Saturday, March 30, 2013

ကောလာဟလ သတင်းများကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့် နေခဲ့ကြရာမှမတ် ၂၉ ရက် ယနေ့တွင် တည်ငြိမ်မှုများ ရှိလာပြီး ရန်ကုန်မြို့နေလူထု ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေပြီဖြစ်


3.29.1

ယုဇနပလာဇာ အနီးဝန်းကျင်အား မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိတ္ထီလာ၊ ပဲခူးတိုင်း အနောက်ခြမ်းတို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေခဲ့ရာမှ ယနေ့ မတ် ၂၉ ရက်တွင်တည်ငြိမ်မှုများ ရှိလာပြီး ရန်ကုန်မြို့နေ လူထုလည်း ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေပြီ ဖြစ်ကြောင်း သိရသည်။

မတ် ၂၄ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင်ဆောင် အခြေအနေများ ဖြစ်ပေါ်စေရန် ဆူပူလှုံ့ဆော်မှုများ ရှိနေခြင်းကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးမှ ဆိုင်ခန်းအားလုံးကို ည ၉ နာရီမတိုင်မီ ပိတ်သိမ်းရန်နှင့် အခြားလုံခြုံရေးဆိုင်ရာ ဒေသန္တရအမိန့်များ ထုတ်ပြန်ခဲ့ရသည်။ ထို့အတူ မတ် ၂၅ ရက်က မင်္ဂလာဈေးအနီး ဆူပူမည်ဟူသော ကောလာဟလ သတင်းများကြောင့် ညနေပိုင်းတွင် မင်္ဂလာဈေးနှင့် သိမ်ဖြူလမ်းပေါ်ရှိ ဈေးဆိုင်များကို ပိတ်သိမ်းခဲ့ကြပြီး ပြည်သူများမှာလည်း အထိတ်တလန့်နှင့် အသွားအလာ နည်းပါးသွားခဲ့ရသည်။

ထို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေးပါတီများကို မတ် ၂၆ ရက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး လက်ရှိရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော စုရုံးလှုံ့ဆော်မှု ဖြစ်စဉ်များတွင် နိုင်ငံရေးပါတီဝင်များ ပါဝင်ပတ်သက်မှု ရှိနေသည့်အပေါ် ထိန်းသိမ်းပေးရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်ထက် လုံခြုံရေးယူထားမှုများကို ရှင်းပြခဲ့သည်။

ယင်းနောက်မတ် ၂၅ ရက်ညပိုင်းမှစကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရန်ကုန်မြို့တွင်း လုံခြုံရေးအခြေအနေကို တိုးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်များ အသီးသီးတွင်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများက ရပ်ကွက်တွင်း သီးသန့်လုံခြုံရေးများ လုပ်ဆောင်လာကြသည်ဟု သိရသည်။

သို့သော် မတ် ၂၈ ရက်ညပိုင်းအထိ လုံခြုံရေး ဆောင်ရွက်မှုများ ရှိနေခဲ့သည့် နည်းတူ ည ၉ နာရီမတိုင်မီ ဆိုင်များပိတ်သိမ်းရန် ညွှန်ကြားမှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

3.29.1

မင်္ဂလာဈေး အနီးဝန်းကျင်အား မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်

မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းတို့၏ နောက်ဆက်တွဲ သတင်းများနှင့် ကောလာဟလ သတင်းများ အဓိက ရိုက်ခတ်ခဲ့သော မင်္ဂလာဈေး အနီးတစ်ဝိုက်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆူးလေဘုရားဝန်းကျင် မြို့လယ်နေရာများတွင် မတ် ၂၉ ရက် မွန်းလွဲတွင် မြို့နေပြည်သူများမှာ ပုံမှန်လှုပ်ရှား သွားလာနေပြီ ဖြစ်သည်။

''ကြားစကတော့ ကြောက်ကြောက်လန့်လန့်နဲ့ အများပိတ်သလို ဆိုင်တွေပိတ်ခဲ့ရတယ်။ နောက်မှ ကောလာဟလတွေဆိုတာ သိရတယ်။ အခုတော့ ဈေးဆိုင်ကို ပုံမှန်ပြန်ဖွင့်နေပါပြီ။ အရောင်းအဝယ်ကတော့ နည်းနည်းအေးနေ သေးတာပေါ့'' ဟု မင်္ဂလာဈေးတွင် အလှကုန်နှင့် လူသုံးကုန်ပစ္စည်း ရောင်းချသူတစ်ဦးက ပြောသည်။

မတ် ၂ဝ ရက်က မိတ္ထီလာမြို့ ပဋိပက္ခများမှ စတင်ကာ ရမည်းသင်း၊ တပ်ကုန်း၊ လယ်ဝေး စသည့်မြို့နယ်များအတွင်းရှိ ကျေးရွာအချို့သို့ ကူးစက်ခဲ့သည်။ယင်းမှဇီးကုန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ္တလင်း စသည့်ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်အတော်များများတွင် အကြမ်းဖက်သူများ၏ လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသည်။

မတ် ၂၈ ရက်နေ့ ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူသို့ ရှင်းလင်းချက် ပြောကြားခဲ့ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကိုထိပါးသည့် လုပ်ရပ်မှန်သမျှကို လုံးဝလက်ခံမည် မဟုတ်ဘဲ ရဲတပ်ဖွဲ့ အနေဖြင့် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

နိုင်ငံတော် သမ္မတမှ ပြည်သူသို့ ရှင်းလင်းချက် ပြောကြားပြီးနောက် မတ် ၂၉ ရက်နေ့ မွန်းလွဲအထိ ရရှိသော သတင်းများအရမူ မိတ္ထီလာမြို့ပေါ်တွင် ဆူပူမှုများ မရှိတော့ဘဲ ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်များတွင်လည်း တည်ငြိမ်မှုများ ပြန်လည်ရရှိလာကာ ပုံမှန်နီးပါး အခြေအနေသို့ ပြန်လည်ရောက်ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။