ဟု ကော်မရှင်က ခန့်မှန်းခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

ထိုသို့ ရခိုင်နှင့် ဘင်္ဂါလီတို့၏ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပြောဆိုချက်များသည် တိကျသည်ဟုပြောရန် ခက်သော်လည်း လုံးဝမှားသည်ဟုပြော၍ မရကြောင်း ဘင်္ဂါလီများအနေဖြင့် ရခိုင်ပြည်နယ်အား သိမ်းပိုက်ရန် ကြိုးစားနေသည်ဟုဆိုရန် ခိုင်မာသောသက်သေ မရှိသော်လည်း ၎င်းတို့၏ ရိုဟင်ဂျာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရေးနှင့် တိုင်းရင်းသား အခွင့်အရေး ရရှိရန် တောင်းဆိုမှု ပြုနေခြင်း၊ ရှေးကာလများက ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေကို အုပ်ချုပ်ခွင့်ရ သီးသန့်နယ်မြေအဖြစ် တောင်းဆိုမှု ပြုခဲ့ခြင်းများက ၎င်းတို့၌ ရခိုင်လူမျိုးများ လက်ခံနိုင်သည့် အနေအထားထက် ပို၍ နိုင်ငံရေးအရ လွှမ်းမိုးလိုမှုနှင့် နယ်မြေထိန်းချုပ်လိုမှု စိတ်ဓာတ်များ ကိန်းအောင်းလျှက် ရှိနေသည်ဟု သုံးသပ်ရသည့် အနေအထားကို ဖြစ်ပေါ်စေကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့အပြင် ရခိုင်လူမျိုးအချို့ အဆိုအရ အချို့ဘင်္ဂါလီ ဒေသခံများသည် တစ်ဖက်နိုင်ငံတွင် RSO (The Rohingya Solidarity Organization) များမှ ဖွင့်လှစ်သော စစ်ရေး၊ နိုင်ငံရေး သင်တန်းများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။ သဘောထား ပျော့ပြောင်းသော အစ္စလာမ်ဘာသာဝင် အချို့ထံမှ သိရသည်မှာ ရန်ကုန်မြို့ရှိ ဗလီအချို့သည် ပြည်ပနိုင်ငံများမှ ဘာသာရေးအစွန်းရောက် ဂိုဏ်းများနှင့် များစွာ နီးစပ်မှု ရှိနေပြီး ဘာသာရေး အစွန်းရောက် အတွေးအမြင်များကို သင်ကြားမွေးထုတ်ပေးခြင်း၊ သင်ကြားလေ့ကျင့်ပေးထားသော နယ်လှည့်တရားဟော ဆရာများစွာကို ရခိုင်ဒေသ အပါအ၀င် မြန်မာပြည် အရပ်ရပ်သို့ အသုတ်လိုက် စေလွှတ်ခြင်းများ ရှိနေကြောင်း ဝေဖန်ပြောဆိုမှုများ ရှိသည်ဟု ဆိုသည်။

ကော်မရှင် အစီရင်ခံစာတွင် နှစ်ဖက် လူ့အဖွဲ့အစည်း ခေါင်းဆောင်များ၏ လှုံ့ဆော်မှုများသည် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် ကော်မရှင်၏ အစီရင်ခံစာက ရခိုင်လူမျိုးများ၏ ဘင်္ဂါလီများအပေါ် နာကျည်းမုန်းတီးမှုနှင့် မယုံကြည်မှုများသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ဖြစ်ပွားခဲ့သော ရခိုင်နှင့် ဘင်္ဂါလီများကို အရေးယူ ဆောင်ရွက်ခြင်း မပြုပါက ရခိုင်တို့အနေဖြင့် မိမိတို့ တတ်နိုင်သည်များကို လုပ်ဆောင်သွားရန်နှင့် ဘင်္ဂါလီများကို ရခိုင်ပြည်နယ်အတွင်း၌ ကြီးစိုးမှု မရှိနိုင်အောင် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြပုံ ရှိပါသည်ဟု ဖော်ပြခဲ့သည်။

