Wednesday, August 22, 2012

အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ထိခိုက်မှုအတွက် သမ္မတထံ စာတင်မည်


ရှမ်းပြည်နယ် တောင်ပိုင်း ပေါင်းလောင်းမြို့နယ်တွင် တည်ဆောက်နေသော အထက် ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ဧရိယာတွင်းရှိ ကျေးရွာ ၂၃ ရွာခန့်ပြောင်းရွှေ့ ရနိုင်ပြီး ယင်းကိစ္စ အတွက် သမ္မထထံ စာတင်မည်ဖြစ်ကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ (KNGY) တာဝန်ရှိသူကပြောကြားသည်။
“လူဦးရေ ရှစ်ထောင်ကျော်လောက် နေအိမ်တွေ လယ်ယာမြေတွေစွန့်ခွာပြီး ပြောင်းရွှေ့ရမည့် အရေးကြုံနေတယ်၊ ဒါတွေကိုသိအောင် စာတင်မယ်”ဟု ၄င်းကဆိုသည်။ ၄င်းအဖွဲ့က နိုင်ငံတော်သမ္မတအပါအဝင် အသစ်ဖွဲ့စည်းထားသည့် လယ်ယာမြေသိမ်းဆည်းခံရသူများ စုံစမ်းစစ်ဆေးရေးကော်မရှင်၊ လူ့အခွင့်အရေးကော်မရှင်နှင့် လွှတ်တော်ရေးရာ ကော်မရှင်များသို့ စာတင်မည်ဖြစ်ကြောင်းသိရသည်။
၎င်းစီမံကိန်းသည် နေပြည်တော်ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင်အကွာတွင်ရှိသော ပေါင်းလောင်း မြစ်ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လအထိ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ (KNGY) က ဆိုသည်။
ပြောင်းရွှေ့ခံရနိုင်သည့်ကျေးရွာများတွင် ကယန်းလူမျိုးများနှင့် အခြားတိုင်းရင်းသားများ နေထိုင်ကြပြီး နှစ်စဉ်စိုက်ပျိုးကြသော စပါးနှင့် မြေပဲစိုက်ခင်း ဧက ၂၀ဝ၀ ကျော်နှင့် ဧက ၁၀ဝ၀ ဝန်းကျင်ရှိ နှစ်ရှည်ခြံ များလည်း ပါဝင်နေသည်။ ၂၀၁၃ ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်သော ယင်းစီမံကိန်းကြောင့် မြစ်ညာဘက် စီမံကိန်းနယ်မြေ အတွင်း ကျရောက်နေသော သပြေကုန်း၊ ကံလှ၊ သင်္ဘောကုန်း၊ ဟင်္သာကုန်း၊ ဂွေးကုန်းနှင့် ရွာကြီးတို့အပါအဝင် ဒေသခံရွာ ၂၃ ရွာမှ ရွာသားများသည် ပြောင်းရွှေ့ခံရမည့်အခြေအနေနှင့် ကြုံတွေ့ နေရခြင်းဖြစ်သည်။
ကယန်းအမျိုးသမီးသမဂ္ဂက ထုတ်ပြန်သော “ကယန်းမြေ၏ နတ်စိမ်းတစ္ဆေတို့ကို ရေနစ်မြုပ်စေခြင်း။ ပေါင်းလောင်း မြစ်အထက်ပိုင်းဆည်၏ဆိုးကျိုးသက်ရောက်မှုများ” အစီရင်ခံစာတွင်လည်း ဆည်ကြောင့် ရေလွှမ်းနစ်မြုပ်နိုင်သည့် မြေဧက စုစုပေါင်းမှာ ဧက ၅၃၀ဝ ကျော်ရှိပြီး ၄င်းဆည် စတင် တည်ဆောက်ကတည်းက လွတ်လပ်ပွင့်လင်းမူမရှိခဲ့ကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မူများရှိခဲ့ကြောင်း ရေးသားခဲ့သည်။
ပေါင်းလောင်းမြစ်သည် မန္တလေးတိုင်းဒေသကြီးအတွင်း၌ စစ်တောင်းမြစ်တွင်းသို့ မစီးဝင်မီ ရှမ်းပြည်နယ်ကို ဖြတ်သန်းစီးဆင်းခြင်းဖြစ်ပြီး၂၀ဝ၅ ခုနှစ်၊ မတ်လတွင် ပေါင်းလောင်းမြစ် အောက်ဘက် ဆည်ကို တည်ဆောက်ပြီးစီးခဲ့ကာ နေပြည်တော်သို့ လျှပ်စစ်ဓာတ်အားပေးခဲ့သည်။
အထက်ပေါင်းလောင်း ဆည်စီမံကိန်းကို မြန်မာနိုင်ငံ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ယူနန် စက်ယန္တရားသွင်းကုန် ထုတ်ကုန်ကုမ္ပဏီYunnan Machinery Equipment Import & Export Co.(YMEC) တို့က ပူးပေါင်းကာ ၂၀ဝ၄ ခုနှစ်မှ စတင်လုပ်ကိုင်နေခြင်းဖြစ်ပြီး နည်းပညာပိုင်းအရ ဥရောပကုမ္ပဏီတချို့လည်းပါဝင်ကြောင်း သိရသည်။
စီမံကိန်းပြီးစီးပါက မဂ္ဂါဝပ် ၇၀ ရှိ ဖရန့်စစ်တာဘိုင်စက်နှစ်လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၄၀ မှ တစ်နှစ်လျှင်ပျမ်းမျှဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၄၅၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။