Wednesday, July 25, 2012

ကျပ်သိန်း(၂၀၀)အထက်ကား ရန်ကုန်တွင် အရောင်းအ၀ယ်မရှိသလောက်ဖြစ်လာ

ရန်ကုန်ကားဈေးကွက်တွင် ဇူလိုင်လတတိယအပတ်အတွင်း၌ ငွေကျပ် သိန်း ၁၂၀နှင့် ၁၆၀ ဝန်းကျင်ရှိ အောက်ကားများသာ အနည်းငယ်အရောင်းအဝယ်ဖြစ်နေပြီး ငွေကျပ်သိန်း(၂၀၀)အထက် အပေါ်ကားများမှာ အရောင်းအဝယ် လုံးဝမရှိသလောက်ဖြစ်နေကြောင်း ကားအရောင်းအဝယ်ဈေးကွက်အတွင်းက သိရသည်။     “ရောင်းနေရတဲ့ကားတွေကတော့ ၁၄၀ ဝန်းကျင်ပိုင်းပဲ။ အောက်ကားလေးတွေပါ။ ရောင်းရတယ်ဆိုတာ တစ်လလုံးနေမှ တစ်စီး၊ နှစ်စီးလောက်ကိုပြောတာနော်။ အပေါ်ကားတွေက အဲလောက်ကိုမရှိတာ။ အမေးတွေပဲရှိတယ်”ဟု လုပ်သက် ၁၅နှစ်ဝန်းကျင်ရှိ ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကျော်ကပြောသည်။     ကားဈေးကွက်အတွင်း ကားဈေးနှုန်းများတည်ငြိမ်လျက်ရှိနေပြီး လက်ရှိအချိန်တွင်ရောင်းသူနှင့်ဝယ်သူကြား ဈေးနှုန်းညှိနှိုင်းမှု အဆင်မပြေခြင်းများကြောင့် ကားအရောင်းအဝယ်အေးစက်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။     “ကားအရောင်းအဝယ်ကတော့ ထင်သလောက်ကို ဖြစ်မလာပါဘူးဗျာ။ တစ်စီးစနှစ်စီးစလောက်ပဲ ရောင်း နေရတာ။ ဘယ်လောက်ကြာနေပြီလဲ ဒီလိုမျိုးအေးနေတာ။ ရောင်းတဲ့သူဘက်ကလဲ ရှုံးမှာကြောက်လို့ ပေါက်ဈေးထက် မလျော့ချင် ဝယ်သူဘက်ကလဲ အောက်ဈေးကိုနှိုက်နဲ့ အရောင်းအဝယ်ကိုမဖြစ်ဘူး”ဟု ဟံသာဝတီကားရောင်းဝယ်ရေးစခန်းရှိ ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးသန်းနိုင်က ပြောသည်။     ထိုကဲ့သို့ ကားအရောင်းအဝယ်အေးစက်နေခြင်းမှာ (၄)လခန့်ရှိနေပြီဖြစ်ပြီး ပြင်ပကားလောကတွင်သာမက   မော်တော်ကားအရောင်းပြခန်းများ၌ပါ အရောင်းအဝယ်နည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။     “ဝယ်မယ့်သူတွေဘက်က ဈေးအကျကိုစောင့်နေတာ။ အစိုးရဘက်က ကားနဲ့ပတ်သတ်တဲ့ မူဝါဒနောက်တစ်ခု ထပ်မပြောင်းမချင်း ကားဈေးကျဖို့မမြင်ဘူး။ ဝယ်သူတွေကလဲ အဲဒီ့မူဝါဒတစ်ခုခုကို မျှော်နေတယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ အရောင်းအဝယ်ကအေးနေတာလေ။ ကားဈေးကွက်အေးတာနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ ဒီလိုပဲသုံးသပ်ပါတယ်”ဟု လက်ရှိကားအရောင်းအဝယ်ရပ်တန့်နေခြင်းနှင့်ပတ်သတ်၍ Myo Motor Services co.ltd မှ Director ဦးအောင်မျိုးဝင်းက သုံးသပ်ပြောဆိုသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။