ကော်မရှင်၏ ပဋိပက္ခ ဖြစ်ပွားရခြင်း အကြောင်းရင်းများ အခန်းအဆုံးသတ်တွင် ယနေ့အချိန်သည် ရခိုင်လူမျိုးများ၏ ရင်ထဲ၌ ဘင်္ဂါလီများကို နာကျည်းမုန်းတီးစိတ် အပြင်းထန်ဆုံး၊ အထွဋ်အထိပ်သို့ ရောက်ရှိနေသည့် အချိန်ဟု သတ်မှတ်နိုင်သည်၊ တစ်ဖက်တွင်လည်း ရခိုင်လူမျိုးများ အင်အားနည်းပါးပြီး ဘင်္ဂါလီအင်အား သာလွန်သည့် နေရာများတွင် နေထိုင်လျက်ရှိသော ရခိုင်လူမျိုးများမှာ ကြောက်ရွံ့ထိတ်လန့်စိတ်၊ သိမ်ငယ်စိတ်များ ကြီးမားနေပြီး အစိုးရ၏ လုံခြုံရေး အကာအကွယ် အစောင့်အရှောက်ကို အားကိုးတကြီး တောင်းခံနေကြကြောင်း၊ ဘင်္ဂါလီများဘက်တွင်လည်း ရခိုင်မုန်းတီးရေး အယူဝါဒများသည် ဘင်္ဂါလီများအား ဖြစ်ပေါ်လာစေသည့် ကိစ္စရပ်များအပေါ် အကြမ်းနည်းဖြင့် တုန့်ပြန်ရန် အမြဲအဆင်သင့် ဖြစ်စေခဲ့သည်ဟု ဖော်ပြခဲ့သည်။

အစီရင်ခံစာတွင် ဘင်္ဂါလီဟူသော အမည်ကိုသာ သုံးစွဲထားပြီး မြန်မာနိုင်ငံ၏ တရားဝင် သန်းခေါင်စာရင်း ကောက်ယူမှုအရ ယင်းအမည်သာ ပါရှိခြင်းကြောင့် သုံးစွဲခြင်း ဖြစ်သည်ဟု ကော်မရှင် အဖွဲ့ဝင်များက ရှင်းလင်းခဲ့ပြီး ယင်းအပေါ် ရှင်းလင်းပွဲ တက်ရောက်လာသူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ပြောရေးဆိုခွင့် ရှိသူက ရိုဟင်ဂျာဆိုသည်မှာ နှစ်ပေါင်းထောင်ချီ ရှိခဲ့ပြီဖြစ်ပြီး ဘင်္ဂါလီဆိုသည်မှာ ၎င်းတို့ကို အလဲထိုးချင်သူများ၏ သုံးစွဲမှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက "ရခိုင်ပြည်နယ်က အစ္စလာမ်အများစုဖြစ်တဲ့ ကမန်လူမျိုးတွေက သူတို့သမိုင်းကို သူတို့ဖော်ပြတာ နှစ်လေးရာလို့ ပြောတယ်။ ဒါကိုတောင် ကျွန်တော်တို့က လက်ခံထားပြီးသားပဲ။ ကျွန်တော်တင် မဟုတ်ဘူး။ တခြားတိုင်းရင်းသားတွေကပါ လက်ခံထားပြီးသားပဲ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

 ဦးကိုကိုကြီးကပင် "ရခိုင်ပြည်နယ် အတွင်းမှာ ဒီလူ့အဖွဲ့အစည်း နှစ်ခုက နှစ်ပေါင်းများစွာ သီးခြားစီနေခဲ့ကြတာ။ အဲဒါကြောင့် ယုံကြည်မှု တည်ဆောက်ဖို့ဆိုတာ ချက်ချင်းထလုပ်လို့ မရဘူး။ အတူတကွ နေနိုင်ရေးဆိုတာကို ကျောင်းတွေမှာကစပြီး လုပ်သွားရမယ်" ဟု ဆက်လက်ပြောသည်။

 

ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အနာဂတ် အမျိုးသား လုံခြုံရေးအတွက် ကဏ္ဍအလိုက် အကြံပြုချက် အချို့

