Saturday, March 30, 2013

စီမံကိန်းချထား၍ လျှပ်စစ်မီးပေးဝေချိန် လျှော့ချမည်မဟုတ်

ဧပြီလမှစ၍ လျှပ်စစ်မီးပေးဝေချိန်ကို လျှော့ချသွားမည်ဆိုသည့် သတင်းမှာမဟုတ်ကြောင်း ၊ လက်ရှိအတိုင်း အပြည့်အ၀ ပေးဝေသွားနိုင်ရန်အစီအစဉ်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓါတ်အားထုတ်လုပ်ရေး ဌာနကသိရှိရသည်။

 

"ခုလိုပုံစံအတိုင်း အပြည့်အ၀ ပေးဝေသွားနိုင်အောင် ကြိုးစားနေပါတယ်ဒီကိစ္စကို သမ္မတကြီး ကိုယ်တိုင်ကလည်း ဆောင်ရွက်ခိုင်းထားတာပါ"ဟုလျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဓါတ်အားထုတ်လုပ်ရေး ဌာနက တာဝန်ရှိသူ တစ်ဦးကပြောသည်။

 

လက်ရှိတွင်လည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ တည်ဆောက်နေကြောင်းနှင့် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို နှစ်အလိုက် လိုအပ်ချက်အပေါ် မူတည်၍ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများကို တည်ဆောက်သွားခြင်းဖြင့်ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် အတွက် ရေရှည်အစီအမံများချမှတ်ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုတွင် ၇၀ရာခိုင်နှုန်းခန့်သည် ရေအားလျှပ်စစ်မှ ရရှိပြီး၊ ၂၀ ရာခိုင်နှုန်းမှာသဘာဝဓာတ်ငွေ့မှ လည်းကောင်း၊ ၉ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှလည်းကောင်းရရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

 

" တကယ်အမြဲတမ်း လာမယ်ဆိုရင်တော့ ကောင်းတာပေါ့  ကျွန်တော်ကဂိမ်းဆိုင်ဖွင့်ထားတာဆိုတော့ မီးမလာရင် မီးစက်နဲ့ မောင်းရတာလေ ဆီဖိုးနဲ့ဘယ်လိုမှမကိုက်ဘူး ကျွန်တော်တင် မဟုတ်ပါဘူး တစ်ခြားလူတွေလည်း အစစအရာရာအဆင်ပြေတာပေါ့ " ဟု စမ်းချောင်းမြို့နယ်မှ ဂိမ်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

 

ယခုလက်ရှိတွင်လည်း စက်မှုဇုန်များကို လျှပ်စစ် ဓါတ်အားလိုအပ်ချက်အတွက်မနက် ၇ နာရီမှ နေ့လည် ၁၂နာရီထိ တစ်ကြိမ် ၁၂နာရီမှ ညနေ ၅ နာရီထိ တစ်ကြိမ်နှစ်ပိုင်းခွဲ၍ အလှည့်ကျ မီးပေးစနစ်ဖြင့် ပေးထားပြီး ညနေ ၅နာရီမှ မနက်၇နာရီအထိ  မီးဖြတ်ထားကြောင်း သိရသည်။

  

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမဂ္ဂါဝပ်မှာ ၂၁၂၈ မဂ္ဂါဝပ်ဖြစ်သော်လည်း လက်ရှိတွင် တစ်နိုင်ငံလုံးအတွက်ထုတ်လွှတ်ပေးနေသော လျှပ်စစ်မဂ္ဂါဝပ်မှာ အနည်းဆုံး ၇၈၅ မဂ္ဂါဝပ်၊ အများဆုံး၁၅၇၂ ဒသမ ၈ မဂ္ဂါဝပ်၊ ပျှမ်းမျှ ၁၁၇၈ ဒသမ ၁ မဂ္ဂါဝပ်သာရှိကြောင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။

 

အများပြည်သူ လျှပ်စစ်မီးလုံလောက်စွာ ရရှိရန်အတွက် ရေတို၊ရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကိုလည်း  ပထမအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်သန်းဦးက ပြောကြားထားသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။