Thursday, December 13, 2012

အစိုးရ မတောင်းပန်မချင်း မန္တလေးသံဃာများ နေ့စဉ် ဆန္ဒပြမည်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရဟန်းသံဃာအပေါ် အကြမ်းဖက်မှုများအတွက် အစိုးရမှ ဝန်ချတောင်းပန်မှု မပြုမချင်း ဆက်လက် ဆန္ဒပြကြမည်ဟု မန္တလေးမြို့သံဃာများက ပြောဆိုလိုက်ပြီး ဗုဒ္ဓဟူးနေ့တွင် အပါး တထောင်ကျော် အင်အားဖြင့် ဆန္ဒပြပွဲများကို စတင်လိုက်ကြသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးမသောက်မီ သပိတ်စခန်းများအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းစဉ် ထိခိုက် ဒဏ်ရာ ရခဲ့သည့် သံဃာများအား သမ္မတနှင့် အစိုးရအဖွဲ့က ဝန်ချတောင်းပန်သည်အထိ နေ့စဉ် ဆက်လက် ဆန္ဒပြကြ မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီ မှ ဆရာတော် ဦးသောဘိတ က မဇ္စျိမ ကို မိန့်ကြားလိုက်ခြင်း ဖြစ်သည်။  
mdymonkdemo1

နိုဝင်ဘာလ ၂၉ ရက်နေ့ သပိတ်စခန်းများအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းစဉ် ထိခိုက် ဒဏ်ရာ ရခဲ့သည့် သံဃာများအား သမ္မတနှင့် အစိုးရအဖွဲ့က ဝန်ချတောင်းပန်သည်အထိ နေ့စဉ် ဆက်လက် ဆန္ဒပြကြ မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ဆရာတော် ဦးသောဘိတ ကပြော (ဓါတ်ပုံ - မဇ္ဈိမ)


"သံဃာထုကို မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက် ဖြိုခွင်းပြီးတော့ တောင်းပန်မှုကို မလုပ်ခဲ့ဘူးဆိုရင် အလွန်အင်မတန် ရာဇဝင်ရိုင်းတဲ့၊ သမိုင်းရိုင်းတဲ့ ကိစ္စတခုဖြစ်တယ်။ တောင်းဆိုချက်တွေ မရမချင်း ဦးပဉ္ဇင်းတို့ လုပ်စရာရှိတာ ဆက်လုပ် မယ်။ ဦးပဉ္ဇင်းတို့ သံဃာတွေ အားလုံးကို ပြောခဲ့တာက နောက်ရက်တွေ နေ့စဉ် ဒီလိုနေရာ၊ ဒီလိုအချိန်မှာပဲ စုဝေးပြီး ဆန္ဒပြမယ်လို့ ပြောခဲ့တယ်" ဟု မိန့်ဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက မန္တလေးမြို့ ဦးပွားဘုရားကြီးတွင် စုဝေးကာ စတင်ချီတက်ခဲ့ကြပြီး သုံးနာရီ ခန့်ကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း ဦးပဉ္ဇင်းက ဆက်မိန့်သည်။

"အဲဒီကနေ ၈၄ လမ်းမကြီးပေါ် ထွက်တယ်။ အနောက်ပေါ့နော်၊ ၄၂ လမ်းထိအောင် လျှောက်တယ်။ ဂုံးကျော်ကနေ အဆင်း ညာဘက်ဘုရားကြီး အရှေ့ဘက်မုခ်ဘက် သွားတယ်။ အဲဒီကနေ ဦးပွား ဘုရားကြီး ဘက်ကိုပြန်ပြီးတော့ အားလုံး အေးအေး ဆေးဆေးနဲ့ပဲ ပြီးသွားပါတယ်" ဟု ရှင်းပြသည်။

သံဃာများ ချီတက်ဆန္ဒပြရာတွင် ပြည်သူများ၊ ဗကသ ကျောင်းသားများ၊ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဝင်များ အပါအဝင် အင်အား ၃ဝဝ ခန့်က လိုက်ပါ ဝန်းရံခဲ့ကြသည်။

