Wednesday, August 22, 2012

စင်္ကာပူကြက်ခြေနီက ကချင် IDPကလေးများကို ကျောင်းသုံးပစ္စည်းထောက်ပံ့မည်


စင်ကာပူကြက်ခြေနီအသင်းအနေဖြင့် သဘောတူထားသည့် လုပ်ငန်းစဉ် (၆)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက် ရန်   ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ပထမဦးဆုံးအကြိမ်အဖြစ် သြဂုတ်လ(၁၆)ရက်နေ့တွင် လာရောက်ခဲ့သည်။

 မြစ်ကြီးနားမြို့ ဝန်ကြီးများရုံး၌ Health International Service Singapore  Red Cross Society မှ မစ္စတာဝမ်း ချုံးယူနှင့် အဖွဲ့သည် ကချင်ပြည်နယ် ဝန်ကြီးချုပ်လဂျွန်ငန်ဆိုင်း၊ကျန်းမာရေး၊ပညာရေး၊ ဘဏ္ဍာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဒေါ်ဘောက်ဂျာတို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

''သူတို့က IDP(ဒုက္ခသည်) က ကလေးတွေကို လာကြည့်တယ်။ အဓိက ကျောင်းသူ၊ ကျောင်းသားတွေကို ToolKit အဲ့လိုမျိုးပေးဖို့ လာကြည့်ကြတာ။ ကျောင်းသားစာရင်း လာယူသွားတယ်။''ဟု ဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

ကချင်ပြည်နယ် အစိုးရလက်အောက်ခံ ဒုက္ခသည်စခန်းများတွင်လက်ရှိနေထိုင်နေကြသော   ကျောင်းသူ  ၊ ကျောင်းသားများအား   ကျောင်းသုံးပစ္စည်းများ ပေးအပ်နိုင်ရန်အတွက် လာရောက် ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

အစိုးရလက်အောက်ရှိ ဒုက္ခသည်စခန်းပေါင်းမှာ (၆၇) ခုရှိပြီး၊ ကျောင်းသား စုစုပေါင်း (၆၁၅၇) ဦးရေ၊ အိမ်ထောင်စု စာရင်းပေါင်း (၆၉ဝ၈)နှင့် လူဦးရေ စုစုပေါင်း (၂၆၄၂ဝ) ရှိကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ပြုစုထားသည့် စာရင်းများအရ သိရသည်။

'သူတို့ခု ဘာတွေ ကူညီဖို့လိုလဲကို အရင်လာကြည့်တာ၊ ပြီးရင် သူတို့ စင်ကာပူပြန်သွားတဲ့အချိန် စင်ကာပူ ကြည်ခြေနီနဲ့ တွေ့ပြီးလို့ရှိရင် Campမှာ ဘာလိုမလဲပေါ့။ သူတို့ဆီက ဆရာဝန်တွေ လွှတ်ပေးပြီး ကျန်းမာရေးအတွက်လည်း ကူညီသွားမယ်လို့ ပြောတယ်။ဟု ဝန်ကြီးက ဆက် ပြောသည်။

ဒုက္ခသည်အများဆုံးရှိသည့် မြစ်ကြီးနား ဂျန်မိုင်ကောင့်ဒုက္ခသည်စခန်းတွင် ကျောင်းသား စုစုပေါင်း (၃၁၃) ဦးရှိပြီး တစ်ပတ်လျှင် ဗလာစာအုပ် (၁ဝ ဒါဇင်မှ ၂ဝ ဒါဇင်) အထိ အသုံးပြု နေကြောင်းကို လည်း သိရှိရသည်။

'သူတို့က စေတနာနဲ့ လာလှူမယ်ဆိုတော့ ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်။ စာရေး ကိရိယာ တွေက   နေ့တိုင်းလိုနေတာ။ အဓိကတော့ စာအုပ်၊ ခဲတံ အစပေါ့ တကယ် လိုအပ်နေတယ်။ ဒီက ကလေးတွေက စာလည်း လိုက်မမီတော့ ခုဆို ညဂိုက် ပေးနေရတယ်။ ပညာရေးက တကယ် အရမ်းလိုအပ်နေတာပါ။ဟု  ဂျန်မိုင်ကောင့်ဒုက္ခသည်စခန်းတာဝန်ခံ ဆရာအောင်မြတ်က ဆိုသည်။

မြန်မာ၊ စင်ကာပူ ကြက်ခြေအနီအသင်းတို့မှ တိုက်ရိုက်အကျိုးပြုလုပ်ငန်းစဉ် (၆) ရပ်အား ပူးပေါင်း ဆောင်ရွက် ရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သာလှရွှေနှင့် စင်ကာပူကြက်ခြေနီအသင်း ဥက္ကဋ္ဌ Tee Tua Ba တို့က ဇူလိုင် (၁၁) ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့်အာဆီယံ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ နှစ်ပတ်လည် အစည်းအဝေးတွင် စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းစဉ် (၆)ရပ်အတွက် စင်ကာပူ ဒေါ်လာ ၂.၅သန်းတန် (အမေရိကန်ဒေါ်လာ ၂ သန်းခန့်) ကို အရေးပေါ်ထောက်ပံ့ရေး ရန်ပုံငွေထားရှိကြောင်းကိုလည်း သိရှိရသည်။

ထို့အတူ မုန်တိုင်းဒဏ် ခံဆောက်အအုံများ ပြည်နယ်အချို့တွင် ဆောက်လုပ်ခြင်း၊ ကြက်ခြေနီနှင့် ပတ်သက်သည့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဆက်သွယ်ရေး ပိုမိုအဆင်ပြေစေရန် တိုင်းဒေသကြီး နှင့် ပြည်နယ် (၅) ခုတွင် ဆောင်ရွက်ခြင်း၊ စစ်မက်ဖြစ်ပွားခဲ့သည့် ပြည်နယ်မှ ကျောင်းသား (၅ဝဝဝ) ခန့် အတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ လှူဒါန်းခြင်းစသည် တို့ကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။