Saturday, August 18, 2012

 သတင်းလွတ်လပ်ခွင့်ကော်မတီမှ အချက် ၆ ချက်ပါ အထူးထုတ်ပြန် ကြေညာချက် ထုတ်ပြန်


သတင်းလွတ်လပ်ခွင့် ကော်မတီမှ အချက် ၆ ချက်ပါဝင်သော အထူးထုတ်ပြန် ကြေညာချက်တစ်ရပ်ကို သြဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ 
ယင်းထုတ်ပြန်ချက်ကို သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော  သတင်းလွတ်လပ်ခွင့်ကော်မတီ၏ လုပ်ငန်းဖြစ်မြောက်ရေး ဆပ်ကော်မတီအစည်းအဝေး အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ 

အဆိုပါထုတ်ပြန်ချက်၌ (၁) မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်း လွတ်လပ်ခွင့် မရှိသေးသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာသမားများက တည်ဆဲဥပဒေများနှင့် အညီ တရားဝင် ဆန္ဒခွင့် လျှောက်ထားမည်ဖြစ်သည်။ ဆန္ဒပြမည့်နေရာမှာ မြို့တော်ခန်းမအနီးဖြစ်ပြီး ဆန္ဒပြခွင့်ကို သြဂုတ်လ ၂၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် လျှောက်ထားမည်ဖြစ်သည် (၂) သြဂုတ် ၂၂ ရက်နေ့တွင် Press Freedom အမှတ်တံဆိပ်ပါ အမည်းရောင် ဦးထုပ်များကို သတင်း မီဒီယာသမားများထံ ဖြန့်ဝေမည် ဖြစ်ပြီး ယင်းအမည်းရောင် ဦးထုတ်များကို ၀တ်ဆင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် မရသေးသည်ကို ဖော်ထုတ်ရန်ဖြစ်သည် (၃) သြဂုတ် ၂၃ ရက်နေ့ ဒဂုံမြို့နယ် တရားရုံးတွင် The Voice Weekly ရင်ဆိုင်နေရသော အမှုအတွက် စွဲချက် တင်သင့် ၊ မတင်သင့် တရားရုံးက ဆုံးဖြတ်မည်ကို Press Freedom တံဆိပ်ပါ အမည်းရောင် ဦးထုပ်  နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက် သတင်းယူကြမည်ဖြစ်သည် (၄) သြဂုတ် ၂၄ ရက်နေ့ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသော လျှပ်တပြက် ဂျာနယ်အမှုကို Press Freedom တံဆိပ်ပါ ဦးထုပ် နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက်သတင်း ယူကြရန် ဖြစ်သည် (၅) သြဂုတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်၌ တော်ဝင်နှင်းဆီတွင် သတင်းလွတ်လပ်ခွင့် မရရှိသေးသည့် ကိစ္စ ၊ ဆင်ဆာ မဖျက်သိမ်းသည့် ကိစ္စ ၊ မီဒီယာ ဥပဒေကို မီဒီသမားများအား အသိမပေးဘဲ ရေးဆွဲ နေမှုအပါအ၀င် သတင်းမီဒီယာထိန်းချုပ်နေမှုများကို ဖယ်ရှားပေးရန် ကိစ္စနှင့် ပတ်သက်သော အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည် (၆) ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် ရရှိရေး ၊လိုအပ်သော လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည် အစရှိသော အချက်များပါဝင်ပါသည်။ 