လမ်းတလျှောက် အာဏာပိုင်များက တားဆီးဟန့်တားမှု မရှိသော်လည်း မန္တလေးတိုင်း သာသနာရေး ဝန်ကြီး ဦးသန်းစိုးမြင့် က ၎င်း၏ရုံးတွင် ဦးဆောင် သံဃာအချို့အား ခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း ဦးပဉ္ဇင်း က ရှင်းပြသည်။  

"သူဆိုချင်တာကတော့ မဟန(မဟာသံဃာ့နာယက) ဘုန်းကြီးတွေကို တောင်းပန်ထားတယ်။ ရန်ကုန်မှာ ဖမ်းထားတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်ထားတယ်။ ဦးပဉ္ဇင်းတို့ကို လမ်းပေါ်မှာ ထွက်ပြီး မလျှောက်ဖို့။ လုပ်လို့ရှိရင် ဥပဒေနဲ့ ဖမ်းမယ့်ပုံစံ မျိုး ပြောတာတော့ ရှိပါတယ်။ ဦးပဉ္ဇင်းတို့က တောင်းဆိုထားတဲ့ ကိစ္စကို မလိုက်လျောလို့ရှိရင် လုပ်သင့်လုပ်ထိုက် တာကို ရှေ့ဆက်လုပ်မှာပဲလို့ ပြောခဲ့တယ်" ဟု မိန့်ဆိုသည်။  

ဆက်လက်၍ "သူတို့ကတော့ အထက်ကို တင်ပြပါ့မယ်ဆိုပြီး ထုံစံအတိုင်း စကားတွေပဲ ပြောတာပေါ့။ ဒကာကြီးတို့ ဒီစကားတွေ ပြောတာ အကြိမ်ရေ မနည်းလှဘူး။ အစက ဦးပဉ္ဇင်းတို့ ထိုင်သပိတ်တွေ လုပ်ခဲ့တယ်။ အခုလမ်းလျှောက် တဲ့ အဆင့်ထိ တက်လာတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ဒကာကြီးတို့ရဲ့တုံ့ပြန်မှုတွေက အရမ်းကို အေးစက်စက်
နိုင်ပြီးတော့ မသိကျိုးကျွံပြုလွန်းရာ ကျလွန်းလို့ ဦးပဉ္ဇင်းတို့ ဆန္ဒပြရခြင်း ဖြစ်တယ်လို့ ပြောခဲ့တယ်" ဟု ဦးသောဘိတ က မိန့်ဆိုသည်။  

သာမန် မီးလောင်ဒဏ်ရာမဟုတ် ဆိုသည့်အချက်၊ အကြမ်းဖက်ခံရသည့် ပုဂ္ဂိုလ်များသည် ရဟန်းသံဃာများ ဖြစ်ခြင်း
နှင့် ဒဏ်ရာ အင်မတန်ပြင်းထန်ကြောင်း သိရှိစေလိုပြီး ထိုသို့သော လုပ်ရပ်မှာ သန့်ရှင်းကောင်းမွန်သော အစိုးရ တရပ်၏ လုပ်ရပ်မဟုတ်ကြောင်း ဦးပဉ္ဇင်း က ဖြည့်စွက်ပြောဆိုသည်။

"ဒါမျိုးတွေကို ခေါင်းငုံခံခဲ့ရင် ဒီထက်မကတဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ မလွှဲမသွေ ကြုံလာရမယ်ဆိုတာ ဦးပဉ္ဇင်း တို့ မြင်နေလို့ပါ။ ဦးပဉ္ဇင်းတို့နဲ့အတူ တညီတညွှတ်တည်း တစိတ်တဝမ်းတည်း ပူးပေါင်းပါဝင်ကြပါလို့ ပြောချင်ပါတယ်" ဟု မိန့်ကြားသွားသည်။

သပိတ်စခန်း အကြမ်းဖက် နှိမ်နင်းမှုတွင် ပါဝင်ပတ်သက်သော ပုဂ္ဂိုလ်များအား ထိရောက်စွာ အရေးယူပေးရန်နှင့် ဖမ်းဆီးထားသူများကိုလည်း ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေး တောင်းဆိုထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။