
အမေရိကန်၏ အီလက်ထရွန်နစ် နည်းပညာကုမ္ပဏီဖြစ်သော Visa Inc. ၏ ဗီဇာကတ် အသုံးပြု ငွေပေးချေခြင်းကို ပြုလုပ်နိုင်မည့် ၀န်ဆောင်မှုကို မြန်မာအရှေ့တိုင်းဘဏ်(MOB) က စတင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ထိုဝန်ဆောင်မှုမှာ MOB ဘဏ်နှင့် ချိတ်ဆက်ထားသော စားသောက်ဆိုင်များ၊ အရောင်းဆိုင်များ၊ ကုန်တိုက်များနှင့် ဈေးဝယ်စင်တာများတွင် ပြုလုပ်သည့် အရောင်းအ၀ယ်ကိစ္စများ၌ အဆိုပါဗီဇာကတ်များကို အသုံးပြုသူ ကမ္ဘာလှည့်ခရီးသွားများသည် ATM အလိုအလျောက် ငွေထုတ်စက်များတွင် ငွေသားထုတ်ယူရန် မလိုဘဲ POS (Point of Sale) ဟူသည့် အီလက်ထရွန်နစ် စက်များထားရှိသည့် မည်သည့်နေရာတွင်မဆို ကြိုက်နှစ်သက်ရာကုန်ပစ္စည်း ၀ယ်ယူနိုင်သည့်စနစ် ဖြစ်သည်။
Visa Inc.၏ ဗီဇာကတ်များနှင့် ကမ္ဘောဇဘဏ်၊ CB ဘဏ်တို့၏ ATM စက်များတွင် ငွေသားထုတ်ယူနိုင်သည့် ၀န်ဆောင်မှုကို ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာလအတွင်းက ပထမဆုံးစတင်ခဲ့သည်။
ယခု မြန်မာအရှေ့တိုင်းဘဏ်နှင့် ထိုကုမ္ပဏီတို့ ပူးပေါင်းထားသည့် ၀န်ဆောင်မှုမှာ ATM စက်များတွင် ဗီဇာကတ်များကိုထည့်ကာ ငွေထုတ်ယူနိုင်သည့်စနစ် မဟုတ်ဘဲ POS စက်များရှိသော ဈေးဝယ်နေရာများတွင် အဆိုပါကတ်များဖြင့် ငွေပေးချေခြင်းကို ပြုလုပ်နိုင်သည့် ၀န်ဆောင်မှုဖြစ်သည်ဟု ယင်းဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်ကြည်ကြည်သန်းကပြောသည်။
MOB ဘဏ်သည် အမေရိကန်ကုမ္ပဏီက ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် ရွေးချယ်ထားသော ပြည်တွင်း၏ ပုဂ္ဂလိကဘဏ်သုံးဘဏ်တွင် ပါဝင်သော ဘဏ်လုပ်ငန်းတစ်ခုဖြစ်ပြီး အခြားဘဏ်နှစ်ဘဏ်မှာ ကမ္ဘောဇနှင့်စီဘီဘဏ်တို့ ဖြစ်ကြသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။