Sunday, April 14, 2013

နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ ပေးဆပ်သူများ သံချပ်အဖွဲ့မှ မဟာသင်္ကြန်ရက် ကာလတွင် ရန်ကုန်မြို့အတွင်း လှည့်လည်ဖျော်ဖြေ


tanhkut-april13

ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုရက်) ပုဇွန်တောင်ဈေး အနီးတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ပေးဆပ်သူ သံချပ်အဖွဲ့မှ ဖျော်ဖြေနေစဉ်

နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ ပေးဆပ်သူများ သံချပ်အဖွဲ့မှ မဟာသင်္ကြန် ကာလ၌ ရန်ကုန်မြို့အတွင်း လှည့်လည်ဖော်ဖြေမှုများ ပြုလုပ်လျက်ရှိကြောင်းကို သံချပ်အဖွဲ့ အလုပ်မှုဆောင် ဦးမြတ်ဆွေ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်မြို့အတွင်း လှည့်လည်ဖျော်ဖြေမှုများအဖြစ် ပြည်မြန်မာ မီဒီယာရုံး၊ တပ်မတော်ခန်းမ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တို့တွင် ဖျော်ဖြေခဲ့ပြီး ယခုအခါ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုရက်) ပုဇွန်တောင်ဈေးအနီး ထူးရေခဲမုန့်ဆိုင်ရှေ့တွင် လာရောက်ဖျော်ဖြေခြင်းဖြစ်ကြောင်း သံချပ်အဖွဲ့ အလုပ်မှုဆောင် ဦးမြတ်ဆွေက ပြောသည်။

"ဒီလို သံချပ်ဖျော်ဖြေမှုတွေ ပြုလုပ်ရတာကတော့ ပြည်သူတွေရဲ့ အခက်အခဲတွေကို သံချပ်အဖြစ် ဖျော်ဖြေတာပါ။ ဦးတို့ရဲ့ လူမှုရေးအသင်းလေး အောင်မြင်ရတာ ပြည်သူအကျိုးပြုအဖြစ် ရပ်တည်လို့ အောင်မြင်တာပါ။ ဒီလိုလှည့်လည် ဖျော်ဖြေတော့လည်း ဦးတို့ရဲ့ပိုက်ဆံတွေ မပါပါဘူး။ အလှူရှင်တွေရဲ့ အလှူငွေတွေပါ။ သူတို့ရဲ့ ဆန္ဒလေးတွေလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့က လုပ်အားဒါန ပါဝင်တာပါ။ ပြီးတော့ ဒီလိုဖျော်ဖြေမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း ဆရာဦးကျော်သူရဲ့ လမ်းညွန်မှုတွေဖြစ်တဲ့ စည်းကမ်းရှိရမယ်၊ ရိုးရာမပျက်ရဘူး၊ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံရာမှာ သည်းခံရမယ်၊ ပြဿနာမဖြစ်ရဘူးဆိုတဲ့ လမ်းညွန်မှုအတိုင်း လိုက်နာဖျော်ဖြေတာပါ" ဟု ၎င်းကပြောသည်။

အဆိုပါ ဖျော်ဖြေရေးအဖွဲ့တွင် သံချပ်ဖျော်ဖြေရေးအဖွဲ့ ၂၃ ဦး၊ တီးဝိုင်းအဖွဲ့ ၁၂ ဦးနှင့် အုပ်ချုပ်ရေးအဖွဲ့ အပါအ၀င် လူဦးရေ ၇၀ ဖြင့်လှည့်လည် ဖျော်ဖြေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။