Wednesday, August 22, 2012

 ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် အတွင်းရှိ ရေနစ်မြုပ်ခဲ့သော ဒေသများသို့ နိုင်ငံတော် သမ္မတဦးသိန်းစိန် လှည့်လည် ကြည့်ရှုမည် ဖြစ်ကြောင်းသိရ


ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြစ်ရေလွှမ်းမိုးမှုဒဏ်ကြောင့်  လယ်မြေများနှင့် ဒေသခံများ၏ လူနေမှုဘ၀ ဆိုးရွားစွာထိခိုက်ခဲ့သည့် သာပေါင်းမြို့နယ်သို့ နိုင်ငံတော် သမ္မတဦးသိန်းစိန် လာရောက် ကြည့်ရှုမည် ဖြစ်ကြောင်း သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှုး(ခေတ္တ) ဦးကျော်သူက သြဂုတ်လ ၂၁ ရက်နေ့တွင် ပြောကြားသည်။

“ရေလွှမ်းခံဒေသတွေကို နိုင်ငံတော် သမ္မတကြီး လာရောက်ကြည့်ရှုပါမယ်။ ဘယ်နေ့လည်း ဆိုတာကို မပြောနိုင်သေးပေမဲ့ အခုရက်ပိုင်းအတွင်း လာရောက်မှာပါ”ဟု ဦးကျော်သူကပြောကြားခဲ့သည်။
ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် သြဂုတ်လဆန်းပိုင်းမှ င၀န်မြစ်ရေမြင့်တက်မှုမှာ ယခင် အနှစ် ၇၀ အတွင်းအဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့် ၂၀၀၄ ခုနှစ် မြစ်ရေကြီးမြင့်မှုအားမီရန် ၃ လက်မခန့်သာ လိုတော့ကြောင်းလည်း သာပေါင်းမြို့နေ ဦးသိန်းထွန်း၏ ပြောကြားချက်အရ သိရှိရပါသည်။
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်အနက်  မော်ကျွန်းမြို့နယ်နှင့် လပွတ္တာမြို့နယ်သာ ရေလွှမ်းမှုဒဏ်မခံရဘဲ ကျန်မြို့နယ်များမှာ ရေနစ်မြုပ်နေမှု ခံနေရကြောင်းလည်း သိရှိရပါသည်။
“ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ ကျွန်တော်တို့မြို့နယ်ကအဆင်းရဲဆုံးပါ။ အခုလိုဆင်းရဲရတဲ့အထဲ သဘာဝဘေးကလည်း နှိပ်စက်တော့ လယ်မဲ့ယာမဲ့တွေ ဘ၀က အဆိုးရွားဆုံးထိခိုက်ပါတယ်၊ ပြီးရင် လှီုင်းဒဏ်ကြောင့် ပြိုပျက်သွားတဲ့ အိမ်တွေ၊ လယ်သမားငယ်တွေ သူတို့ကို ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ အများကြီး လုပ်ပေးရပါမယ်။ အနည်းဆုံးတော့ ရေမကျမီအချိန်နဲ့ စိုက်ပျိုးချိန် မရောက်မီကာလအတွင်း  ၂ လလောက်တော့ သူတို့ စားဝတ်နေရးအတွက် ကျွန်တ်ာတို့ ဖန်တီးပေးရပါမယ်”ဟု သာပေါင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
tpflood1
င၀န်မြစ်ရေ မြင့်တက်မှုကြောင့် သာပေါင်းမြို့နယ်အတွင်းရှိကျေးရွာ ၃၉၄ ရွာအနက် ရွာပေါင်း ၃၀၄ ရွာမှာရေနစ်မြုပ်နေပြီး  ရေလုံးဝလွှမ်းမိုးခံခဲ့ရသည့် ကျေးရွာအုပ်စု ၂၄ စုခန့်ရှိကာစိုက်ပျိုးပြီးလယ်ဧက  ၇၀၀၀ ကျော် ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် သာပေါင်းမြို့နယ်သို့ လာရောက်မည် ဆိုခြင်းနှင့် ပတ်သတ်ရ်ျ သာပေါင်းမြို့နယ် သရက်ကုန်းရွာသားရှေ့နေတစ်ဦးမှ “အခုဆို မြို့နယ်ထဲက လူတွေက တကယ့်ကို ဒုက္ခရောက်နေကြတာလေ။ သူတို့ဒုက္ခတွေ မေးရင်တော့ ပြောလို့ဆုံးမှာ မဟုတ်ဘူး။ အဓိကအကျဆုံး လိုအပ်ချက်ကို ဘယ်လိုဖြည့်ရမလည်း စဉ်းစားပြီး ကူညီမယ်ဆိုရင် အကောင်းဆုံးပါပဲ ””ဟုပြောပါသည်။
သာပေါင်းမြို့နယ်အတွင်း လူဦးရေ ၂၀၀၀၀၀   ၀န်းကျင်နေထိုင်ပြီး ရေနစ်မြုပ်မှုဒဏ်ကြောင့် လူဦးရေ ၁၅၀၀၀၀ ခန့် ဒုက္ခကြုံတွေ့နေကြောင်း သိရှိရပါသည်။ ထိုသို့ဒုက္ခကြုံတွေ့နေသော်လည်း ထိရောက်သည့် ကူညီမှု မရရှိသေးကြောင်းလည်း သာပေါင်း မြို့နယ်အုပ်ချုပ်ရေးမှုး(ခေတ္တ) ဦးကျော်သူက ပြောကြားချက်အရ သိရှိရပါသည်။
“ကျွန်တော်တို့ ကူညီနိုင်တာကလည်း တစ်ပတ်စာလောက်ပဲ ရှိတယ်။ လာလှုတဲ့သူတွေ ရှိပေမဲ့ ထိရောက်တဲ့ ကူညီမှုတော့ မရသေးပါဘူး”ဟု ယင်းကဆက်လက်ပြောကြားသည်။
မိုးအဆက်မပြတ် ရွာသွန်းသဖြင့် လယ်ယာမြေ ရေကြီးနစ်မြုပ်မှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၅၅ မြို့နယ်တွင် ဖြစ်ပွားနေပြီး လယ်ဧက ၆ သိန်းဝန်းကျင် ရေနစ်မြုပ်နေကြောင်းလည်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။