Thursday, December 13, 2012

တိုင်းရင်းသားရေးရာ ကော်မတီများ ကချင်ပြည်နယ် အရေး အဓိက ဆွေးနွေးမည်

လာမည့် လွှတ်တော်တွင် တိုင်းရင်းသား ရေးရာ ကော်မတီ များ ကချင်ပြည်နယ် အရေး အဓိက ထား ဆွေးနွေးရန် ရှိကြောင်း ပြည်သူ့ လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူက ပြောသည်။

 

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လွှတ်တော်တွင် ဆွေးနွေးနိုင် ရန် ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ အပါအ၀င် ဒေသခံ ပြည်သူများ ကို တွေ့ဆုံမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါ်ဒွဲဘူ ဆိုသည်။

"KIA ဘက်ခြမ်းကိုတော့ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့မှ သွားရပါမယ်" ဟု ဒေါ်ဒွဲဘူက ဆက်ပြောသည်။
ပထမအကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးများ မစတင်မီကာလ လွှတ်တော်နှစ်ရပ်၏ တိုင်းရင်းသားရေးရာ ကော်မတီများ ကချင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်နေကြောင်း အမျိုးသားလွှတ်တော်တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန်ကပြောသည်။

ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးရရှိစေရန်အတွက် ပြည်ထောင်စုအစိုးရ၊ KIA/ KIO မှ တာဝန်ရှိသူများနှင့် ပြည်သူကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုမျိုး လိုအပ်ကြောင်း ကချင်နှစ်ခြင်းအသင်းတော် KBC ဖွံ့ဖြိုးရေးတာဝန်ခံနှင့် စစ်ရှောင်စခန်းများ စောင့်ရှောက်ရး ဒုတိယတာဝန်ခံ ဦးကွမ်းရှောင်က ပြောသည်။

KIA အနေဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းများကို ဆွေးနွေးမှု မပြုလုပ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးပြီးမှသာ အပစ်အခတ်ရပ်စဲမည်ဆိုသော အချက်အား ကိုင်စွဲထားခြင်းကြောင့် ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်က အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးမေးခွန်းနှင့်ပတ်သက်၍ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးတွင် ဖြေကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ နှင့် KIO ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့တို့သည် နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

၁၉၆၁ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ခဲ့သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ သို့ သော် ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး အစိုးရနှင့် KIA တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ရာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။