Saturday, March 30, 2013

ခွင့်ပြုချက် မရှိသဖြင့် ကြို့ပင်ကောက်မြို့အထိသာ ကူညီရေးပစ္စည်းများ ပေးအပ်နိုင်

ရန်ကုန်(မဇ္ဈိမ)။      ။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသောကြောင့် ကြိုတင်ခွင့်ပြုချက် မတောင်းခံထားခြင်း မရှိပါက မည်သည့် လုပ်ငန်းကိစ္စရပ်ကိုမှ ခွင့်မပြုနိုင်ကြောင်း ကြို့ပင်ကောက်မြို့နယ် အုပ်ချူပ်ရေးမှူးက တားမြစ်ခဲ့သော
ကြောင့် ကူညီရေးပစ္စည်းများကို ကြို့ပင်ကောက်မြို့တွင်သာ ပေးအပ်နိုင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မဇ္ဈိမသို့ ပြောသည်။

ခရီးစဉ်အား အုတ်ဖို၊ မင်းလှ၊ ကြို့ပင်ကောက်မှ နတ်တလင်းအထိ စီစဉ်ထားသော်လည်း ကြို့ပင်ကောက် မြို့နယ် အုပ်ချူပ်ရေးမှူး ဦးသိန်းထွန်းအောင်မှ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပုဒ်မ၁၄၄ ထုတ်ပြန်ထားသောကြောင့် သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရှိပါက မည်သည့် လုပ်ငန်းကိစ္စကိုမှ ခွင့်မပြုနိုင်ပါကြောင်း ပြောဆို တားဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ဒေသများသို့ ခွင့်ပြုချက် မရပဲ သွားရောက်ခွင့်မရခဲ့သော်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာဒေသများရှိ ပြည်သူများအား  ကူညီ လှူဒါန်းမှုများအား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း လိုက်ပါသွားသူ ဒေါ်ဖြူဖြူသင်းက ဆက်ပြောသည်။

၎င်းက " မိတ္ထီလာကို ရောက်တော့ ဒုက္ခရောက်နေတဲ့ လူတွေကို တွေ့ဖို့ပဲ အလုပ်ရှုပ်နေတော့ အုပ်ချူပ်ရေးဘက်ကို အသိမပေးလိုက်မိဘူး။ ကိုယ်လုပ်စရာရှိတာကို အရင်လုပ်လိုက်တဲ့အတွက် နောက်မှ တွေ့ဖြစ်သွားတာပါ။ သေချာရှင်းပြလိုက်တော့ နားလည်သွားပါတယ် " ဟုဆိုသည်။

ကြို့ပင်ကောက်မြို့နယ်အုပ်ချူပ်ရေးမှူး ရုံးသို့ မဇ္ဈိမမှ မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပေ။

ကြို့ပင်ကောက် မြို့နယ်သို့ လာရောက်အားပေး တွေ့ဆုံခြင်းနှင့် ပတ်သတ်၍ ဒေသခံများက အားရ၀မ်းသာဖြစ်ကြောင်း ပဋိပက္ခများနှင့် ပတ်သတ်၍ ကြောက်ရွံ့နေကြကြောင်း ဒေသခံတဦးဖြစ်သူ ကိုသူရက မဇ္ဈိမကိုပြောသည်။ 

၎င်းက " ကျွန်တော်တို့ ဒေသခံတွေကတော့ အရမ်းကိုအားတက်တာပေါ့။ အားလုံးက စိုးရိမ် ထိတ်လန့်နေကြတယ်။ ဘာကြောင့်မှန်းမသိ ဘယ်လိုကြောင့်မှန်းမသိပဲ ဖြစ်နေတာ "ဟု ခံစားချက်ကို ရှင်းပြသည်။

 ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မနီလာသိန်း၊ မမီးမီးနှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂများမှ ကျောင်းသားများ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း အစရှိသူတို့ စုပေါင်းကာ ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော ပဲခူးတိုင်းပြည်ခရိုင်တို့သို့ အ၀တ်အထည်၊ငွေကြေးများနှင့် ဆေးဝါးပစ္စည်းများ ကိုမတ်လ ၂၈ရက်နေ့က သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လူမှု ကူညီကယ်ဆယ်ရေးများနှင့် အေးချမ်းတည်ငြိမ်မှု ရှိစေရန် ရည်ရွယ်၍ ဒေသခံ အစ္စလာမ်ဘာသာဝင်များ ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံရန် ၊ ဖြစ်စဉ်များကို လေ့လာရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။