Saturday, August 18, 2012

ပဏာမ မြန်မာ့ လက်ရွေးစင်တို့ ဂိုးပြတ်ဖြင့် ရှုံးနိမ့်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဂိုးသမားမှအပ နိုင်ငံခြားသား ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် MNL ALL STAR အသင်းနှင့် မဏာမ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းတို့ ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင် ခြေစမ်း ကစားကြရာ မြန်မာ့ လက်ရွေးစင်အသင်း ၄ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။

ပရိတ်သတ် တသောင်း ခြောက်ထောင်ဆံ့ သုဝဏ္ဏကွင်းတွင် ဆူဇူကီး ဖလားအတွက် သွားရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အသင်းပေါ် မျှော်လင့်တကြီးဖြင့် လာရောက် အားပေးကြသော အထူးတန်းရှိ ပရိတ်သတ် တထောင်အတွက် စိတ်ပျက်ဖွယ် ကစားပွဲလည်း ဖြစ်ခဲ့သည်။

ကိုရီးယားလူမျိုး နည်းပြ ပတ်ဆောင်ဟွာ၏ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ပွဲအစတွင်သာ
အောလ်စတား အသင်းအား ခြေရည်တူ ကစားနိုင်ပြီး ဦးဆောင် ဂိုးသွင်းနိုင်ခဲ့သော်လည်း သည်းထန်စွာ ရွာသွန်းနေ
သော မိုးအောက် ကစားပွဲချိန် ကြာလာသည်နှင့်အမျှ အောလ်စတားကို လိုက်မမီနိုင် ဖြစ်ခဲ့ရသည်။

ပွဲစ၍ ၁၂ မိနစ်အကြာတွင် လက်ရွေးစင်အသင်း ဘယ်တောင်ပံမှ ကြည်လင်း ဖြတ်တင်ပေးလိုက်သော ဘောလုံး ကို နောက်ခံလူများကြားမှ တိုက်စစ်မှူး ရန်ပိုင် က မြေမကျ နောက်ပြန်ကန်ချက်ဖြင့် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

ပထမပိုင်း ၂၅ မိနစ်တွက်ပင် အောလ်စတားမှ ကိုနေး က ချေပဂိုး ပြန်သွင်းခဲ့သည်။ ချေပဂိုး သွင်းပြီးသည့်နောက် လက်ရွေးစင်အသင်း ကစားပုံ ကြမ်းတမ်းလာခဲ့ပြီး ဒိုင်လူကြီး၏ သတိပေးခြင်းများ ကြုံရသည်။

လက်ရွေးစင်အသင်း နောက်ခံလူ အောင်သိုက် မှာ ပထမပိုင်း ၂၉ မိနစ်တွင် အဝါကတ် အပြခံခဲ့ရပြီး အသင်း၏ အုပ်ချုပ်သူများကလည်း ကစားသမားများအား အော်ဟစ် သတိပေးခဲ့ရသလို တဖက်သင်းမှ နိုင်ငံခြားသား ကစားသမားများကလည်း သတိထား၍ ရှောင်တိမ်း ကစားသွားခဲ့သည်။

၃၉ မိနစ်တွင် ဆာဆာ က အောလ်စတားအတွက် ဒုတိယဂိုး သွင်းပေးခဲ့သည်။

နည်းပြ ပက်ဆောင်ဟွာ အားထားအသုံးပြုလေ့ရှိသော ကွင်းလယ်ကစားသမား ကြည်လင်း၊ ပိုင်စိုး၊ ကျော်ဇေယျာဝင်းတို့ ထူးထူးခြားခြား ခြေအေးနေခဲ့ပြီး ကြံ့ခိုင်မှုတွင်လည်း နိုင်ငံခြား ကစားသမားများကို ယှဉ်ပြိုင်နိုင်မှု မရှိသည်ကို တွေ့ရ သည်။

တောင်ပံတလျောက်တွင် ကစားနေသည့် ကြည်လင်းနှင့် ပိုင်စိုးတို့ထံမှ ဖြတ်တင်ဘောများ ထွက်မလာခြင်းကြောင့် အထောင်တိုက်စစ်မှူး ရန်ပိုင်အတွက် ပြောစမှတ်တွင်သော ဂိုးသွင်းချက် တချက်မှလွဲ၍ ပွဲချိန်အများစုတွင် အထီးကျန် ဆန်နေခဲ့ရသည်။

ပွဲစတင်ပြီး မိနစ် ၃ဝ ခန့်အကြာ သဲသဲမဲမဲ ရွာသွန်းခဲ့သည့်မိုးက ကစားသမားများ မြင်ကွင်းကို နှောက်ယှက်လာသည့် အတွက် မီးမောင်းကြီးများ ထိုးပြီး ကစားခဲ့ရသည်။

ဒုတိယပိုင်းတွင် ပက်ဆောင်ဟွာ က ကစားသမား ၁ဝ ယောက်အထိ ပြောင်းလဲ အသုံးပြုသွားခဲ့ပြီး ရန်ပိုင် ကို ထုတ်ကာ ၄-၅-၁ ပုံစံမှ တိုက်စစ်မှူး ရာဇာဝင်းသိန်းနှင့် စိုးမြတ်သူတို့ကို တွဲစပ်၍ ၄-၄-၂ ပုံစံသို့ ကစားကွက် ပြောင်းခဲ့သည်။

