Saturday, August 18, 2012

ရှမ်းလမ်းဈေးရှိ ဈေးဆိုင်ခန်း များကို သြဂုတ်လ၁ ရက်မှ စတင်ကာ ဖွင့်လှစ် ခွင့်ပြု

ရှမ်းလမ်းဈေးရှိ ဈေးဆိုင်ခန်း များကို သြဂုတ်လ၁ ရက်မှ စတင်ကာ ဖွင့်လှစ် ခွင့်ပြု

ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ မီးသင့်ခဲ့သော ရှမ်းလမ်းဈေး ကြီးအား ပြန်လည် တည်ဆောက် ပြီးစီး၍ သြဂုတ်လ ၁ ရက်မှ စတင်ကာ ဈေးဆိုင်ခန်း များကို ပြင်ဆင် ဖွင့်လှစ်ခွင့် ပြုထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဈေးများဌာနမှ စုံစမ်းသိရှိရသည်။
အဆိုပါ ရှမ်းလမ်းဈေးကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူကာ နဂိုပုံစံအတိုင်း သစ်သားများ နေရာတွင် သံထည်များဖြင့် အစားထိုး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မီးမလောင်ဘဲ ကျန်ခဲ့သော သားငါးရုံအပါအဝင် ရုံငါးရုံရှိကြောင်း သိရသည်။ ဈေးသူဈေးသားများကိုလည်း မူလပေ အကျယ်အတိုင်း နေရာပြန်ပေးထားပြီး ဆိုင်ခန်းများမှာ ၅ ပေ ပတ်လည်ခန်းများဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို သြဂုတ်လ ၁ ရက်နေ့က စပြီး ကိုယ့်ဆိုင်ခန်းကို ပြင်ဆင်ပြီး ဖွင့်လှစ်ခွင့်ပေးထားပါတယ်။ သြဂုတ်လ ၁၅ ရက်အထိ လာမပြင်တဲ့ ဆိုင်ခန်းတွေကတော့ သက်ဆိုင်ရာကို ပြင်ဆင်ခွင့်တောင်းရမယ်လို့ ပြောထားပါတယ်” ဟု ဈေးမိဈေးဖတစ်ဦးက ပြောသည်။ ဈေးကြီးတွင် ယခင်က စုပြုံသုံးစွဲရသော မီးလိုင်းများကိုလည်း တစ်လိုင်းစီ ခွဲဝေပေးထားပြီး မီးမလောင်ခဲ့သော သားငါးတန်းကိုလည်း အမိုး မိုးကာ ကွန်ကရစ်လမ်း ခင်းပေးထားကြောင်း သိရသည်။
ယင်းအပြင် ဈေးပတ်လမ်းနှင့် ခြံစည်းရိုးတို့ကိုလည်း အသစ်ပြန်လည် ပြုလုပ်ပေးထားပြီး သန့်စင်ခန်းကိုလည်း အသစ်ပြန်လည်တည်ဆောက်ထားကြောင်း သိရသည်။ အဆိုပါ ဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၃၁၈ ခန်းရှိပြီး ကုန်မျိုးစုံရောင်းချသောဆိုင်များမှာ အများဆုံးဖြစ်ကာ အထည်၊ ကုန်ခြောက်၊ အလှကုန်၊ သားငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက်ဆိုင် စသဖြင့် ကုန်ပစ္စည်းမျိုးစုံကို ရောင်းချကြောင်း သိရသည်။ ရှမ်းလမ်းဈေးကြီးသည် ယခုနှစ် မေလ ၁၈ ရက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းစုစုပေါင်း ၂၃၃ ခန်း မီးသင့်ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၄၉ ဒသမ ၅ သိန်း ရှိခဲ့ကြောင်း သိရသည်။ ခန့်ဟိန်းသူ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။