လူဦးရေ တိုးပွားနှုန်းကိစ္စ

ရခိုင်လူမျိုးများ အနေဖြင့် ဘင်္ဂါလီများနှင့် အတူယှဉ်တွဲ နေထိုင်ရန် ကြောက်ရွံ့သော ကိစ္စတစ်ခုမှာ ဘင်္ဂါလီများ၏ လူဦးရေ တိုးပွားနှုန်း အဆမတန် မြင့်မားခြင်းပင် ဖြစ်သည်။ ယင်းတို့အပေါ် အုပ်ချုပ်ရေး အာဏာဖြင့် အတင်းအကျပ် သားဆက်ခြားရေး အစီအစဉ်များ မလုပ်သင့်ပါ။ နိုင်ငံတကာ အမြင်တွင် ဘင်္ဂါလီများအပေါ် မတရား ပြုလုပ်သည်ဟု မြင်နိုင်သည့် အပြင်ဘင်္ဂါလီ နိုင်ငံရေး လှုပ်ရှားသူများမှ ယင်းကိစ္စကို အသုံးချ၍ ပြည်နယ်အတွင်း မတည်ငြိမ်မှုများကို ဖန်တီးလာနိုင်ပါသည်။

 

နိုင်ငံသား ပြုရေးကိစ္စ

အစိုးရသည် ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်နိုင်မှု၊ မဖြစ်နိုင်မှုကို တည်ဆဲ ဥပဒေများအရ ပွင့်လင်းမြင်သာစွာ၊ တိကျစွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ နိုင်ငံမဲ့ဖြစ်နေသူများ ကိစ္စကို နိုင်ငံတွင်း ကျင့်သုံးနေသော ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ရန်သာမက အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ ဆက်လက် အရေးယူရန် လိုအပ်ပါသည်။ နိုင်ငံသားဖြစ်ခွင့် ရရှိသူများ၊ အသိအမှတ် ပြုခြင်းများကို အခမ်းအနားဖြင့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပပေးသင့်ပါသည်။

 

လူမှုရေး သဟဇာတ ဖြစ်စေရေးကိစ္စ

နိုင်ငံသားပြုခွင့် ရထားသူ၊ ဧည့်နိုင်ငံသားအဖြစ် နေထိုင်လိုသူတို့သည် ဤနိုင်ငံ၏ ဥပဒေ၊ စည်းကမ်းတို့ကို လိုက်နာ၍ မိမိနေထိုင်သည့် ဒေသနှင့် သဟဇာတ ဖြစ်စေရန် ဒေသ၏ ယဉ်ကျေးမှု၊ ဘာသာစကားတို့ကို အတိုင်းအတာ တစ်ခုအထိ သင်ကြားတတ်မြောက် ထားစေပြီး စိစစ်ပြီးမှသာ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားအဖြစ် ခွင့်ပြုသင့်သည်။ မြန်မာနိုင်ငံတွင် နေထိုင်သူအားလုံး မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ၀တ်စားဆင်ယင်မှု ဓလေ့ထုံးတမ်းများကို သိရှိလိုက်နာ ကြရမည်ဖြစ်ပြီး ပညာပေး လုပ်ငန်းများကိုလည်း တစ်ဖက်မှ ဆောင်ရွက်ပေးသင့်ပါသည်။

 

ဘာသာရေး

လက်ရှိ ရခိုင်ပြည်နယ်ရှိ ဘာသာရေး ကျောင်းများတွင် သဘောထား ပြင်းထန်သည့် ဘာသာရေး ခေါင်းဆောင်များ၏ နေရာတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ သဘောထားပျော့ပျောင်းသော အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များကို သေချာလေ့ကျင့်ပေးကာ ၎င်းတို့ကို ရှေ့တန်းတင်ပြီး ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာရေး ကျောင်းများအား ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သင့်ပါသည်။ သဘောထား ပြင်းထန်သည့် ဘာသာရေး ခေါင်းဆောင်များ ဦးစီးသော ဘာသာရေး ကျောင်းများကို အစိုးရမှ စိစစ်ကြပ်မတ်သင့်ပြီး သင့်တော်သည့် အစ္စလာမ်ဘာသာဝင် ပုဂ္ဂိုလ်များ ပါဝင်သည့် အဖွဲ့တစ်ခု ဖွဲ့စည်းကာ သင်ကြားသင့်သည့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲစေပြီး ယင်းအတိုင်းသာ သင်ကြားပို့ချ စေသင့်သည်။

 

