Sunday, February 24, 2013

အမေရိကန် စီးပွားရေးကုမ္ပဏီ ၂၀ ကျော်မှ အမှုဆောင်အရာရှိ ၅၀ ဦး မြန်မာနိုင်ငံသို့ လာရောက်မည်

အမေရိကန် စီးပွားရေးကုမ္ပဏီ ၂၀ ကျော်မှ အမှုဆောင်အရာရှိ ၅၀ ဦးသည် ကုန်သွယ်ရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတို့ကို ဆွေးနွေးရန်အတွက် လာမည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေး အဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

ယခုခရီးစဉ်သည် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ် လာရောက်ပြီးနောက် အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အများဆုံးအဖွဲ့ ပထမအကြိမ် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

"အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခုခရီးစဉ်ဟာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခု ဖြစ်မှာပါ။ နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံမှုကို အခြေအနေကောင်းလာအောင် ကျွန်တော်တို့ အများကြီး လုပ်ခဲ့ရပါတယ်။ အခုဆိုရင် နောက်တစ်ဆင့်ကို ဆက်တက်ဖို့ အချိန်ရောက်ပါပြီ" ဟု အမေရိကန် ကူးသန်းရောင်းဝယ်ရေး အဖွဲ့၏ အာရှဆိုင်ရာ ဒုတိယဥက္ကဌ တာမီအိုဗာဘီက ပြောကြားခဲ့သည်။

ယခုလာမည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွင် စိုက်ပျိုးရေးလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ အီလက်ထရောနစ်လုပ်ငန်း၊ စွမ်းအင်၊ လက်လီအရောင်း၊ ဆက်သွယ်ရေးနှင့် အခြားကဏ္ဍများမှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ ၂၀ ကျော်တွင် MetLife (MET.N)၊ Cargill CARG.UL၊ Fedex (FDX.N)၊ Chevron (CVX.N)၊ General Motors (GM.N)၊ General Electric (GE.N)၊ Target (TGT.N)၊ Honeywell (HON.N)၊ eBay (EBAY.O) တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သော နှစ်နိုင်ငံစီးပွားရေး အကြီးတန်းအမှုဆောင်များနှင့် အစိုးရအရာရှိများ ပါဝင်မည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တင်သွင်းသည့် ပို့ကုန်အများစုကို အမေရိကန်အစိုးရက ပိတ်ပင်မှု ဖြေလျော့ခဲ့ပြီး မြန်မာနိုင်ငံ၏ အဓိကဘဏ်ကြီး လေးဘဏ်ကိုလည်း အမေရိကန် ဘဏ္ဍာရေးစနစ်နှင့် ငွေကြေးလုပ်ငန်း ချိတ်ဆက်လုပ်ကိုင်ရန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ခွင့်ပြုလိုက်ပြီဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အထွေထွေလုပ်ငန်း လိုင်စင် ခွင့်ပြုခဲ့သည့် အဆိုပါ ဘဏ်လေးဘဏ်မှာ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။