Tuesday, February 5, 2013

နေ့စားအလုပ်သမားနှစ်ဦး ဘိလပ်မြေဖျော်စက်အတွင်း ချိုးခွာနေစဉ် စက်မောင်းခဲ့သဖြင့် သေဆုံးမှုဖြစ်ပွား

ဘုရင့်နောင်အမှတ် (၂) တံတား ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်၌ နေ့စားအလုပ်သမား အမျိုးသားနှစ်ဦး ဘိလပ်မြေ ဖျော်စက်အတွင်း ချိုးခွာနေစဉ် စက်မောင်းခဲ့သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်မှူးရုံးမှ သိရသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်တွင် ဘုရင့်နောင် အမှတ် (၂) တံတား ဆောက်လုပ်ရေး စီမံကိန်း လှိုင်သာယာဘက်ခြမ်း လုပ်ငန်းခွင်၌ နေ့စားအလုပ်သမားများ ဖြစ်သူ ခင်ဇော် (၁၇နှစ်) နှင့် ဘိုဘို (၁၉) နှစ် နှစ်ဦးတို့သည် ဘိလပ်မြေ ဖျော်စက်အတွင်း ချိုးခွာနေခဲ့ကြသည်။

ထိုအချိန်တွင် ဘိလပ်မြေဖျော် စက်မောင်းသူ ကိုအောင်သူရ (၂၃နှစ်) သည် ဘိလပ်မြေဖျော် စက်အား ခလုတ်ဖွင့် လိုက်စဉ် စက်အတွင်း ချိုးခွာနေကြသော ခင်ဇော်နှင့် ဘိုဘို တို့ နှစ်ဦးမှာ စက်အတွင်း ညှပ်မိပြီး ခင်ဇော်မှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားပြီး ဘိုဘိုမှာ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော အမျိုးသား နှစ်ဦးသည် ရှမ်းချောင်းကျေးရွာ၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ များဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင် အမှတ် (၂) တံတား ချဉ်းကပ်တံတား အပိုင်းအား Yangon Crown ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက် ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို လှိုင်သာယာရဲစခန်းမှ (ပ)၁၃၂/၂၀၁၃၊ ပုဒ် မ- ၃၀၄ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ ကျူးလွန်သူအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။