Sunday, April 14, 2013

သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိ

ygntg-april13

သင်္ကြန်အကြိုနေ့တွင် ကန်တော်ကြီးပတ်လမ်းအတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်အချို့

၁၃၇၄ ခုနှစ် သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီး၌ ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက Eleven Media Group သို့ မွန်းလွဲ ၂ နာရီက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ဝင်ထွက်သွားလာနိုင်သည့် ဂိတ်ပေါက်များဖြစ်သည့် တိုးဂိတ်များ၊ လေဆိပ်၊ ရေဆိပ်များနှင့် အခြားလမ်းများတွင်လည်း လုံခြုံရေး တင်းကြပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သင်္ကြန်ကာလအတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လှည့်ကင်းပတ်ကင်းများဖြင့် ဆောင်ရွက်နေသည့်အပြင် အရေးပေါ် အခြေနေများနှင့် ကြုံတွေ့လာပါက အမြန်ဆုံးဖြေရှင်းနိုင်ရန် ရဲတပ်ဖွဲ့ဝင်များကိုလည်း အသင့်ထားရှိထားကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက "တိုင်းတစ်ခုလုံးအနေနဲ့ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားက လူဦးရေ ၃၀၀၀ အထက်မှာရှိတယ်။ ဒါ့အပြင် မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက်တာဝန်ရှိသူတွေနဲ့ လုံခြုံရေး ဆောင်ရွက်နေတယ်။ လုံခြုံရေး အဓိက ဆောင်ရွက်နေတဲ့ နေရာကတော့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နိုင်တဲ့ နေရာတွေ၊ ရန်ကုန်တိုင်းဒေသကြီးကို ဝင်ထွက်သွားလာနိုင်တဲ့ဂိတ်ပေါက်တွေနဲ့ မဏ္ဍပ်အများဆုံး ရှိတဲ့နေရာတွေပဲ ဖြစ်ပါတယ်။ အခုချိန်ထိတော့ အားလုံးအေးအေးချမ်းချမ်းနဲ့ ယဉ်ကျေးမှုနှင့်အညီ ပျော်ပါးစွာဆော့ကစားနေကြတယ်။ တိုင်းအတွင်းမှာ ပြဿနာ တစ်ခုမှမဖြစ်အောင် အားလုံးစီစဉ်ထားပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ မဏ္ဍပ် စုစုပေါင်း ၄၀ ကျော်ရှိပြီး မဏ္ဍပ်အများဆုံးရှိသည့် လမ်းများမှာ ကန်တော်ကြီး ပတ်လမ်းအတွင်း မဏ္ဍပ် ၁၇ ခု၊ ပြည်လမ်းအတွင်း မဏ္ဍပ် ၂ ခု၊ ကမ္ဘာအေးတွင် ၁၀ ခုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မဏ္ဍပ်နေရာချထားရေး ကော်မတီမှ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။