Tuesday, February 5, 2013

ရေ အခက်အခဲရှိ ကျေးရွာများသို့ ရေဖြန့်ဝေပေးနိုင်ရေးအတွက် အလှူရှင်များလိုအပ်

မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်းရှိ  သောက်သုံးရေအခက်အခဲရှိလျှက်ရှိသည့် ကျေးရွာငါးရွာ အားရေဖြန့်ဝေပေးနိုင်ရေး အတွက် ပန့် ၊ အင်ဂျင် ၊ ဒိုင်နမိုစက် အလှူရှင်များ လိုအပ်လျှက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

 

အဆိုပါရေလိုအပ်နေသည့် ရွာငါးရွာမှာ ကန်ပလယ်၊ ခွေးထောက်ပင် ၊  ခ၀င်းတော၊ မြောက်ရွာလေး နှင့် ကန်ပေါက်ရွာ တို့ဖြစ်သည်။

 

"ရေအရင်းအမြစ်ကရေလာတူးပေးတယ်။ရေကထွက်ပြီရေမောင်းတင်ဖို့ပန့်တွေဘာတွေလိုတယ်။ တချို့နေရာတွေမှာ လုပ်ပေးတယ် ဒီရွာမှာကျတော့လုပ်မပေးဘူး ။ရေတော့ထွက်ပြီရေပန့်ဝယ်ရ မယ်ရေကန်တွေဆောက်ရမယ်။ ဒီရွာတွေမှာကအရမ်းဆင်းရဲတယ် မလုပ်နိုင်ကြဘူး`ဟု ကန်ပလယ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

 

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ရေအရင်းအမြစ်ဌာနသည် ကျောက်ပန်းတောင်းမြို့ ရှိရေ လိုအပ်လျက်ရှိသော ကန်ပေါက်ရွာတွင် ရေကန်သာတူးပေးခဲ့ပြီး ရေမောင်းတင်ရန် လိုအပ်ချက်များကို ပြုလုပ်ပေးနိုင်ခြင်းမ ရှိသောကြောင့် အလှူရှင်များ လိုအပ်နေကြောင်း ပြောသည်။

 

"ရေထွက်ရုံလောက်ပဲတူးပေးသွားတယ်။ အဲ့ရေကို ဒီအတိုင်းသုံးလို့မရသေးဘူး ၊ အမှန်တကယ် ရေအပေါ်ထိရောက်အောင် ပန့်တို့ ၊ အင်ဂျင်တို့နဲ့ ထပ်ပြီး ရေမောင်းတင်ရအုံးမယ် အဲ့ဒါလိုအပ်နေတယ်" ဟု ကန်ပလယ်နေ ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ ရွာများမှာ ရေရှားမှုကို နှစ်စဉ်ကြုံတွေ့နေရသည့် ပြသာနာဖြစ်သော်လည်း ယခုနှစ်တွင် မိုးခေါင်ခြင်းကြောင့် ယမန်နှစ်များထက် ပို၍ အခက်တွေ့ရသည်ဟု ကန်ပေါက်ရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

 

 " ကျွန်တော်တို့ရွာမှာ လျှပ်စစ်မီး မရှိဘူး။ ရေလှောင်ဖို့ အုတ်ကန်တို့ ဘာတို့လည်းလိုတယ် နွေရာသီဆို ရေရှားတဲ့ ပြဿနာ က နှစ်တိုင်း ကြုံနေရတယ်။ မိုးခေါင်တဲ့ ပြဿနာက အဓိကပါပဲ မိုးတွင်းမှာ လှောင်ထားတဲ့ ကန်ရေကိုပဲ အားထားပြီး သုံးတာလေ အဲဒီကန်ကလည်း နွေရာသီရောက်ရင် ရေကပြတ်သွားတယ်" ဟု ကန်ပေါက်ရွာမှ ကိုမြအေးက ပြောသည်။

 

 ရွာအချို့သည် ရေလုံလောက်စွာ အသုံးပြုနိုင်အတွက် မိုးတွင်းကာလကတည်းက မိုးရေခံကာ ကန်များအတွင်းသို့ သိုလှောင်ထားရှိသော်လည်း အနီးနားရှိ ရွာများသို့လည်း သွားရောက် ခပ်ယူရခြင်းကို ပြုလုပ်ရသေးကြောင်း ၄င်းကဆက်လက်ပြောသည်။

 

  "ကျွန်တော်တို့ရွာရဲ့ တောင်ဘက်မှာရှိတဲ့ အင်တော်ရွာကနေ သွားခပ်တယ်။ မြောက်ဘက်ကိုထွက်ရင် လက်ယက်တွင်းလေး   တွေရှိတယ်။ ဆည်ပေါက်ချောင်းမှာရှိတဲ့ လက်ယက်တွင်းလေးတွေမှာ သွားခပ်တယ်။ အလှည့်ကျစောင့်ရတာ မဟုတ်ရင် တန်းစီထားပြီးတော့ ခပ်ရတယ်။ တစ်ခါတစ်လေဆို တစ်ညလုံး စောင့်လို့ တောင် တစ်ထမ်းမရဘူး" ဟု ကန်ပေါက်ရွာမှ ကိုမြအေးက ပြောသည်။

 

 ကျောက်ပံတောင်းမြို့တွင် ရေရှားပါးခြင်းများ ဖြစ်ပေါ်နေခြင်းနှင့် ရွာများသို့ ရေဖြန့်ဝေပေးနိုင်ရေးအတွက် ဒေသခံများက လိုက်လံအလှူခံခြင်းများ ပြုလုပ်လျက်ရှိသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။