Wednesday, July 25, 2012

 မြန်မာ့ရေနံချက် စက်ရုံများကို နိုင်ငံခြားလုပ်ငန်းနှင့် ပုဂ္ဂလိက လုပ်ငန်းများသို့ လွှဲပြောင်းသွားမည်ဖြစ်ပြီး သန်လျင် ရေနံချက်စက်ရုံကို ပထမဆုံးလွှဲပြောင်း လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေ

မြန်မာ့ရေနံချက် စက်ရုံများကို နိုင်ငံခြားလုပ်ငန်းများနှင့် ပုဂ္ဂလိက လုပ်ငန်းများသို့ လွှဲပြောင်းလုပ်ကိုင် ခွင့်ပြုသွားမည်ဖြစ်ပြီး သန်လျင်ရေနံချက်စက်ရုံကို ပထမဆုံးလွှဲပြောင်း ပေးနိုင်ရန် စီစဉ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန စွမ်းအင်စီမံကိန်းဦးစီး ဌာနမှ သတင်းရရှိပါသည်။

“ရေနံချက်စက်ရုံတွေက အိုနေပြီ။ ရေနံစိမ်း ထုတ်လုပ်မှုရော သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုပါ ပိုတိုးတက်  လာပေမယ့် ရေနံစိမ်းချက်လုပ်မှုက ကျဆင်းနေပါတယ်။ ဒါကြောင့် ရေနံချက်စက်ရုံတွေကို နိုင်ငံခြားလုပ်ငန်း ဒါမှမဟုတ် ပုဂ္ဂလိကလုပ်ငန်းတွေကို လွှဲပြောင်းမှာပါ။ ရေနံချက် စက်ရုံသုံးရုံထဲက သန်လျင်ရေနံချက် စက်ရုံကို စတင်လွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်”ဟု စွမ်းအင်စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံသုံးရုံရှိပြီး သန်လျင်ရေနံချက်စက်ရုံ၊ မန်းသံပရာကန် ရေနံချက်စက်ရုံ နှင့် ချောက်ရေနံချက်စက်ရုံတို့ဖြစ်ကြောင်းနှင့် ထိုစက်ရုံများမှ ရေနံစိမ်းချက်လုပ်မှုမှာ တစ်နေ့လျှင် စည် ၇၅၀၀နှင့် လေဆီ(အကျဲစားရေနံ) ချက်လုပ်မှုမှာ တစ်နေ့လျှင် စည် ၁၁၀၀၀ရှိပြီး လေဆီကို သန်လျင် ရေနံချက်စက်ရုံမှ ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ သန်လျင်ရေနံချက် စက်ရုံအား နိုင်ငံခြားလုပ်ငန်းနှင့် ပုဂ္ဂလိကလုပ်ငန်းများသို့ လွှဲပြောင်း လုပ်ကိုင်ရန်အတွက် ယခုနှစ်အတွင်း နိုင်ငံတကာသို့ ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း၊ မူအားဖြင့်  နိုင်ငံခြားလုပ်ငန်းနှင့် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်မှုကို အားပေးလိုသော်လည်း   ပြည်တွင်းလုပ်ငန်းများတွင် ရေနံချက်စက်ရုံ လုပ်ကိုင်နိုင်သည့် အတွေ့ အကြုံ၊ အရင်းအနှီး၊ နည်းပညာ စသည်တို့ လိုအပ်နေကြောင်း အဆိုပါတာဝန်ရှိသူက ထင်မြင်ချက်ပေးပါသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရေနံစိမ်းစည်ထောင်ပေါင်း ၇၁၅၆ ဒသမ ၆ ထုတ်လုပ်ရန် ရည်မှန်း ထားပြီး ကုန်းတွင်း လုပ်ကွက်မှ စည်ထောင်ပေါင်း ၃၄၃၅ ဒသမ ၆ နှင့် ကမ်းလွန်မှ ရေနံစိမ်းစည်ထောင် ပေါင်း၃၇၂၁ ထုတ်လုပ်ရန်ဖြစ်ကြောင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း၊ စွမ်းအင်ကဏ္ဍထုတ် လုပ်ရေးရည်မှန်းချက်အရ သိရှိရသည်။
ထို့အတူ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်း ဒေသကြီး၌ ကမ်းလွန်လုပ်ကွက် များမှ ရေနံစိမ်း ပိုမိုထုတ်လုပ်နိုင်မည်ဟုလည်း ခန့်မှန်းထားပြီး မကွေးတိုင်းဒေသကြီးတွင် သာကြီး တောင်ရေနံမြေ၊ ချောက်ရေနံမြေ၊ ရေနံချောင်း ရေနံမြေတို့တွင်လည်း ရေနံတွင်းသစ်များ တိုးချဲ့ထူထောင် ခြင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ရွှေတောင်ရေနံမြေ၊ ဧရာဝတီတိုင်းဒေသ ကြီးတွင် ညောင်တုန်းရေနံမြေတို့ကို တိုးချဲ့ ထူထောင်သွားရန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ရေနံစိမ်းထုတ်လုပ်မှု တိုးမြှင့်နိုင်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းများကို ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ ချထားပေးလျက်ရှိပြီး လက်ရှိ ရေနံချက်စက်ရုံသုံးရုံကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်မည့် အပြင် ရေနံချက်စက်ရုံသစ်များကိုလည်း တည်ထောင်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ ထို့ပြင် အာဆီယံရေနံကောင်စီ အမျိုးသားကော်မတီ အဖွဲ့ASCOPE (ASEAN Council on Petroleum) နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ ထုတ်လုပ်ရေး၊ ချက်လုပ်ရေး၊ ရောင်းဝယ်ဖောက်ကားရေး စသည့် လုပ်ငန်းများအတွက် နည်းပညာဖလှယ်ရေး၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးပစ္စည်းများ မျှဝေ အသုံးချရေးတို့ကို ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။