Sunday, February 24, 2013

ရပ်ကွက်၊ ကျေးရွာများ၏ ၄၀ ရာခိုင်နှုန်းကျော်တွင် အခြေခံပညာကျောင်း မရှိ


Photo

မြန်မာနိုင်ငံရှိ ရပ်ကွက်နှင့် ကျေးရွာစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားနိုင်ခြင်းမရှိဘဲ ကျောင်းသားလူငယ်များ အခြေခံပညာရေးနှင့် အလှမ်းဝေးနေကြောင်း မြန်မာနိုင်ငံဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး စာတမ်းအရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများ၏ ၆၀ ရာခိုင်နှုန်းနီးပါးတွင်သာ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားနိုင်ပြီး အခြေခံပညာအထက်တန်းကျောင်း အရေအတွက်က ပိုမိုနည်းပါးနေကြောင်း ယင်းစာတမ်းတွင် ဖော်ပြထားသည်။

ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများတွင် အထက်တန်းကျောင်း အရေအတွက်သည် ၇ ဒသမ ၁ ရာခိုင်နှုန်း၊ အလယ်တန်းကျောင်း အရေအတွက်သည် ၁၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် မူလတန်းကျောင်း အရေအတွက်သည် ၅၃ ဒသမ ၆ ရာခိုင်နှုန်း ရှိနေသည်။

အထက်တန်းကျောင်း အရေအတွက် အနည်းဆုံးဒေသမှာ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးဖြစ်ပြီး အလယ်တန်းကျောင်း အရေအတွက် အနည်းဆုံးဒေသမှာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် မူလတန်းကျောင်း အရေအတွက် အနိမ့်ဆုံးနေရာတွင် ရှိနေသည်။

ယင်းအခြေအနေများကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အခြေခံပညာကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်၍ မြို့ပေါ်နှင့် ကျေးလက်ကွာခြားမှု လျှော့ချရေး၊ တန်းတူညီမျှ ပညာသင်ကြားမှုအခွင့်အလမ်း  ရရှိရေးတို့အတွက် ဆောင်ရွက်ရန် လိုအပ်နေကြောင်း စာတမ်းတွင် သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း လေးသောင်းကျော် ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူပေါင်းရှစ်သန်းခန့် ပညာသင်ယူနေ၍ သင်ကြားပို့ချသော ဆရာ၊ ဆရာမပေါင်း နှစ်သိန်းခုနစ်သောင်းကျော်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။