သို့သော်လည်း အစားထိုးဝင်လာသူများလည်း တွဲဖက်မမိခြင်းကြောင့် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိသည့်အတွက် ပရိတ်သတ်၏ လှောင်ပြောင်အော်ဟစ်သံများ ဆူညံနေခဲ့သည်။

ပွဲချိန် ၅၁ မိနစ်တွင် မြန်မာနေရှင်နယ်လိဂ်၏ လက်ရှိဂိုးသွင်းအများဆုံးဖြစ်သော ဆာဆာ က တတိယဂိုး၊ ၅၉ မိနစ်တွင် အန်ဒရေ က စတုတ္တဂိုးများ သွင်းယူသွားခဲ့ကြသည်။

ပမာဏ လက်ရွေးစင်အသင်းကစားသမားများအနေဖြင့် ချေပဂိုးရရန် အားထည့် ကစားလာခဲ့ကြသော်လည်း ပွဲပြီးသည် အထိ အရာမရောက်ဘဲ အဆုံးသတ်သွားခဲ့သည်။

“မြန်မာ့ဘောလုံး တိုးတက်ဖို့ ဆိုရင်တော့ လက်ရှိ အနေအထားတွေ အားလုံးကနေ ပြီးတော့ ပြောင်းလဲပစ်ရမယ်။ ကစားသမားတွေရဲ့ အတွေးအခေါ်ပိုင်းတွေ၊ နည်းစနစ်ပိုင်းတွေ ပြောင်းလဲရမယ်။ မဖြစ်မနေ ပြောင်းလဲဖို့ လိုပါတယ်။ လက်ရှိ လက်ရွေးစင် ကစားသမားတွေရဲ့ ခြေစွမ်းကိုလည်း အားမရသေးပါဘူး။ ကြံ့ခိုင်မှုပိုင်းတွေ၊ ဘောလုံး နည်းပညာ ပိုင်းတွေ၊ အသင်းလိုက် ကစားတဲ့ပုံစံတွေမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်” ဟု မြန်မာ့ လက်ရွေးစင်အသင်း နည်းပြ ပက်ဆောင်ဟွာ က မဇ္ဈိမကို ပြောကြားသွားခဲ့သည်။

ပဏမ လက်ရွေးစင်အသင်းတွင် ကစားသမား ၂၇ ယောက်ထိ ရွေးချယ်ထားကာ ယူ ၂၂ အသင်းမှ ကစားသမား အချို့နှင့် ဝါရင့်သမ္ဘာရင့် လက်ရွေးစင် ကစားသမားများ ပေါင်းစပ်ထားသည်။

ပွဲထွက်အဖြစ် ဂိုးသမား သီဟစည်သူ၊ နောက်ခံလူများအဖြစ် သိန်းသန်းဝင်း၊ ဇော်မင်းထွန်း၊ ရန်အောင်ဝင်း၊
အောင်သိုက်တို့ ကစားခဲ့ကြသည်။ အသင်းခေါင်းဆောင် ခင်မောင်လွင် ၊ ကျော်ဇေယျာဝင်း၊ ရန်အောင်ကျော်၊ ပိုင်စိုးနှင့် ကြည်လင်းတို့ကို ကွင်းလယ်တွင် အသုံးပြုခဲ့ပြီး ရှေ့တန်းတွင် ရန်ပိုင်ကို ပွဲထွက် ကစားစေခဲ့သည်။

အောလ်စတား အသင်းအတွက် နည်းပြ ဘော်ဂတ်စ် ၏ စီစဉ်မှုတွင် ဂိုးသမားအဖြစ် မျိုးမင်းလတ်၊ နောက်ခံလူများအဖြစ် ကမ်ဘူး (မနောမြေ)၊ ဂနွန်ဆီယမ် (ဇွဲကပင်)၊ နီကိုလာ (ရန်ကုန်)၊ ဂျွန် (ဧရာဝတီ)တို့ကို ပွဲထုတ်ခဲ့ပြီး အလယ်တန်းတွင် ကိုနေး (မကွေး)၊ နူနက်စ် (KBZ)၊ ချူကွာဇူ (ဇေယျာရွှေမြေ)နှင့် ဂျူနီယာ (ဟံသာဝတီ) တို့ကို ထားရှိပြီး ရှေ့တန်းတွင် လီအန်ဒရို (နေပြည်တော်)၊ ဆာဆာ (ဇေယျာရွှေမြေ)တို့အား ပွဲထွက် ၁၁ ဦးအဖြစ် ကစားစေခဲ့သည်။

မသန်စွမ်း အားကစားသမားများကလည်း ရန်ပုံငွေ ခြေစမ်းပွဲများ မစတင်မီ အထူး အစီအစဉ်အဖြစ် ကစားခဲ့ကြသေး သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် MNL ကလပ်အသင်း ပိုင်ရှင်များက မသန်စွမ်း အားကစား အဖွဲ့ချုပ်အတွက် အလှူငွေ ဒေါ်လာ ၁ဝ,ဝဝဝ၊ ဘောလုံး အလုံး ၅ဝ နှင့် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ  ဦးမျိုးမြင့် နှင့် ကစားသမားများက လက်ခံရယူခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။