Sunday, April 14, 2013

ရန်ကုန်-ပဲခူး လမ်းမပေါ်တွင် ဆလွန်းကားတစ်စီး အရှိန်လွန် ယာဉ်တိမ်းမှောက်


caraccidentinpago-april13

ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-ပဲခူး ကားလမ်းမ မိုင်တိုင် ၃၈/၅ အနီးတွင် ယာဉ်မောင်း ကိုအောင်အောင် (၂၃ နှစ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့) မောင်းနှင်လာသည့် ဆလွန်းကား အနက်ရောင်တစ်စီးသည် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ဝင်တိုက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကိုအောင်အောင်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါသူ မသဇင်ဖြိုး၊ မဝါဝါဝင်း၊ ကိုထွန်းဇော်တို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အင်းတကော် စခန်းမှူး ဒုရဲအုပ် ဦးသန်းစိုးက ပြောကြားခဲ့သည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အင်းတကော်မြို့နယ် ခေတ္တစခန်းမှူးဖြစ်သူ ဒုရဲအုပ် သန်းစိုးအား Eleven Media Group မှ ယနေ့ (ဧပြီ ၁၃ ရက်) ည ၈ နာရီခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ "ဒီယာဉ်မတော်တဆမှု ဖြစ်စဉ်ကို အင်တာနက် စာမျက်နှာ အချို့မှာ ဒီဆလွန်းကားကို တခြားကားတစ်စီးက ဝင်တိုက်ပြီး ထွက်ပြေးသွားတယ်ဆိုပြီး ဖော်ပြနေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ အထက်အဆင့်ဆင့် တာဝန်ရှိသူတွေက ထိထိရောက်ရောက် စစ်ဆေးဖော်ထုတ် အရေးယူပေးဖို့ ညွန်ကြားလာတဲ့အတွက် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ အနီးနား ပတ်ဝန်းကျင်က မျက်မြင်တွေ့ရှိသူတွေ ဒီကားပေါ်မှာပါလာတဲ့ တခြားသူတွေကို စစ်ဆေးတဲ့အခါမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တာလို့ အားလုံးက ထွက်ဆိုခဲ့ပါတယ်။ ဒါကြောင့်မို့ လက်ရှိအချိန်ထိ စစ်ဆေးရရှိထားတဲ့ အချက်အလက်တွေအရ ဆိုရင် ဒီယာဉ်မတော်တဆမှု ဖြစ်စဉ်ဟာ အရှိန်လွန် တိမ်းမှောက်သွားတယ်လို့ပဲ ယူဆပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။