Tuesday, February 5, 2013

ဆိုင်ကယ်ခိုးရန် ကြိုးစားခဲ့သူကို ဖမ်းမိခဲ့သည့် လူငယ် ၄ ဦး ဂုဏ်ပြုခံရ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ ဇန်န၀ါရီလ ၂၆ ရက်နေ့က ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းခဲ့သူ တစ်ဦးကို လိုက်လံဖမ်းဆီးနိုင်ခဲ့သည့် လူငယ် ၄ ဦးအား မြို့ရှိ ရပ်မိရပ်ဖများမှ ဖေဖော်ဝါရီလ ၂ ရက်နေ့က ဂုဏ်ပြု အခမ်းအနားတရပ် ပြုလုပ် ကျင်းပပေး ခဲ့သည်။

အဆိုပါ အခမ်းအနားကို ဘုရားသုံးဆူမြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ-USDP(ပြည်ခိုင် ဖြိုးပါတီ) ၏ ရုံးရှေ့တွင် မနက် ၆ နာရီမှ ၉ နာရီအထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရပ်မိရပ်ဖ ၂၈ ဦးမှ ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းခဲ့သူကို ဖမ်းဆီးရမိခဲ့သည့် သင်းမိုးနိုင်(ကိုမုတ်ဆိတ်)၊ လင်းလင်းထွန်း၊ ကျော်လွင်နှင့် ကြည်ထွေးတို့ အား ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်ခိုးရန် ကြိုးစားခဲ့သူကို ဖမ်းမိခဲ့သည့် လူငယ် ၄ ဦး ဂုဏ်ပြုခံရ

ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့မှုတွင် ပါဝင်သည့် ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးစိုးစိန်က "သူတို့(ဂုဏ်ပြုခံရတဲ့ လူငယ်တွေ)တွေ သက်စွန့်ဆံဖျားနဲ့ အဲဒီ သူခိုးကို ဖမ်းမိတဲ့အတွက် မြို့က လူတွေ အားလုံး ၀မ်းသာကြတယ်။ နောက် ဖမ်းတဲ့အချိန်မှာ သူခိုးက ဓါးနဲ့ ပြန်ခုခံပေမယ့် သူတို့က လက်နက်မပါဘဲနဲ့ ခုခံတာ အင်မတန် အန္တရာယ် များခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့ စံပြလုပ်ရပ်ကို အသိအမှတ်ပြုလို့ ဂုဏ်ပြုရတာဖြစ်တယ်" ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့တွင် ဖောက်ထွင်းခိုးယူမှုများနှင့် ပတ်သက်၍ ဆက်တိုက်ဆိုသလို တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ သော်လည်း သက်ဆိုင်ရာအာဏာပိုင်များက ညမအိပ်၊ နေ့မအိပ် လှုပ်ရှားကာ ဖမ်းမမိဘဲ ဖြစ်နေချိန်တွင် အဆိုပါ လူငယ်များက ဖမ်းဆီးနိုင်ခဲ့သောကြောင့် မြို့နေလူထုများအတွက် များစွာ စိတ်သက်သာရာ ရခဲ့ကြောင်းလည်း ဦးစိုးစိန်က ဆက်ပြောသည်။

ဂုဏ်ပြုခံရသည့် လူငယ်များကို ဘုရားသုံးဆူမြို့ရှိ ပြည်ခိုင်ဖြိုးပါတီ၏ အတွင်းရေးမှူး ဦးခိုင်ဝင်းမှ ဂုဏ်ပြုမှတ် တမ်းဓါတ်ပုံများ ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဂုဏ်ပြုအခမ်းအနားတွင် ဘုရားသုံးဆူမြို့ရှိ သက်ဆိုင်ရာ အစိုးရအရာရှိများ၊ ရပ်မိရပ်ဖများနှင့် မြို့ခံလူထုများ အပါအ၀င် ပြည်ခိုင်ဖြိုးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စသည့် ပါတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သလို ဘုရားသုံးဆူအခြေစိုက် လက်နက်ကိုင်အဖွဲ့ ၀င်များဖြစ်သည့် KNU၊ DKBA၊ KPF နှင့် အစိုးရစစ်တပ်မှ တာဝန်ရှိသူများ တက်ရောက်ကာ စုစုပေါင်း လူ ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းခဲ့သူ ဘုရားသုံးဆူမြို့ရှိ ငုဝါလမ်း၊ အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၅နှစ်အရွယ် ဦးစိုးဝင်း (ခေါ်) ငါးခြောက် (ခေါ်) ရည်ဝင်းကို ထိုလူငယ် လေးဦးက ဖမ်းဆီးရမိကာ ဘုရားသုံးဆူ ရဲစခန်းသို့ လွဲပြောင်းပေးခဲ့သည်။

ထိုမှတဆင့် ဦးစိုးဝင်းကို ဇန်န၀ါရီလ ၂၈ ရက်နေ့က ဘုရားသုံးဆူ ရဲစခန်းမှ ကြာအင်းဆိပ်ကြီးမြို့ ရဲစခန်းရှိ ရဲမှူး ဦးအေးကျော်ထံသို့ ထပ်မံလွဲပြောင်းခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။