သတင်းလွတ်လပ်ခွင့် ကော်မတီက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒပြရန် တရားဝင် လျှောက်ထားမည်ဟု ဖော်ပြခဲ့သည့်နည်းတူ သတင်းလွတ်လပ်ခွင့် ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးကလည်း ဥပဒေပါ အခွင့်အရေးအတိုင်း ဆန္ဒပြခွင့်လျှောက်မည် ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ 
“အခုလက်ရှိအခြေအနေမှာတင်ပဲ အမြုတေ စာနယ်ဇင်းကောင်စီ အသက်မ၀င်လို့ စာပေစိစစ်ရေး မဖျက်ပါဘူးဆိုပြီး ပြန်ကြားရေးက အကြောင်းကြားတယ်။ ဒီမိုကရေစီစနစ် မှန်လို့ရှိရင် ဆင်ဆာဆိုတာ မရှိသင့်ဘူး။ ကျင့်ဝတ်နဲ့အညီ လုပ်ကိုင် သတင်းရေးသားနေတဲ့ မီဒီယာတွေကို အစိုးရကိုယ်တိုင်တရားစွဲတာမျိုး မလုပ်သင့်ဘူး။ မီဒီယာဥပဒေကို သတင်းသမားတွေကို မပြောဘဲ ရေးဆွဲတာမျိုးတွေ။ အဲဒီလို သတင်း လွတ်လပ်ခွင့်ကို ထိပါးတဲ့ အပြုအမူတွေကြောင့် သတင်းသမားတွေအနေနဲ့  ဥပဒေပါအခွင့်အရေးအတိုင်း ဆန္ဒပြခွင့်လျှောက်မှာပါ” ဟု သတင်းလွတ်လပ်ခွင့် ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးက ဧရာဝတီ သတင်းဌာန သို့ပြောကြားခဲ့သည်။ 
ထို့အပြင် သတင်းလွတ်လပ်ခွင့် ကော်မတီ၏ အထူးထုတ်ပြန်ကြေညာချက်ကို လျှပ်တစ်ပြက်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကလည်း ထောက်ခံခဲ့ပါသည်။ "လေးစားတယ်ရဲဘော်တို့ အောင်ပွဲဆိုတာတိုက်ရဲသူအတွက်" ဟု ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက်နှာတွင် မှတ်ချက်ပေးခဲ့သည်။ 
သတင်းလွတ်လပ်ခွင့် ကော်မတီ၏ အထူးထုတ်ပြန်ကြေညာချက်ပါ သတင်းသမားများ ဆန္ဒပြခြင်းနှင့် စုရုံးခြင်းအပေါ် မထောက်ခံကြောင်း Eleven Media Group က သြဂုတ်လ ၁၇ ရက်နေ့တွင် သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့သည်။ ဂျာနယ်လစ်များ မကြာခဏ ဆန္ဒပြခြင်း၊ စုရုံးခြင်းနှင့် ပတ်သက်၍ Eleven Media Group ၏ သဘောထားဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါထုတ်ပြန်ချက်တွင် အချက်လေးချက်ပါဝင်ခဲ့ပြီး (၁)သတင်းလွတ်လပ်ခွင့် ကော်မတီ၏ တောင်းဆိုချက် ခုနှစ်ချက်ကို ထောက်ခံသော်လည်း ဆန္ဒပြမည့် ကိစ္စရပ်ကို Eleven Media Group အနေဖြင့် မထောက်ခံပါ (၂) ဂျာနယ်လစ်များအနေဖြင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကဲ့သို့ ဆန္ဒပြခြင်း၊ စုရုံးခြင်းများကို မကြာခဏ မပြုလုပ်သင့်ကြောင်း ရှုမြင်ပါသည် (၃) ဂျာနယ်လစ်များသည် နိုင်ငံရေး လုပ်ကိုင်သူများ မဟုတ်သဖြင့် လတ်တလော အခြေအနေများအပေါ် မူတည်၍ နိုင်ငံရေး အလုပ်နှင့် မီဒီယာအလုပ်ကို ခွဲခြားသိမြင်သင့်ကြောင်း ယူဆပါသည် (၄) ဂျာနယ်လစ်များသည် နိုင်ငံရေး သမားများကဲ့သို့ ဆန္ဒပြတောင်းဆိုခြင်းမျိုးကို နိုင်ငံရေး နည်းလမ်းဖြင့် မကြာခဏ မလုပ်ဆောင်သင့်ကြောင်း အကြံပြုအပ်ပါသည် အစရှိသော အချက်များ ဖြစ်ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။