လုံခြုံရေးနှင့် အုပ်ချုပ်ရေး

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ အချိန်မရွေး ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသေးရာ အစိုးရအနေဖြင့် ပဋိပက္ခများကို အချိန်မီ ကြိုတင်ခန့်မှန်း သိရှိနိုင်ရန်နှင့် ပြင်ဆင်ထားနိုင်ရန် လိုအပ်သည့် ကြိုတင်ကာကွယ်ရေး စနစ်တစ်ခုကို တည်ဆောက်ရန် လိုအပ်ပါသည်။ ထိုသို့သော အခြေအနေတွင် လုံခြုံရေး တပ်အင်အားများ များပြားစွာ ရုတ်တရက် လျှော့ချခြင်းမျိုး မပြုလုပ်သင့်ပါ။ လုံခြုံရေး အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ထားရန် လိုအပ်ပါသည်။ ထို့ပြင် အကြမ်းဖက်၊ အစွန်းရောက် အဖွဲ့အစည်းများ၏ အန္တရာယ်မှ ကြိုတင်ကာကွယ် ထောက်လှမ်း သိရှိနိုင်ရန် စစ်ဘက်၊ အရပ်ဘက် ထောက်လှမ်းရေးများ ပါဝင်သည့် Special Team တစ်ခု ဖွဲ့စည်းတာဝန်ပေးအပ်ရန် လိုအပ်ပါသည်။ လက်ရှိ အခြေအနေတွင် ရခိုင်နှင့် ဘင်္ဂါလီ လူမျိုးများကို သီးခြားစီခွဲထားရန် လိုအပ်ပါသည်။ သို့သော် ယင်းလူ့အဖွဲ့အစည်း နှစ်ခုကို အမြဲတမ်း ခွဲထားရန်မှာမူ မဖြစ်နိုင်ပါ။ တစ်ဦးပေါ်တစ်ဦး ထားရှိလာခဲ့သော အမျက်ဒေါသများ လျော့သွားသည်အထိ ခွဲထားသင့်ပါသည်။ ယင်းကာလအတွင်း ဥပဒေချိုးဖောက်သူများကို တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရပါမည်။ ရခိုင်ပြည်နယ်သည် လူဦးရေ တိုးတက်နှုန်း အလွန်အမင်း မြင့်မားနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းရေနယ်နိမိတ်များ ထိစပ်နေသည့်အပြင် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ပေါက်ရောက်သည့် ရှည်လျားလှသော ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ မြန်မာနိုင်ငံသာမက ဒေသလုံခြုံရေး၊ စီးပွားရေး တို့အတွက် အလွန်အချက်အခြာ ကျနေပါသည်။ သို့ဖြစ်၍ မြန်မာ့ပင်လယ်ပြင်ကို စိုးမိုးထားနိုင်ရေးအတွက် တပ်မတော် ရေတပ်အင်အားကို မဖြစ်မနေ တိုးချဲ့ထားရပါမည်။ ထိုနည်းတူစွာ ကမ်းခြေစောင့် ရဲကိုလည်း ဖွဲ့စည်းချထားရန် လိုအပ်ပါသည်။ ယင်းလုံခြုံရေး လက်နက်ကိုင် တပ်ပေါင်းစုကို ထိပ်ဆုံးမှ တပ်မှူးကြီးတစ်ဦးက ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲစေရပါမည်။ တစ်ချိန်တည်းတွင် နိုင်ငံ၏ ဘက်စုံလုံခြုံရေး မဟာဗျူဟာ စီမံချက်များကို ရေးဆွဲချမှတ် ထားရှိရပါမည်။ (holistic approach) နှင့် (preventive approach) ရပ်ခံချက် (Paradigm) ဖြင့် စီမံဆောင်ရွက် ထားသင့်ပါသည်။
    

တရားဥပဒေ စိုးမိုးရေး

နိုင်ငံတော် အစိုးရ အနေဖြင့် မည်သည့်နိုင်ငံရေး အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လူမျိုးရေး ပြဿနာများအပေါ် မိမိတို့ အဖွဲ့အစည်း အကျိုးအမြတ်အတွက် အသုံးပြုခြင်းကို ဥပဒေများ ပြဋ္ဌာန်း၍ ထိရောက်စွာ တားမြစ်သွားသင့်ပါသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။